Saturday, November 21, 2009

သမိုင်းသင်ကြားချက်တွေထဲက သတိပြုစရာတခု

ရဲဘော်ဖိုးသံချောင်း
၂၀ နိုဝင်ဘာ ၂၀၀၉

တလောလေးကပဲ ပထမကမ္ဘာစစ်ပြီးဆုံးတာ အနှစ် (၉ဝ) မြောက်တဲ့ အခမ်းအနားများကို ဥရောပ အနှံ့အပြားမှာ ခမ်းခမ်းနားနား ကျင်းပ ခဲ့ကြတာ တွေ့ရပါတယ်။ ဗြိတိသျှ ဘုရင်မကြီး အပါအဝင် နိုင်ငံ အများအပြားက ထိပ်သီးတွေ တက်ရောက်ကြပါတယ်။ ဒါပေမယ့် လူ့ အသက်ပေါင်း (၈၇) သိန်းကျော် ချုပ်ငြိမ်း စေခဲ့တဲ့ ဒီစစ်ပွဲကြီး ပြီးသွားတာ ကြာပြီ ဖြစ်လို့လားမသိ၊ ဒီ အခမ်းအနား မှာရော၊ ဒီကာလ အတွင်း မီဒီယာ တွေမှာရော ဒီစစ်ကြီး ပေါက်ဖွားလာပုံ၊ အဆုံးသတ်သွား ပုံတွေနဲ့ ပတ်သက်လို့ သိပ်မပြော ကြတော့ပါဘူး။ ပြောရတာများလို့ မောသွားကြတာလား၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုပဲ လုပ်လိုက်ကြတာလား မပြောတတ်ပါ။ ဒီနေရာမှာတော့ အဲဒီအထဲက မမေ့သင့်တဲ့ သင်ခန်းစာ တခုကို ပြန်ထောက်ပြ ချင်ပါတယ်။

ဒုတိယကမ္ဘာစစ်နဲ့ ပထမကမ္ဘာစစ်တို့ ဆက်နေပုံကို မှတ်မိကြ လိမ့်အုန်းမယ်လို့ ထင်ပါတယ်။ ကမ္ဘာစစ်ကြီး တခုပြီးလို့ အနှစ် (၂ဝ) မရှိခင်မှာဘဲ နောက်ကမ္ဘာစစ်ကြီး တခု အတွက် ပြင်ဆင်ကြတာ၊ ခြေပုန်းခုတ်ကြတာ၊ တကယ်လည်း ပေါက်ကွဲ ထွက်လာတာ စတဲ့ ကိစ္စတွေဟာ မတော်တဆ တိုက်ဆိုင်မှုတွေ မဟုတ်ပါဘူး။ အထူးသဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးမှာ စတင် စစ်ခင်းသူဟာ ပထမ ကမ္ဘာစစ်ကြီး တုန်းက စစ်ရှုံးခဲ့သူ ဖြစ်တယ် ဆိုတဲ့ အချက်ဟာ သတိမပြုဘဲ မနေသင့်ပါဘူး။

ပထမကမ္ဘာစစ် ဘယ်လိုအဆုံးသတ်ခဲ့တယ် ဆိုတာကို ပြန်စဉ်းစား ကြည့်ပါ။ စစ်ရှုံးသူ ဂျာမဏီ အပေါ်မှာ ဗာဆိုင်းစာချုပ်- The Treaty of Versailles (၂၈-၆-၁၉) ၊ လော်ဇန်းစာချုပ် The Treaty of Lausanne (၂၄-၇-၂၃ ခု)၊ စိန့်ဂျာမိန်း စာချုပ် The Treaty of St. Germain (၁ဝ-၉-၁၉) စတဲ့ စာချုပ်တွေ အများကြီး ချုပ်ဆိုပြီး စစ်ရှုံးသူတွေကို ဖိထားခဲ့တာ ဖြစ်ပါတယ်။ ဗာဆိုင်း စာချုပ်ကို ဆိုရင် ဗြိတိန် နိုင်ငံကတောင်မှ ဂျာမဏီ အပေါ်မှာ တောင်းဆိုတာ သိပ်ပြင်းထန် လွန်းတယ်လို့ ပြောခဲ့ပါတယ်။ ဒီစာချုပ် ကြောင့်မို့ ဂျာမဏီ နိုင်ငံဟာ စစ်မဖြစ်မီက ရှိခဲ့တဲ့ သူ့နယ် မြေဧရိယာရဲ့ (၁၃.၅) ရာခိုင်နှုန်း (လူဦးရေ ၇ သန်း) ကို ဆုံးရှုံး သွားခဲ့ပါတယ်။ နောက်ပြီး ပြည်ပမှာရှိတဲ့ သူတို့ ကိုလိုနီတွေ အားလုံးကိုလည်း လက်လွှတ် လိုက်ရပါတယ်။ တခါ တူရကီဟာ ဆိုရင်လည်း လော်ဇန်း စာချုပ်ကြောင့် သူ့ရဲ့ အော်တိုမန် အင်ပါယာ ဆိုတာကို လုံးဝ လက်လွှတ် လိုက်ရပြီး နယ်မြေတွေ အများကြီးဆုံး ရှုံးသွားပါတယ်။ ဟက်ဘ်စဘဂ် အင်ပါယာ (Habsburg empire) ကို ဆုံးရှုံး လက်လွှတ် လိုက်ရတဲ့ သြစထရီးယား နိုင်ငံဟာလည်း သူ့နဂိုဒေသတွေ ခွဲထုတ်ပေးပစ်ရ၊ သူ့တပ်ကို (၃) သောင်းအထိ လျှော့ချရ စသဖြင့် တသက် အခဲမကျေစရာတွေ ခံစား ခဲ့ရပါတယ်။

ဒီလိုမတရားတဖက်သတ်ကျတဲ့ စစ်ပြေငြိမ်း စာချုပ်တွေကြောင့်မို့ ဒုတိယ ကမ္ဘာစစ်ကြီး ပေါ်ပေါက်တယ် ဆိုတာကို ကမ္ဘာ့သမိုင်း ပညာရှင်တွေနဲ့ စွယ်စုံကျမ်း အတော်များများကပဲ အသိအမှတ် ပြုကြပါတယ်။ မတရား အချုပ်ချယ် ခံခဲ့ရတဲ့ နိုင်ငံတွေမှာ အမျိုးသားရေး စိတ်ဓာတ်နဲ့ လူထုကို စည်းရုံးလို့ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ စစ်ပွဲကြီး တပွဲပြီးတယ် ဆိုတိုင်း ငြိမ်းချမ်းရေး အတွက် အာမခံချက် ရတာ မဟုတ်ကြောင်း ဒီခေတ် လူသားတွေကို ဒီသမိုင်းက ဖော်ပြနေပါတယ်။ နောက်ပြီး ပဋိပက္ခတွေကို တဖက်သတ် ဖြေရှင်းတဲ့ နည်းနဲ့ ဖြေရှင်းလို့ မရကြောင်းလည်း သင်ခန်းစာ ယူသင့်ပါတယ်။

ဒါနဲ့တဆက်တည်း၊ မကြာသေးမီကမှ ပြီးဆုံးသွားတဲ့ စစ်အေးစစ်ပွဲ ကိစ္စကိုလည်း ပြန်စဉ်းစားစရာ သင့်ပါတယ်။ စစ်အေးစစ်ပွဲ ဆိုတာကြီးဟာ သေနတ်သံ တချက် မကြားရဘဲ ပြီးသွားတယ်လို့ ပြောရင်ရပါတယ်။ ဘယ်လို စစ်ပြေငြိမ်း စာချုပ်၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးတာတွေ မရှိဘဲ သိန်းနဲ့ချီတဲ့ ဝါဆောစာချုပ် တပ်ဖွဲ့ ဆိုတဲ့ ဧရာမ စစ်တပ်တွေလည်း ပျောက်ကွယ် သွားပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်သွားတဲ့ အတွက် အဲဒီဒေသတွေမှာ တကယ် တမ်းငြိမ်းချမ်းရေး ရခဲ့ပါသလား။ မနည်းလှတဲ့ နိုင်ငံတွေမှာ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် အကြီးမားဆုံး ပြိုကွဲမှုတွေနဲ့ ပထမဆုံး သေနတ်သံတွေ ပြန်ကြားလာရတယ် မဟုတ်ပါလား။ ပြောရရင် ဝါဆော စစ်အုပ်စု မရှိတော့တဲ့ အတွက် နေတိုး စစ်အုပ်ရဲ့ တည်ရှိမှုဟာလည်း အဓိပ္ပာယ် မရှိတော့ပါဘူး။ တရားအရဆိုရင် သူလည်း တဖြည်းဖြည်း ပျောက်ကွယ် ရတော့မှာပါ။ ဒါပေမယ့် အခုတော့ အဲဒီလို မဟုတ်ဘဲ နေတိုးကို တိုးချဲ့ လာလိုက်တာ ရုရှားနဲ့ နယ်စပ်ချင်း ကပ်နေတဲ့ နိုင်ငံတွေကိုတောင် ရောက်လာပါပြီ။ ဒီလိုနဲ့ ပူတင်တို့ ဘက်ကလည်း အခုအခါ အမျိုးသားရေး ကြွေးကြော်သံတွေကို တင်ပြီး စစ်အင်အား တိုးချဲ့တာ၊ ဖြည့်ဆည်းတာတွေ လုပ်လာလို့ ဒုတိယ စစ်အေးစစ်ပွဲကို ပြန်ရောက်လာ အုန်းမှာလားလို့ တွေးစရာ၊ မေးစရာ ဖြစ်လာနေပါတယ်။ တပါတည်း ဗမာပြည် နိုင်ငံရေးရဲ့ အခုနောက်ဆုံး ဖြစ်ပေါ်မှုတွေဟာ အဲဒီ မပေါ်ပေါက်သေးတဲ့ ဒုတိယ စစ်အေးစစ်ပွဲနဲ့များ ဆက်နေသလားလို့တောင် တွေးစရာ ဖြစ်လာနေတယ် မဟုတ်ပါလား။

ကမ္ဘာစစ်တခုပြီးတော့ နောက်ကမ္ဘာစစ်တခု။ စစ်အေးစစ်ပွဲတခုပြီးတော့ နောက်စစ်အေး စစ်ပွဲတခု။

ဒီလိုပါပဲ။ သမိုင်းမှာ တဖက်စီးနင်းဆုံးဖြတ်ခဲ့၊ လုပ်ကိုင်ခဲ့တာတွေဟာ တကယ်တမ်း ပြီးပြတ် သွားတာ မဟုတ်ပါဘူး။ တန်ပြန်တဲ့ အကျိုးဆက် တွေနဲ့ ကြုံရတတ်ပါတယ်။ ဒီကနေ့ ဗမာနိုင်ငံမှာ ဒီနေ့ ဖြစ်ပျက် နေတာတွေကို ကြည့်ပြီး အရာရာကို နအဖ စစ်အုပ်စုက ထင်သလို ခြယ်လှယ် လုပ်ကိုင်နိုင်နေပြီ၊ နအဖ စစ်အစိုးရဟာ သင်္ခါရတရားနဲ့ ကင်းလွတ် နေသူတွေဖြစ်တယ်၊ ကျန်တဲ့ တနိုင်ငံလုံး၊ ပြည်သူ တရပ်လုံးဟာ သူတို့ ပေးသနားတဲ့ စပေ့စ်လေး ထဲမှာပဲ လှုပ်ရှား ကြပေတော့လို့ ဆိုပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို တခုတည်းသော တလမ်းသွား လမ်းကြောင်းလို ပြောသူတွေက ပြောနေကြပါတယ်။ ဒီလို အနေအထား အောက်မှာ နအဖ ဗိုလ်ချုပ်တွေဟာလည်း နေမြင့်လေ အရူးရင့်လေ ဆိုသလို အဲဒီလို မြှောက်ပြောတာတွေကို နားထောင်ရင်း စိတ်ကြီး ဝင်သထက်ဝင်၊ အတိုက်အခံတွေကို ရှိတယ် လို့တောင်မှ သဘောမထားဘဲ လုပ်ချင်တာ လုပ်နေကြပါတယ်။

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေက တခဲနက် မဲပေးထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရန်ကုန်မှာသာ တမြို့တည်းမှာသာ ဆိုင်းဘုတ် တင်ခွင့်ပေး၊ သူတို့ကို ဖားနေတဲ့ “ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်” ဆိုတဲ့ အဖွဲ့လို ဟာတွေကိုတော့ တိတ်တိတ် ထောက်ပံ့ကြေးတွေ ပေးပြီး တပြည်လုံးမှာ လှုပ်ရှား ခိုင်းထားပါတယ်။ ဒီလိုပဲ ဗမာပြည် နိုင်ငံရေးမှာ ဘုရားကား အောက် မျောက်ကား အထက် ဖြစ်နေတာ ကြာပါပြီ။

စစ်အာဏာရှင်တွေရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့နီးလာလေလေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲ မဝင်ရင် ဖျက်သိမ်းပစ်မယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ချက် ကျပြီးပြီ စတဲ့ ကောလာဟလတွေ အကျယ် အပြန့် ကြားလာ ရပါတယ်။ ဘယ်သူက လွှင့်တယ် ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် ကြက်တူရွေးထက် ကဲနေတဲ့ မယ်ဘော်တွေ ကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်း ပစ်ခံချင်သလား လို့တောင် မောက်မောက်မာမာ၊ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးနေကြပါတယ်။ သူတို့အနေနဲ့ ဒီလို ရေးလိုက်ခြင်း အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မခြောက်လှန့်နိုင်ဘူး၊ ပြည်သူလူထုကိုလည်း မျက်စိလည်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ တကယ်က ဆရာလုပ်တာ အကျင့်ပါနေတဲ့ သူတို့ဟာ နအဖ စစ်ဗိုလ်ချုပ်တွေကို “ချလိုက်ပါတော့လား” ဆိုတာမျိုး အကြံပေး တိုက်တွန်းနေတာသာ ဖြစ်ပါတယ်။

အထက်မှရေးခဲ့သလိုပဲ သမိုင်းဆိုတာ အသာစီးရနေတုန်း တဖက်သတ် လုပ်ခဲ့တာတွေ နဲ့ချည်း ပြီးသွားတာ မဟုတ်ပါဘူး။ တန်ပြန် ကိစ္စတွေ ပေါ်ထွက် လာနိုင်ပါတယ်။ တန်ပြန်တယ် ဆိုရင် ပိုတောင်ပြင်းထန်၊ ပိုတောင် သဲသန်တတ်တယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့