Tuesday, November 17, 2009

ဘဝချင်းမတူတော့သည့် တရုတ်ပြည်

Written by ဘိုဘိုလန်းစင်


ဦးမြင့်သိန်း မော်စီတုန်းထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်စဉ် (ဒေါက်တာသိန်းအုပ်ကျော်မြင့်မှ ကျေးဇူးပြုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တနည်း တရုတ်နီဟုလဲသိကြသော နိုင်ငံ ထူထောင်သည်မှာ အနှစ်၆၀ ရှိပီ ဆိုသော်ငြား မြန်မာပြည်တွင်ကား ဤ ၆၀ပြည့်ပွဲကို စိတ်ဝင်တစား ဝမ်းပါးမည့်သူ အလွန် ရှားပါးပါလိမ့်မည်။ အိုဘားမား နန်းတက်ပွဲ ပရိသတ်နှင့် လားလားမှ မဆိုင်ဘဲ ဘဝချင်း မတူတော့သည့် တရုတ်ပြည်ကို စီးပွားရေး နယ်ချဲ့ တမျိုးဟု မြင်သူသာ များပါ၏။ ဆွေမျိုးပေါက်ဖော်ဟု မည်သို့ပင် ဆိုစေကာမူ စင်စစ် ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဝါဒချင်း ပြိုင်ရုံသာမက ကြီးနိုင်ငယ်ညှဉ်း လက္ခဏာ ဆောင်သည့် ကာလများလဲ မကင်းခဲ့။ ပမာဆောင်ရလျှင် မြို့သား လူလည်က တောသားကို အညွန့် ခူးစားသည့် ပမာတည်း။

ထိုတိုင်းပြည်နှင့်ပတ်သက်၍ ခေတ်အဆက်ဆက် မြန်မာ ပညာတတ် လူတန်းစား၏ ထင်မြင်ချက် ပြောင်းလဲ လာပုံကိုလဲ ပြန်ပြောင်း မြင်ယောင်မိပါ၏။ တရုတ်နီဟု မဖြစ်ခင် အနှစ်လေးဆယ် လောက်ကပင် သူရိယ စသည့် ခေတ်သစ် သတင်းစာများ ကျေးဇူးဖြင့် မန်ချူး ပဒေသရာဇ်ကို တော်လှန်ပီး တရုတ် သမ္မတနိုင်ငံ (ကိုမင်တန်) ဟူ၍ ဆွန်ယက်ဆင်က တိုင်းသစ်ပြည်သစ် ထူထောင်ပုံကို သိခဲ့ကြလေပီ။ စစ်မင်းများ ဗိုလ်လု နေကြသဖြင့် ချိနဲ့နေသော ထိုနိုင်ငံသစ်ကို ဖက်ဆစ်ဂျပန် ကျူးကျော်ခြင်းမှ တဆင့် စစ်ကူအဖြစ် အင်္ဂလိပ်က တရုတ်-ဗမာလမ်းမကြီး ဖောက်လေရာမှ မြန်မာပြည်နှင့် ပို၍ ဆက်ယှက် လာတော့သည်။ ထိုချိန်တွင် နဂါးနီ စာအုပ်အသင်းက ဆွန်ယက်ဆင်၏ သဘောတရား များကို မြန်မာလို ပြန်ဆိုထားပီး အမေရိကန် သတင်းစာဆရာ အဂ္ဂါစနိုး၏ တရုတ်ပြည်ပေါ်မှ ကြယ်နီ စာအုပ်ကလဲ လက်ဝဲဝါဒ စိတ်ဝင်စားသော တို့ဗမာသခင် ကျောင်းသားများ အကြား 'ပေါက်' လှသည်။


တရုတ်ဖြူနှင့် တရုတ်နီ နှစ်ပြည်ထောင်လုံးသို့ သံအမတ် ခန့်အပ် ခံရသူ ဦးမြင့်သိန်းကို ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အတူ ကိုမင်တန် ကျူးကျော်မှု အရေးတွင်လဲ ဂျပ်စတစ် မြင့်သိန်းပင် ကုလတွင် ဦးဆောင် အရေးဆိုခဲ့ရ၏။(ဒေါက်တာသိန်းအုပ်ကျော်မြင့်မှ ကျေးဇူးပြုသည်)

သခင်နု၏ ဂန္ဓာလရာဇ် (၁၉၄၀)ကို ပြန်ဖတ်လျှင် စစ်တွင်းမြို့တော် ချုံကင်းရှိ ဂျင်နရယ်လစ်ဇီမို ချန်ကေရှိတ်၏ အမျိုးသားရေး ဝါဒီ အစိုးရထံသို့ ဦးစွာ ပထမ သွားရောက်သော သခင်နု၊ ဒီးဒုတ် ဦးဘချို (ဖေဘီယန်ဆိုရှယ်လစ်)၊ ဒေါ်မြစိန်တို့ ချစ်ကြည်ရေး မိတ်ဆက် အဖွဲ့၏ လှုပ်ရှားမှုကို တွေ့ရလိမ့်မည်။ တို့ဗမာ အစည်းအရုံး ညွှန်ကြားချက်အရ တရုတ် ကွန်မြူနစ်ခေါင်းဆောင် မော်စီတုံး၊ ချူတေးတို့နှင့် တွေ့ရန် သခင်နု ကြိုးစားသော်လည်း တွေ့ခွင့် မသာခဲ့ပုံကို ထိုစာအုပ်၌ အတိအလင်းပင် ဖော်ပြထား၏။ ထို့နောက် တရုတ်ပြည်တွင် စာသင်နေသော ဖျာပုံသား တရုတ် သခင်တဦးမှ တဆင့် တရုတ် ကွန်မြူနစ်နှင့် ဆက်ရန် လက်ဝဲသခင်များ ကြိုးစား ခဲ့ပြန်သည်။ နောက်ဆုံး သခင်အောင်ဆန်းတို့ ဂျပန်အောက် ကျနေသည့် အမွိုင်တွင် တရုတ် ကွန်မြူနစ်နှင့် ဆက်သွယ်ရန် ကြိုးစားရင်း ဗမာ့ ထွက်ရပ်ဂိုဏ်းဝင် ဒေါက်တာဘမော်၏ လက်ျာ အုပ်စုမှတဆင့် ဗိုလ်မိုးကြိုးနှင့် တွေ့ကာ ဂျပန်သို့ ပါသွားလေ၏။

စစ်တွင်းက သခင်သိန်းဖေ(မြင့်) ခေါင်းဆောင်သည့် မြန်မာလက်ဝဲ သမားများ အိန္ဒိယ ကွန်မြူနစ် ပါတီနှင့် အလွမ်းသင့် ခဲ့သော်လဲ တရုတ်ဘက်နှင့် ပြောစမှတ် ဖြစ်စရာ ကူးလူးမှု မရှိခဲ့ပေ။ စစ်ပီးခေတ် ဗမာပြည် ကွန်မြူနစ် ပါတီက ဘရောက်ဒါ ဝါဒ လက်ခံသည်မှ အစ ပြည်တွင်း စစ်လမ်းစဉ်ကို လက်ခံသည် အဆုံး အိန္ဒိယ သြဇာ ကြီးခဲ့လှ၏။ လွတ်လပ်ရေး ရစကပင် နန်ကင်းရှိ ကိုမင်တန် အစိုးရနှင့် သံ ဆက်ခဲ့သော်လဲ ကွန်မြူနစ်ကို စစ်ရှုံးပီးရင်း ရှုံးနေသော ကိုမင်တန်မှာ မြန်မာပြည်က အာဏာရ ဖဆပလနှင့် ပုန်ကန်နေသည့် ကွန်မြူနစ်များ အဖို့ နယ်ချဲ့ နောက်မြီးဆွဲသာ ဖြစ်လေသည်။ ဂန်သာစတိန်းစသည့် အနောက်သတင်းစာ ဆရာများ၏ သုံးသပ်ချက်များကို ဖတ်ပီး ကွန်မြူနစ် တက်လာမည်ကို သိနေကြပီး ဖြစ်သည်။

ထို့ကြောင့် ၁၉၄၉ မော်စီတုံး ကွန်မြူနစ်အစိုးရ တက်လာပီး လပိုင်း အတွင်းမှာပင် မြန်မာ့ဆိုရှယ်လစ် (ဖဆပလ) အစိုးရက အသိအမှတ် ပြုလိုက်လေသည်။ ကွန်မြူနစ် ပုန်ကန်မှုနှင့် ရင်ဆိုင်နေရသည့် မြန်မာ အစိုးရအဖို့ အနောက်အုပ်စု အကြိုက် တရုတ်နီကို ဥပေက္ခာပြုရန် မဝံ့ပါချေ။ ထိုထက်ဆိုးသည်ကား စစ်ရှုံးလာသော တရုတ်ဖြူ တပ်ပြေးများ ရှမ်းပြည်နယ်နှင့် ထိုင်း-လာအို နယ်စပ်များတွင် အခြေချကာ တရုတ် ကွန်မြူနစ် ပြည်သစ်ကို ပြန်လည် ထိုးစစ်ဆင်ရန် အစပျိုးလာခြင်း ပင်တည်း။ တရုတ်ဖြူကို ဘယ်သူတွေ ထောက်ပံ့ ညွှန်ကြားနေသည်ကို သိလျက် ကုလသမဂ္ဂ၌ ဤကျူးကျော်မှုကို တိုင်ကြားသော အခါ အမျိုးအမည် မဖော်ပြနိုင်သော နိုင်ငံခြား တပ်များ ကျူးကျော်မှုကို ရှုတ်ချကြောင်း အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်နှင့်သာ ချောင်ထိုး ခံခဲ့ရလေသည်။ အမေရိကန်၏ ကွန်မြူနစ် ပိတ်ဆို့ရေး ပေါ်လစီအောင်မြင်ရန် အလို့ငှာ ဒုတိယ ကိုရီးယား အဖြစ်မခံလိုသည့် မြန်မာအစိုးရ အဖို့ ကုန်းဘောင်ခေတ်က မန်ချူးစစ်ကို နိုင်ခဲ့သော တိမ်ကြား မင်းခေါင်ထုံး နှလုံးမူပီး စစ်အင်အား တိုးချဲ့ကာ တရုတ်ဖြူကို နိုင်အောင် တိုက်ဖို့သာ ရှိတော့သည်။


ဝါးကန့်လန့်ကာနောက်မှ မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ (၁၉၅၂)

တဖက်ကလဲ တရုတ်နီက သခင်နု၏ ဖဆပလကို ဖောက်ပြန်ရေး သမား နယ်ချဲ့လူဟု သမုတ်နေ၏။ ပြည်တွင်းက လက်ဝဲ ပညာတတ်များ ကလဲ ကိုယ်တွေ့ တရုတ်ပြည်သစ်၊ နေရစ်တော့ ခေတ်ဟောင်းစသည့် ခရီးသွား မှတ်တမ်းများဖြင့် တရုတ်နီကို အာရှတိုက်၏ အလင်းရောင်အဖြစ် သိဒ္ဓိတင်နေကြချိန် ဖြစ်သည်။ ၁၉၅၀-၆၀ ပြည့်နှစ်များတခိုက ဗီယက်နမ်၊ လာအိုစသည့် အရှေ့ အိမ်နားနီးချင်းများ ဆီ၌ တရုတ်နီ စစ်ကူနှင့် အမေရိကန် ထီးရိပ်က ဆီးတိုးတပ်များ ထိပ်တိုက် တွေ့နေကြချိန်မို့ မြန်မာဆိုရှယ်လစ် အာဏာပိုင်များ အဖို့ နိုင်ငံတွင်း၌ မည်သည့် အင်အားကြီး နိုင်ငံကိုမှ မကြီးစိုးစေလိုပေ။ ထို့ကြောင့် ခင်နှင်းယု၏ ပန်းတိုင်းပွင့်သော တိုင်းပြည်၊ အိုင်စီအက်စ် ဦးကျော်မင်း၏ သံကန့်လန့်ကာ တွင်းသို့ နောက်ဖေးပေါက်မှ ဝင်ခဲ့စဉ်က (အင်္ဂလိပ်လို) စသည့် စာပေများ ထွက်လာခဲ့သည်။

တရုတ်ဖြူစစ်ဆင်ရေးအတွက် တိုးချဲ့ရသည့် ဗမာစစ်တပ် ခိုင်ဖီး လာချိန်နှင့် နိုင်ငံရေး သက်လုံ ကျလာသည့် ဖဆပလ ပြိုကွဲချိန်တို့ တိုက်ဆိုင်လာ၏။ ထို့ပြင် ၁၉၅၅ ဘန်ဒေါင်း ညီလာခံတွင် ကြားနေရေး ဝါဒကို ဦးဆောင် နိုင်ငံတခုအဖြစ် တရုတ်နီနှင့် ပူးတွဲ ကြေညာခဲ့သော မြန်မာကို အမေရိကန်က နိုင်ငံတကာ ကွန်မြူနစ် ဆက်သွယ်ရေး အကျိုးဆောင်ဟုသာ သဘောပိုက် လေသည်။ သို့အတွက် ဖဆပလ အကွဲကြောင့် ကွန်မြူနစ် လိုလားသော အတိုက်အခံ ပမညတ သြဇာတက်လာသည်မှ အစပြုကာ ကွန်မြူနစ် ဆန့်ကျင်ရေး စစ်တပ်၏ ၁၉၅၈ အာဏာသိမ်း အစိုးရ ပေါ်ထွက်လာသည်။ ဒိနောက် ရွေးကောက်ပွဲ ပြန်နိုင်သည့် ဦးနု၏ ကချော်ကချွတ် ခေါင်းဆောင်မှု၊ စစ်တပ်နှင့် လူမျိုးစုများ အကြား ပဋိပက္ခ စသည်တို့ ကြားတွင် ဝရုန်းသုန်းကား ဒီမိုကရေစီခေတ် ကသောကမျော နိဂုံးချုပ်ကာ စစ်ဆိုရှယ်လစ်ခေတ် ရောက်ခဲ့တော့သည်။

တရုတ်နီကို အဓိက အန္တရာယ်အဖြစ် သတ်မှတ်ထားသည့် စစ်အစိုးရကို နေဝင်းဖက်ဆစ်ဟု ပီကင်းက ခေါ်ဝေါ် လာချိန်သည် တရုတ်-ဆိုဗီယက် အကွဲတွင် ဆိုဗီယက် လမ်းကြောင်းလိုက်သည့် ပမညတနှင့် လက်နက်ချ ကွန်မြူနစ်များ မဆလတွင်း ဝင်ပူးချိန်နှင့် တိုက်ဆိုင် နေတော့သည်။ ဗကပက တရုတ်နှင့် ပိုနီးကပ်လာပီး ပဲခူးရိုးမသို့ ယဉ်ကျေးမှု တော်လှန်ရေး ဂယက် ရိုက်နေချိန်တွင် မြို့ပြ၌ တင်ထွေး၊ ဒေါ်အမာ၊ မြသန်းတင့် စသူတို့၏ တရုတ် ကွန်မြူနစ် လှုပ်ရှားမှု မှတ်တမ်းများ ရေပန်းစားလာမှုကို တန်ပြန်ရန် တရုတ်-ဗမာ အရေးအခင်းကို စစ်အစိုးရက ဖန်တီးလိုက်ခြင်းသည် ပဒူအုံကို တုတ်နှင့် ဆွသည်ထက် ဆိုးလှ၏။ တရုတ်နီနှင့် ဗကပ၏ အရှေ့မြောက်ပိုင်း ထိုးစစ်များက အရှေ့တောင် အာရှ စစ်မီးလျှံများ မြန်မာပြည်ကို မကူး စေလိုသဖြင့် တံခါးပိတ်ထားသည့် မြန်မာစစ်တပ်၏ မူဝါဒကို မွမွ ကြေစေတော့သည်။ အနှစ် ၂၀ အတွင်း တရုတ်အဖြူနှင့် အနီ၏ ကျူးကျော်စစ်ကို ကြံ့ကြံ့ ခံလိုက်ရသော စစ်တပ် အတွက် လူမျိုးခြား မုန်းတီးသည့် ကျဉ်းမြောင်းသော အမျိုးသားရေး စိတ်ဓာတ်ကို ပိုပျံ့ပွား စေသကဲ့သို့ ရှိလှသည်။ တရုတ် အလိုတော်ကျ စေ့စပ် ချုပ်ဆိုခဲ့ရသည့် နယ်နိမိတ် စာချုပ်မှာလဲ ပင်လုံစာချုပ်ကို စစ်တပ် ဖျက်ခဲ့သကဲ့သို့ စက္ကူစုတ် ဖြစ်ခဲ့ရသည်။


တရုတ်-ဗမာ နယ်နိမိတ်စာချုပ် အတွက် ပီကင်းရောက် ခေါင်းဆောင်ကြီးများ (၁၉၆၀) (စာချုပ်ကြောင့် တရုတ်ကျူးကျော်မှုရန် ဝေးပီလို့ ယူဆခဲ့ကြသော်လည်း)

အထွေထွေရှားပါးဖိနှိပ်မှုများကြောင့် ပညာတတ်၊ လယ်သမား၊ တိုင်းရင်းသား ဘယ်လူတန်းစား၏ ထောက်ခံမှုကိုမှ မရနိုင်သည့် မဆလ စစ်အစိုးရအဖို့ ဗီယက်နမ်စစ် အပစ်အခတ် ရပ်ချိန်လောက်မှ စကာ နစ်ဆင် မျက်နှာရိပ် မျက်နှာကဲကြည့်ပီး ပီကင်းကို ပြန်ဒူးထောက်ရန်မှ တပါး အခြားမရှိပီ။ မော်စီတုန်း တရုတ်နှင့် အချုပ်အချာ အာဏာ စသည့်စာများနှင့် ပီကင်း ဆန့်ကျင်ရေး အလံထူခဲ့သော ဦးသိန်းဖေမြင့် စသည့် လက်ဝဲ ပညာတတ်များလဲ မဆလတွင် ပစားပေး မခံရတော့။ မော်အလွန် တိန်ခေတ်မှစ၍ တရုတ်-မြန်မာ ဆက်ဆံရေး ပြန်လည် သွေးနွေး လာသော်လဲ မဆလ-ဗကပ ပြန်လည် ရင်ကြားစေ့ရေး (ဖဆပလ ပြန်လည်ဆန်းသစ်ရေး) ပီကင်း၏ ကြိုးပမ်းချက်မှာ အရာ မရောက်ခဲ့။ အကျဘက်ကို ရှေးရှုနေသော မဆလ စစ်တပ်အဖို့ ၁၉၈၈ အုံကြွမှုကို ဗကပမြို့သိမ်း ထိုးစစ်အဖြစ် ချေမှုန်း လိုက်ပီးနောက် အနောက်အုပ်စုနှင့် ခွာပြဲကာ တရုတ်ဆီ ငွေချေးရသည်က အစ တရုတ်သြဇာခံ တိုင်းရင်းသား တပ်များနှင့် အပစ်ရပ်ကာ တရုတ် ကုန်သွယ်ဖို့ ဈေးဖွင့်လမ်းဖောက်၊ သယံဇာတ ခုတ်ခွာခွင့် ပေးသည်အဆုံး မာန်ချ ဒူးထောက်ခဲ့ရသည်။

ဤတွင်ရွေ့ စစ်အေးခေတ်အပီးတွင် ဗကပ နွယ်သော မနွယ်သော မြန်မာ ပညာတတ် အပိုင်း တခုလုံးတွင် တရုတ်မျှော်ဝါဒ ထိုးကျသွားပီး အနောက်မျှော်ခေတ် ဆန်းသစ်လာသည်။ ဝါဒရေး အရတွင်လဲ တရုတ်က စီးပွားရေးဇောနှင့် ရုပ်ပြ မလှချိန် ရောက်နေပီး အတိုက်အခံ လှုပ်ရှားမှုကို ထောက်မ ပေးသော အနောက်အုပ်စု၏ လစ်ဘရယ် ဒီမိုကရေစီက ဒီရေ မြင့်သစ်ရောက်နေတော့သည်။ မကြာခင်က ကိုးကန့် အရေးအပီး တရုတ်ကို မြန်မာ စစ်တပ်က ကန်ကာ အမေရိကန်နှင့် ပြန်ပေါင်း ထုပ်တော့မည်ဟု ယူဆမှုများ ရှိခဲ့သော်လဲ ဖြစ်တန်ရာသော အခင်းအကျင်း သစ်မှာကား ၁၉၇၀ကျော် ကကဲ့သို့ အမေရိကန်-တရုတ်-ရပ်ရှားနှင့် ဂျပန်၊ အိန္ဒိယ၊ အာစီယန် ရှိရှိသမျှ တာဝတိံသာ အင်အားကြီးများ ထံမှ မြှူချော့ မြှိုက်ချစားမည့် မူလလက်ဟောင်း ဖော်နည်းကားကြီး ကိုပင် ဒီမိုကရေစီ သကာရည် ဆမ်းပီး တဖုံတလွဲ ပြုစီရင်ကာ ပွဲတိုးဖို့ ကြံလိမ့်ဦးမည် ထင်ပါ၏။ တရုတ်-အမေရိကန်၊ တရုတ်-ဆိုဗီယက် စသည့် ကျွဲကြီးများ အကြားမှ ပင်မြက်မြေဇာ ပြည်မြန်မာ၏ ဘဝမှာ ရွှေငုံးမင်း အမြီးမျှော်သလို ခရီးတော်ပုံစခန်းက ဝေးလွန်းလှပါဘိ တော့တကား။


ဥက္ကဌကြီး ၂ဦး ပြန်ပေါင်းထုပ်

ဂန္ဓာလရာဇ်တွင် သခင်နု ကြိုတင်တွက်ဆ သကဲ့သို့ တရုတ်တွေ မြန်မာပြည်ထဲ အကြိမ်ကြိမ် ဝင်ခဲ့ကြ အခြေချ နေကြလေပီ။ စိနဗေဒ ပညာရှင်များ ခေတ်ပေါ် မန္တလေး စာရေး ဆရာများ၏ လက်ရာများကို ဖတ်ရှု သုံးသပ်ကြလျှင် ပိုကောင်းမည်။ အဆုံးတနေ့တွင် မြန်မာသည် တရုတ်လက်အောက် ကျလိမ့်မည် ဆိုသော ဖာနီဗယ်၏ မှန်းကိန်း လွဲပါစေဟုသာ ဆုတောင်းရပါ၏။

ဘိုဘိုလန်းစင်
Ref: (www.kaungkin.com မှကူးယူဖော်ပြပါသည်)

0 comments:

အပေါ်သို့