Wednesday, September 9, 2009

အလကားကောင်ရဲ့ ငြိမ်းချမ်းရေး (ဖင်မနိုင်ဘဲ ပဲကြီးဟင်း သောက်ခြင်း)

September 9, 2009
ဂါမဏိ

၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ နအဖ အခြေခံဥပဒေ အသက် ဝင်လာတဲ့အခါ နိုင်ငံတော် အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီဆိုတဲ့ နအဖ စစ်ကောင်စီကို ဖျက်သိမ်းမှာ ဖြစ်ပါတယ်။ အဲဒီအခါ တနိုင်ငံလုံးကို အကြွင်းမဲ့ ချုပ်ကိုင်နေတဲ့ စစ်ကောင် စီနေရာမှာ ရွေးကောက်ပွဲ ကနေ တက်လာမယ့် ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်ထောင်စု အစိုးရတို့က တိုင်းပြည်ကို ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီနဲ့ တကယ်ပဲ ချုပ်ကိုင် ဦးစီးတော့မှာလား။ လက်တွေ့မှာတော့ နအဖ အခြေခံ ဥပဒေအရ လွှတ်တော်တွေ၊ အစိုးရတွေ အထက်မှာ အာဏာကို အကြွင်းမဲ့ ချုပ်ကိုင် ထားမှာက “အလကားကောင်” လို့ခေါ်တဲ့ “အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ” ပဲ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံဥပဒေ ပုဒ်မ ၂ဝ၁ မှာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီလို့ တရားဝင် နာမည်ပေးထားတဲ့ "အလကားကောင်" မှာ အဖွဲ့ဝင် ၁၁ ယောက်ပါပြီး အနည်းဆုံး ၆ ယောက် (တပ်ချုပ် ၁၊ ဒုတပ်ချုပ် ၁၊ ဒုသမတ ၁၊ ကာကွယ်ရေး ဝန်ကြီး ၁၊ ပြည် ထဲရေးဝန်ကြီး ၁၊ နယ်စပ်ရေးရာ ဝန်ကြီး ၁) ကို စစ်တပ်က သပိတ်ဝင် အိပ်ဝင် နေရာ ယူထားမှာ ဖြစ်ပါတယ်။ အရပ်သား အများ ဆုံး ၅ ယောက် (သမတ ၁၊ ဒုသမတ ၁၊ နိုင်ငံခြားရေးဝန်ကြီး ၁ နဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂) အထိသာ ပါနိုင်တဲ့ ကောင်စီထဲမှာ “စည်းကမ်းပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ်” အရ ရွေးကောက်ခံ မဟုတ်တဲ့ အများစုကို နာခံရမှာ ဖြစ်ပါတယ်။ အဲဒီ အများစု ၆ ယောက်ဟာ စစ်ထုံးစံအရ တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတာ ဖြစ် ပါတယ်။ ဒီတော့ အရပ်သား သမတဖြစ်စေ၊ အရပ်သား လွှတ်တော်ဥက္ကဋ္ဌတွေ ဖြစ်စေ၊ ရွေးကောက် ခံရတာဖြစ်စေ အလိုအလျောက် တပ်ချုပ်ကို အကြွင်းမဲ့ နာခံရတော့မှာ ဖြစ်ပါတယ်။

ဒီတော့ကာ အလကားကောင်ဟာ တိုင်းပြည်မှာ ဘာလုပ်မှာလဲ၊ ဘယ်လောက် အာဏာရှိမလဲ။ ပုဒ်မ ၂ဝ၁ မှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သော်လည်းကောင်း၊ ဥပဒေ တရပ်ရပ်အရ သော်လည်းကောင်း တာဝန်များ ထမ်းဆောင်မယ်လို့ ရေးထားပါတယ်။ ၇၅ ရာခိုင်နှုန်း ဟန်ပြ ဒီမိုကရေစီ ရှိမယ့် လွှတ်တော်ဆိုတာက အလကားကောင်ကို အာဏာ ပေးမယ့်ဥပဒေ မပြဋ္ဌာန်းရင်လည်း အနိမ့်ဆုံး အနေနဲ့ ၂ဝဝ၈ အခြေခံ ဥပဒေမှာ ပုဒ်မ ၂ဝ၄ လွတ်ငြိမ်း ချမ်းသာခွင့်၊ ပုဒ်မ ၂ဝ၆ နိုင်ငံခြားရေး၊ ပုဒ်မ ၂၁၃ စစ်ရေး၊ ပုဒ်မ ၃၄ဝ အဓမ္မလုပ်အား ပေးခိုင်းခွင့်၊ ကလေးစစ်သား ကောက်ခွင့် အပါအဝင် လုပ်ချင်ရာ လုပ်ခွင့်၊ ပုဒ်မ ၃၄၂ တပ်ချုပ်ခန့်ခွင့် နဲ့ အဓိကအားဖြင့် အခန်း ၁၁ အရ အရေးပေါ် အခြေအနေ ကြေညာ အာဏာသိမ်းခွင့် အာဏာ ထိန်းခွင့် တွေကတော့ ရပြီးသား ဖြစ်ပါတယ်။

လုံခြုံရေးနဲ့ကာကွယ်ရေး နာမည်ခံထားတဲ့ အလကားကောင် လက်ထက်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေး မီးသေနိုင်ဖို့ လက်ရှိ ငြိမ်းချမ်းရေး အဖွဲ့တွေကို မနည်းထိန်းရ ချော့ရ ဖိအား ပေးနေရပေမဲ့ ဖင်မနိုင်တဲ့ အခြေအနေ ရောက်နေတာ မြင်မကောင်း ရှုမကောင်း တွေ့နေ ရပါတယ်။

အင်အားတောင့်တဲ့ ငြိမ်းအဖွဲ့တွေ၊ မျိုးချစ်စိတ်ထက် သန်တဲ့ ငြိမ်းအဖွဲ့တွေ ကတော့ ပါတီ၊ တပ်နဲ့ နယ်မြေကို မလိမ့် တပတ်နဲ့ အပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်တပ် အကြံကို ခတ်ရှင်းရှင်းဘဲ ပယ်ချ ကြတယ်။ ဝပြည်သွေးစည်း ညီညွတ်ရေး ပါတီ၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ကိုးကန့်)၊ မြန်မာပြည် အမျိုးသား ဒီမိုကရေစီ တပ်မတော် (ရှမ်းအရှေ့ အထူး ၄)၊ ရှမ်းပြည်တပ်မတော်၊ မွန်ပြည်သစ် ပါတီ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့၊ ကယန်းပြည်သစ် ပါတီ၊ ကချင် ကာကွယ်ရေးတပ် (မထုနော်အဖွဲ့) တို့ဟာ ငြိမ်းချမ်းရေး စလုပ်တုံးက သဘောတူထားတဲ့၊ နောင်တချိန်မှာ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးခွင့် ရရေးကို ကိုင်စွဲ ထားပါတယ်။

နယ်ခြားစောင့်တပ်လုပ်မယ်ပြောတဲ့ ငြိမ်းအဖွဲ့ တွေကလည်း တဖက်မှာ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေ ပြန်လုပ် နေပါတယ်။ လွှတ်တော်ထဲ ရွေးကောက် မခံဘဲ အမတ်လုပ်မယ့် စစ်တပ် ခွဲတမ်း ၂၅ ရာခိုင်နှုန်းထဲမှာ ငြိမ်းအဖွဲ့တွေ ပါခွင့်၊ ပါတီ အဖွဲ့အစည်းနဲ့ နယ်မြေ ဖျက်သိမ်းပြီး အသက် ၅ဝ အောက် တပ်ဖွဲ့ဝင်တွေကိုဘဲ နယ်ခြားစောင့်တပ် လုပ်မယ်လို့ နအဖ က ပြောနေတဲ့ ကြားက ပြည်နယ် တခုလုံးမှာ ရှိတဲ့ နယ်ခြား ဂိတ်တွေ အကုန်လုံးကို လုံးဝ လက်ဝါးကြီးအုပ် အခွန်ကောက်ခွင့်၊ နယ်ခြားစောင့် တပ်ရင်း အဆင့်တင် မဟုတ်ဘဲ နယ်ခြားစောင့် တပ်မဟာ နယ်ခြားစောင့် တပ်မ နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ် ဖွဲ့ခွင့်၊ အသက် ၅ဝ ကျော် ငြိမ်းအဖွဲ့ ဗဟိုကော်မတီတွေ အနေနဲ့ နယ်ခြားစောင့် တပ်မဟာမှူး နယ်ခြားစောင့် တပ်မမှူး နယ်ခြားစောင့် တိုင်းမှူးအဆင့် ရခွင့်တွေ တောင်းနေကြပါတယ်။

တချိန်တုံးကရှိခဲ့တဲ့ ကရင်သေနတ်ကိုင် တပ်ရင်း၊ ကချင် သေနတ်ကိုင် တပ်ရင်း၊ ချင်း သေနတ်ကိုင် တပ်ရင်း စတဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ပေးခဲ့တဲ့ တိုင်းရင်းသား သေနတ်ကိုင် တပ်ရင်းတွေကို နဝတ-နအဖ လက်ထက်မှာ အပြီးအပိုင် ဖျက်သိမ်းခဲ့ပြီးမှ အခုတခါ တိုင်းရင်းသား တပ်မဟာတွေ၊ တိုင်းရင်းသား တပ်မတွေကို ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး တို့က ခွင့်ပြုမယ်လို့ စိတ်ကူးယဉ်နေရင် လုံးလုံး မှားပါလိမ့်မယ်။ လူ ၃ဝဝ ကျော် တပ်ရင်းမှာ အရေးကြီးတဲ့ နေရာ ၃ဝ လောက်ကို ဗမာစစ်တပ်က ကိုင်ထားနိုင်တဲ့ အတွက် နယ်ခြားစောင့် တိုင်းရင်းသား တပ်မဟာတွေ တပ်မတွေအထိ ဖွဲ့ခွင့်ပေးဖို့ အလကားကောင် တို့က မစဉ်းစားပါဘူး။

ဒီနေရာမှာ အလကားကောင်ရဲ့ အရင်းခံ အတွေးအခေါ်ကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အလကားကောင်လို ဖက်ဆစ်တွေရဲ့ အတွေး အခေါ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အရာရာကို အကြွင်းမဲ့ လက်ဝါးကြီး အုပ်ရေး ဖြစ်ပါတယ်။ အပြင်းထန်ဆုံး၊ အစွန်းအရောက်ဆုံး အတ္တ ကိုယ်ကျိုး ကြည့်မှုဟာ အလကားကောင်လို ဖက်ဆစ်တွေမှာ ခြေဆုံး ခေါင်းဆုံး ပြည့်နှက် နေပါတယ်။ ဒါ့ကြောင့် သူတို့ဟာ အဲဒီ လက်ဝါးကြီးအုပ် အကျိုးစီးပွားကို ထိခိုက်စေမယ့် အရာ အားလုံးကို အပြင်းအထန် မုန်းတီး ဆန့်ကျင်ကြပါတယ်။ ဖက်ဆစ်တွေ၊ ကျဉ်းမြောင်းတဲ့ အစွန်းရောက် တွေရဲ့ ဒဿနဟာ လောဘကို အခြေခံတဲ့ အဘိဇ္ဈာဝါဒ၊ မစ္ဆရိယ စိတ်ဓာတ် နဲ့ အမုန်းတရား ဒဿန Hate ideology or Hate philosophy ဖြစ်ပါတယ်။ မိမိတို့ရဲ့အတ္တ၊ မိမိတို့ရဲ့ ကိုယ်ကျိုးကို ထိခိုက် ခြိမ်းခြောက်တာ မှန်သမျှကို စိတ္တဇ ရောဂါ ဖြစ်နေသလိုမျိုး ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန် ကြမ်းတမ်းလှတဲ့ မုန်းတီးမှု ဖြစ်ပါတယ်။

ဒါကြောင့် ဒီအမုန်းတရားအခြေခံအောက်မှာ ကိုယ့်လူမျိုး အချင်းချင်း ဖြစ်ပစေ၊ လူမျိုးကွဲ ဖြစ်ပစေ၊ ကျောင်းသား ဖြစ်ပစေ၊ ရွာသားဖြစ် ပစေ၊ ရဟန်းသံဃာ ဖြစ်ပစေ ရက်ရက် စက်စက် သတ်ဖြတ်ဖို့၊ လက်စတုံး ရှင်းပစ်ဖို့ လုံးဝ ဝန်မလေးပါဘူး။ ဂျာမန် ဖက်ဆစ်ခေါင်းဆောင် ဟစ်တလာ က ဂျူးလူမျိုး ၆ သန်းကျော်ကို သွေးအေးအေး သတ်ပစ်ခဲ့တာ လူသိများပါတယ်။ ဒါပေမဲ့ ဟစ်တလာက (ဗမာပြည်က ကြံ့ ဖွတ်-စွမ်းအားရှင်နဲ့ သဏ္ဍာန်တူတဲ့) သူ့နာဇီ ပါတီဝင် ဂျာမန်လူမျိုး ရှပ်ညို တပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီပြီးသတ်၊ ထောင်နဲ့ချီပြီး ထောင်ချ ပစ်ခဲ့တာက ဖက်ဆစ်တွေရဲ့ လက်ဝါးကြီး အုပ်ဝါဒ အဘိဇ္ဈာဝါဒကို ပိုပြီး ထင်ထင်ရှားရှား ပြနေပါတယ်။

ဗမာပြည်မှာကြည့်ရင်လည်း ၈၈ မတိုင်မီမှာ မဆလပါတီဟာ စစ်တပ်ကို ပြိုင်ဖက်ဖြစ်လာ ပုခုံးချင်း ယှဉ်လာလို့ ၈၈ အာဏာသိမ်းပွဲ ကျတော့ ဗိုလ်နေဝင်းနဲ့ ဗိုလ်စောမောင်တို့က မဆလပါတီကို အမှိုက်ပုံးထဲ ထည့်လိုက်တာလည်း အားလုံး အသိပါဘဲ။ ဒီကနေ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရှေ့နေ လိုက်ထောက်ခံ ပေးနေတဲ့ တင်မြ၊ ချမ်းအေး အစရှိတဲ့ ကွန်မြူနစ် ပျက်တွေဟာလည်း ၁၉၇၄ ရွေးကောက်ပွဲကို အားတက်သရော ထောက်ခံခဲ့ပေမဲ့ ၁၀ နှစ်တောင် မကြာဘဲ နေဝင်းက ပြတ်ပြတ်သားသား ကန်ထုတ်လိုက်တာ ခံခဲ့ရ ရှာပါတယ်။ သန်းရွှေက နေဝင်း ဂိုဏ်းသားတွေကို အပြတ်ရှင်းတာ၊ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အဖွဲ့တွေကို ကျူပင်ခုတ် ကျူငုတ်မကျန် ရှင်းတာ တွေလည်း အထင်အရှား ရှိပါတယ်။ တပ်မဟာ ၇ စစ်ဆင်ရေးမှာ ခေါင်းဆောင်ခဲ့သူ (ကရင် ဂျိမ်းစဘွန်းလို့ မြှောက်စား ခံခဲ့ရတဲ့) လက်မရွံ့ ပါးကွက်သားကို နောက်တန်း အပြန်လမ်းမှာ ရှင်းပစ် လိုက်တာဟာ ဖက်ဆစ်တွေရဲ့ ထူးသော်လည်း မဆန်းလှတဲ့ ထုံးတမ်းစဉ်လာ လုပ်ကွက်တွေ ဖြစ်ပါတယ်။

အရာကိစ္စတိုင်းကို အမုန်းတရား အခြေခံ စဉ်းစားတဲ့ အတွက် ဖက်ဆစ်တွေရဲ့ အဘိဓာန်မှာ အပေးအယူ အလျှော့အတင်းလုပ် စေ့စပ် ဖြေရှင်းခြင်း ဆိုတဲ့ ဝေါဟာရ မရှိပါဘူး။ “နိုင်နေတုံး ရှုံးဖို့ မချန်တာ”၊ “သေတာသွားတယ် ချီးပန်းမရပ်တာ” ဟာ ဖက်ဆစ် လက္ခဏာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ပေါ်ခဲ့ဖူးတဲ့ ဖက်ဆစ် အာဏာရှင် မှန်သမျှ စေ့စပ်ဆွေးနွေး နှလုံးရည် တိုက်ပွဲ ဆင်ခံရလို့ ပလ္လင်ပေါ်က ဆင်းသွားတာ တယောက်မှ မရှိခဲ့ပါဘူး။

ဒါပေမဲ့ အလကားကောင်ရဲ့ ဗမာပြည်နဲ့ ဟစ်တလာရဲ့ ဂျာမဏီပြည် မတူတဲ့ အချက်တွေ ကြီးကြီးမားမား ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ် ပေါင်း ၇ဝ ကျော်က ဟစ်တလာ လက်ထက် ဂျာမဏီပြည်မှာ နာရီ တိုက်ချင်ရင် ဘူတာရုံမှာ မီးရထား ဆိုက်တဲ့ အချိန်နဲ့ နာရီ တိုက်နိုင်တယ်လို့ နာမည်ကြီးတဲ့ အထိ ကမ္ဘာ့ထိပ်တန်း အဆင့် စီမံ ခန့်ခွဲမှုစွမ်းရည် ရှိခဲ့ပါတယ်။ ၂ဝ၁ဝ အလကားကောင် ဆီမှာတော့ အရပ်ဘက် ဌာနဆိုင်ရာတွေ မပြောနဲ့၊ လေတပ် ရေတပ်တွေတောင် လေယာဉ်ဆီ ထုတ်ရောင်း သင်္ဘောဒီဇယ် ဖောက်ရောင်း ဘဝမျိုးဆိုတော့ နယ်ခြားတပ် စီမံကန်းတင်မက နျူကလီးယား စီမံကိန်း၊ တိုက်ချင်းပစ် ဒုံးပျံစီမံကိန်းတွေ လုပ်ဦးမယ်ဆိုရင် ‘ရှေ့ ၄ နောက် ၆ ငါပါ ၁၁ ယောက်’ ဘဲဖြစ်မှာ အောက်ကြေးကတောင် လောင်းရဲပါရဲ့။

ဂါမဏိ


0 comments:

အပေါ်သို့