Tuesday, December 22, 2009

တရုတ်ဒု-သမ္မတ မြန်မာနိုင်ငံခရီးစဉ်အတွင်း သဘောတူညီချက် (၁၆) ခု လက်မှတ်ရေးထိုး

ပေါက်ပေါက်/ ၂၁ ဒီဇင်ဘာ ၂၀၀၉

တရုတ်ဒု-သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ (၂) ရက်ကြာ အလည်ပတ်ခရီးစဉ် အဖြစ် ယခုလ (၁၉) ရက်၌ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် သဘောတူညီချက် (၁၆) ခု လက်မှတ် ရေးထိုးခဲ့သည်။

စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပို့ဆောင်ရေး၊ အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး၊ စက်ပစ္စည်းကိရိယာ ဝယ်ယူရေး စသည့် သဘောတူညီချက် (၅) ခု၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီ ချက် (၇) ခု၊ ရေအားလျှပ်စစ် ဆိုင်ရာ သဘောတူညီချက် (၃) ခု၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း သဘောတူ ညီချက် (၁) ခု စုစုပေါင်း သဘောတူညီချက် (၁၆) ခုနှင့် နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယနေ့ထုတ် နအဖပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ၏ ခရီးစဉ်အား တရုတ်နိုင်ငံ ဗဟိုရုပ်မြင်သံကြားဌာန၊ ဆင်ဟွာ သတင်းဌာန တို့က အကျယ်တဝင့် ဖော်ပြခဲ့ရာတွင် တရုတ်နှင့် မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့် လုပ်ဆောင်သွားရန်၊ နှစ်နိုင်ငံ နယ်စပ် ဒေသတလျှောက် ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးအား ထိန်းသိမ်းသွားရန်၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာအရေး နယ်ပယ်တို့တွင် ပူးပေါင်း ဆောင်ရွက်ရန်၊ အဆင့်မြင့် ခေါင်းဆောင်ပိုင်း အပြန်အလှန် လည်ပတ် အဆက်အသွယ် ရှိရန် စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင်သည် လက်ရှိ သမ္မတ ဟူကျင်းတောင်း နေရာတွင် ဆက်ခံရန်ရှိပြီး မြန်မာနိုင်ငံ အပါအဝင် (၄) နိုင်ငံ အလည်အပတ် ခရီးဖြင့် ပွဲထုတ်ခြင်းမျိုး ဖြစ်သည်ဟု တရုတ်-မြန်မာ ဆက်ဆံရေး လေ့လာနေသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။

၎င်းက “သူ့ခရီးစဉ်က သွားရိုးသွားစဉ် သံတမန်ခရီးပါပဲ။ ဟိုတလောက ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး လာထားတာကို အပြန်အလှန် ပြန်သွားတဲ့ ခရီးပေါ့နော်။ နောက်တခုက အခု ဟူကျင်တောင်းက နောက်သုံးနှစ်ဆို အနားယူတော့မှာကိုး။ ရှီကျင့်ဖျင်က နောက်လာမယ့် ကွန်ဂရက်မှာ တရုတ်ကွန်မြူနစ် ပါတီရဲ့ ဥက္ကဋ္ဌကော၊ သမ္မတကော ဖြစ်လာမယ့်သူ ဖြစ်တယ်။ အဲဒီအတွက် နိုင်ငံရေးအရ ပွဲထုတ်တာပေါ့။ အိမ်နီးနားချင်း နိုင်ငံ အတော်များများကို သွားခိုင်းပြီး အဲဒီက ခေါင်းဆောင်တွေနဲ့ ရင်းနှီး အကျွမ်းဝင်အောင် သူ့ကို ပွဲထုတ်တဲ့ သဘောလည်း ပါပါတယ်။ ဒါက မြန်မာ တနိုင်ငံတည်း သွားတာ မဟုတ်ဘူးလေ။ ဂျပန်တို့၊ ကမ္ဘောဒီယားတို့ (၄) နိုင်ငံ ခရီးစဉ်ကိုး” ဟု ပြောသည်။

တရုတ်ဒု-သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်သည် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်ကြောင်း နအဖဘက်က သတင်း ထုတ်ပြန်ထားပြီး သူ့ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုအတွက် လုပ်ဆောင်နေမှုများကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း မစ္စတာ ရှီကျင့်ဖျင်က ပြောဆိုသကဲ့သို့ တရုတ်နိုင်ငံ၏ ထောက်ပံ့ အကူအညီပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ယခုခရီးစဉ်သည် တရုတ်-မြန်မာ၏ နက်ရှိုင်းသော ဆက်ဆံရေး အတွက် အလွန် အရေးကြီးကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံကြသေးသည့် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်တို့ ရှိနေပြီး အထူးသဖြင့် ဝတပ်ဖွဲ့နှင့် နအဖအကြား ဆွေးနွေးမှု မပြေမလည်ဖြစ်ကာ စစ်ရေးအရ ပြင်ဆင်မှုများ ရှိနေချိန်တွင် ယခုကဲ့သို့ တရုတ် ဒု-သမ္မတ ရှီကျင့်ဖျင် ရောက်ရှိလာပြီး နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သည့် ကိုးကန့်အရေးအခင်းကာလအတွင်း ကိုးကန့်ခေါင်းဆောင် ဖုန်မိသားစု၏ လက်နက် စက်ရုံ ကိစ္စ ရှာဖွေ နှိမ်းနင်းရမှုနှင့် ပတ်သက်၍ တဖက်နိုင်ငံဘက်မှ သတင်းပေးချက်အရ ဆောင်ရွက် ရပါကြောင်း မြန်မာအစိုးရ၏ သတင်း ထုတ်ပြန်မှုအပေါ် စက်တင်ဘာ (၁ဝ) ရက်နေ့တွင် တရုတ် နိုင်ငံခြားရေးဌာန၊ မစ္စစ် ကျန်းယုက တရုတ် အစိုးရအနေဖြင့် သတင်း မပေးခဲ့ရပါကြောင်း၊ မြန်မာ့ ပြည်တွင်းရေးကို ဘယ်သောအခါမျှ ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ငြင်းချက် ထုတ်ပြန်ခဲ့သည်။

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသအရေးအခင်းကာလတွင် တရုတ်နိုင်ငံဘက်သို့ စစ်ပြေး ဒုက္ခသည် (၃၇,ဝဝဝ) ထွက်ပြေးခဲ့ပြီး တရုတ်နိုင်ငံ ဘက်ခြမ်းသို့ အမြောက်ကျည်ဆန် ပေါက်ကွဲသဖြင့် တရုတ်နိုင်ငံသား (၁) ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာ ရရှိသကဲ့သို့ မြန်မာ ဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦး သေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းကိစ္စအတွက် မြန်မာဘက်မှလည်း တရားဝင် တောင်းပန်မှုများ လုပ်ခဲ့ကြောင်း ယူနန်ပြည်နယ် ရဲအရာရှိချုပ် Meng Sutie က သြဂုတ် (၃ဝ) ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယူနန်ပြည်နယ်၊ လင်ချန်းခရိုင်အစိုးရက တရုတ်နိုင်ငံသားများ၏ စီးပွားရေးလုပ်ငန်းများ ထိခိုက် ဆုံးရှုံးမှုအတွက် အမေရိကန် ဒေါ်လာ သန်း (၄ဝ) ကျော် လျော်ကြေးပေးရန် တောင်းဆိုခဲ့သကဲ့သို့ တာဝန်ရှိသူများကို ဖော်ထုတ် အရေးယူပေးရန်၊ အရေးယူ ဆောင်ရွက်မှု အခြေအနေအား တရုတ်အစိုးရထံ ပြန်လည်တင်ပြပေးရန် တရုတ်နိုင်ငံခြားရေး ဌာနကလည်း တောင်းဆိုခဲ့သည်။


Ref: ခေတ်ပြိုင်


0 comments:

အပေါ်သို့