Friday, December 25, 2009

သူခိုးသုံးပါးရောစပ်ထား နအဖစစ်ဗိုလ်များ

အောင်ကျော်ခင်
၂၄ ဒီဇင်ဘာ ၂၀၀၉

ရှမ်းပြည်နယ်မှာတာဝန်ကျတဲ့ နအဖတပ်တိုင်း မူးယစ်ဆေးလုပ်ငန်းနဲ့ မကင်းကြပါ။ ကြည့်ပါဦး။ ရှမ်းပြည်နယ်မှာ စခန်းချတဲ့ နအဖတပ်ရင်း (၁၂၈) ရင်းထဲမှာ တပ်ရင်း (၉၃) ရင်းဟာ မူးယစ်ဆေး လုပ်ငန်းနဲ့ မကင်းဘူးလို့ သိရတယ်။ စစ်ဆေးရေး စခန်းတွေကို ဖြတ်သန်းခွင့်ပြုမှု၊ သယ်ဆောင်ပေးမှု၊ ဆေးချက်စက်ရုံကို ကာကွယ်မှု၊ ဘိန်းစိုက်သူကို ဆက်ကြေးကောက်မှု၊ ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ စိတ်ကြွဆေး ထုတ်ခွင့်ပေးမှု၊ ဘိန်းစိုက်ပျိုးဖို့ ငွေရင်းထုတ်ပေးမှု စတာတွေမှာ နအဖ စစ်တပ် ပါဝင်နေတယ်လို့ သျှမ်းသံတော်ဆင့် သတင်းဌာန ၂၀၀၇ က ထုတ်ဝေတဲ့ Hand in Glove (၆၄) မျက်နှာစာတမ်းမှာ ဖော်ပြတယ်။

လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဟာ တြိဂံတိုင်းမှာ ၁၉၉၆-၂၀၀၁ တိုင်းမှူးလုပ်စဉ်က ၀ခေါင်းဆောင် ဝေဆုခိုင်ကို မိတ်ဆွေစစ် မိတ်ဆွေမှန်လို့ ၂၀၀၁ မေလ (၉) ရက်နေ့က ပြောခဲ့တယ်။ ဗိုလ်ချုပ်သိန်းစိန်က ၀ စစ်ဗိုလ်စိုင်းမြကို တာချီလိတ် မြောက်ပိုင်းမှာ မြေ (၁၀) ဧက ပေးတယ်။ အဲဒီမြေမှာ စိုင်းမြက စိတ်ကြွဆေး စက်ရုံ တည်ဆောက်တယ်။ ကျေးဇူးဆပ်တဲ့ အနေနဲ့ သိန်းစိန်ကို ကားမျိုးစုံ (၄၅) စီး စိုင်းမြ ဆက်သတယ်တဲ့။ သူ့အရင်က လုပ်သွားတဲ့ ဗိုလ်ကျော်ဝင်းကလည်း မူးယစ်ဆေးမှောင်ခိုနဲ့ ပုလင်းတူဘူးဆို့ လုပ်ခဲ့တာမို့ သိန်းစိန်ရဲ့လုပ်ရပ်ဟာ မထူးဆန်းပါ။ ဒု-ဗိုလ်ချုပ်ကြီး မောင်အေးရဲ့တပည့် မြင့်လှိုင်ဟာ လားရှိုးမှာ တိုင်းမှူးလုပ်တုန်း မူးယစ်ဆေး မှောင်ခိုကို လက်သပ်မွေးတယ်။ ထောက်လှမ်းရေး ခင်ညွန့်ကလည်း ဖုန်ကြားရှင်နဲ့ ရောင်းရင်းမိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်လေ။

ဘိန်းမှောင်ခိုခွန်ဆာရဲ့ မော်ထိုင်းတပ်ဖွဲ့ဝင်ဟောင်း နော်ခမ်းနဲ့ နအဖ စစ်မှုထမ်းဟောင်း မောင်တင့်တို့ ဦးဆောင်တဲ့ မူးယစ်ဆေး မှောင်ခို (၂၀) ကျော် ဒီနှစ်အစောပိုင်း ရှမ်းပြည်အရှေ့ပိုင်းမှာ အဖမ်းခံရတယ်။ မောင်တင့်ဟာ နအဖတပ်က အငြိမ်းစားယူပြီး မူးယစ်ဆေးနဲ့ လက်နက်မှောင်ခို လုပ်နေသူတဲ့။ ဒေသဆိုင်ရာ တိုင်းမှူး၊ တပ်မှူးတွေဟာ နော်ခမ်းနဲ့မောင်တင့် ပေးတဲ့ ဆက်ကြေးကို ယူတယ်။ နော်ခမ်းနဲ့ မောင်တင့်တို့က အာဏာပိုင်ကို လာဘ်ထိုးတော့ လွတ်သွားတယ်။ မောင်တင့်တို့က တဦးကို ကျပ်ငွေသိန်း (၂၀၀) စီ လာဘ်ပေး လိုက်ရတယ်လို့ ၂၀၀၉ မေလ (၁၃) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းမှာ ဖော်ပြတယ်။ နော်ခမ်းနဲ့ တာချီလိတ်က နအဖ ဗျူဟာမှူး တဦးဟာ ပုလင်းတူဘူးဆို့ ဖြစ်ခဲ့တယ်တဲ့။

မြန်မာစစ်သူခိုးနဲ့ မူးယစ်ဆေး/ကျောက်မျက်ရောထွေးယှက်တင် ဖြစ်နေတာ ဗိုလ်နေ၀င်းခေတ် ကတည်းကပါ။ ဗိုလ်နေ၀င်းက မြန်မာ့ ကျောက်မျက် ရတနာ နိုင်ငံခြား ယူသွားပြီး ရောင်းစားတယ်။ သူ့တပည့် ထောက်လှမ်းရေးတွေက ဆွစ်ဇာလန်မှာ ဆိုင်ထိုင်လုပ်တယ်။ သန်းရွှေ၊ မောင်အေး၊ ခင်ညွန့်တို့ အုပ်စုကတော့ ဗိုလ်နေ၀င်းထက် အဆပေါင်းများစွာ ခိုးထားတာမို့ ရန်ကုန်မှာ မနေရဲဘူး။ ကြပ်ပြေးကို ပြေးကြတယ်။

ဗိုလ်နေ၀င်းတယောက် အမြဲတွေးကြောက်ပုံကို ပြောပါရစေ။ လီကွမ်ယူးဟာ ၁၉၆၅ ခုနှစ် မေလ အိန္ဒိယက အပြန် ရန်ကုန်ဝင်တော့ ဗိုလ်နေ၀င်းနဲ့ ဒညင်းကုန်းမှာ ဂေါက်သီး ကစားကြတယ်။ ဗိုလ်နေ၀င်းဟာ သံခမောက် ဆောင်းပြီး ဂေါက်သီး ရိုက်တယ်လို့ “တတိယကမ္ဘာမှ ပထမကမ္ဘာသို့” (From Third World to First) ဆိုတဲ့ ကိုယ်ရေး မှတ်တမ်းမှာ လီကွမ်ယူးက ရေးထားတယ်။ ဗိုလ်နေ၀င်း အိမ်ပတ်လည်မှာ လက်နက်ကိုင် စစ်သားနဲ့ တင့်ကားတွေ ပတ်လည်ဝိုင်းနေတာ တွေ့ရလို့ အံ့သြ တုန်လှုပ်မိတယ်တဲ့။ နေ၀င်း တကယ်ကြောက်သလား၊ တမင် ခြောက်ပြတာလား မပြောနိုင်ဘူး။ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး ဦးသော်ကောင်းနဲ့ နှစ်ယောက်တည်း စကားပြောတဲ့ အခါမှာတောင် ပစ်စတို သေနတ်ဘေးမှာ ချထားတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြန်ပြောလို့ သိရတယ်။

သူခိုးဆိုတော့ လူကောင်းမှန်သမျှကို တွေးကြောက်နေတာပေါ့။ နိုင်ငံရေးသူခိုး၊ စီးပွားရေး သူခိုးနဲ့ ဘာသာရေး သူခိုး ဆိုတဲ့ သူခိုးသုံးပါး ရောစပ်ထားတာ နအဖ စစ်ဗိုလ်ပဲ။ ဘာသာရေးမှာလည်း လျှို့ဝှက်လုပ်တာနဲ့ ဘုရားရုပ်ထု အပိုင်စီးတာတွေ ရှိနေလို့ ဘာသာရေး သူခိုးလို့ ပြောရတာပါ။ စင်ကာပူမှာ သေသွားတဲ့ ၀န်ကြီးချုပ်စိုးဝင်း ဖွင့်လှစ်တဲ့ လားရှိုးက ရန်တိုင်းအောင် စေတီဟာ မူးယစ်ဆေးက မသမာငွေနဲ့ တည်ဆောက်တယ် ဆိုတော့ ဘာသာရေး သူခိုးပါပဲ။ ဒီလို သူခိုးစေတီတွေ ရှိဦးမှာပေါ့။

ကျောက်မျက်စစ်သူခိုးလည်း ရှိသေးတယ်။ မိုးကုတ် ဖားကန့်နဲ့မိုင်ရှုးမှာ ဒီလို စစ်သူခိုးတွေ ရှိတယ်။ တောင်ကြီး အရှေ့မြောက် မိုင်(၂၀၀) နီးပါးက မိုင်းရှုးဟာ ကျောက်မျက်နယ်မြေ ဖြစ်လာတယ်။ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် သျှမ်းသံတော်ဆင့် သတင်းအရ ဆိုရင် ဗိုလ်ချုပ်မြင့်လှိုင်၊ တိုင်းမှူးမောင်ဘို၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းတို့ဟာ ကျောက်မျက် သူခိုး အဖြစ် ထင်ရှားတယ်။ ၂၀၀၆ ခုက ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းရဲ့တိုင်းမှူး ဗိုလ်ချုပ်ကိုကို ဆိုသူဟာ မူးယစ်ဆေး မှောင်ခိုဆီက ဆက်ကြေး မှန်မှန် ရဖူးသူဖြစ်တယ်။ တာချီလိတ်မှာ တာဝန်ကျစဉ်က ဘတ်ငွေ (၃) သောင်း လစဉ် ဆက်ကြေး မှန်မှန် ရခဲ့သူဖြစ်တယ်။ မူးယစ်ဆေး မှောင်ခို နော်ခမ်းနဲ့ ရင်းနှီးတဲ့ နအဖ ဗိုလ်ချုပ်ဖြစ်တယ်။ သူ့လက်အောက်က ဒု-ဗိုလ်မှူးကြီးအေးဇော်ကတော့ ရိုးပြီး အထက်ကို လာဘ်မထိုး တတ်တော့ ရာထူး မတက်ဘူး။ တာချီလိတ်နယ် ခမရ (၃၃၁) တပ်ရင်းမှူး အဖြစ်နဲ့ရော ၁၉၉၅ က ၂၀၀၁ အထိ အမှုထမ်းခဲ့သူ ဒု-ဗိုလ်မှူးကြီးအေးဇော်ဟာ နအဖတပ်ကို စိတ်ကုန်ပြီး တောင်ငူမှာ သင်္ကန်းဝတ်နေတယ်လို့ သျှမ်းသံတော်ဆင့်ရဲ့ Hand in Glove စာတမ်းမှာ ဖော်ပြထားတယ်။

ဒီအထဲမှာ အရှေ့တောင်ပိုင်းတိုင်းမှူး မြင့်အောင်ဟာ နာမည် အပျက်ဆုံးဖြစ်လို့ ၂၀၀၁ မှာ အငြိမ်းစား ယူခိုင်း လိုက်ရတယ်။ ခြေလျင်တပ် (၆၅) ရဲ့ တပ်ရင်းမှူး ဘ၀ကတည်းက မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှာ ပါဝင်လာတာ ဖြစ်တယ်။ သူ့နေရာကို ဒု-ဗိုလ်မှူးကြီးတွေ ဖြစ်တဲ့ မြင့်ဆွေနဲ့ လှမြင့်က ဆက်ခံတယ်။ ခင်ညွန့်ကောင်းစားတုန်း (၁၉၈၉-၂၀၀၄) သူဌေးဖြစ်ကုန်တဲ့ စစ်ဗိုလ်ထဲမှာ မြင့်အောင်လည်းပါတယ်။ စစ်ဗိုလ်တွေက အများကြီးဆိုတော့ စစ်တမ်းကောက်ရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ မူးယစ်ဆေးမှာ စစ်ဗိုလ်တွေ ပါလာတဲ့အတွက် နောက်ဆုံးမှာ စစ်ခေါင်းဆောင်ကြီးရဲ့မိသားစုပါ ဆေးမိသွားတဲ့ ဥပမာတွေ ရှိတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့သား ငွေစိုးနဲ့ ဇနီးသည် ဘိန်းဖြူ စွဲသွားတာ လူသိများတယ်။

အခုလည်း ကြပ်ပြေးကြီးရဲ့မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် (ခေါ်) မြောက်မူးလဲ မူးယစ်ဆေး စားသုံးတာကို ကြပ်ပြေးကြီး သိသွားတဲ့ အတွက် မူးယစ်ဆေး ဖြန့်ဝေသူ မောင်ဝိတ်နဲ့ သယ်ဆောင်ပေးသူ အောင်ဇော်ရဲမြင့်ကို ၂၀၀၈ မေလမှာ ဖမ်းလိုက်ရတယ် ဆိုပဲ။ အောင်ဇော်ရဲမြင့်ဆိုတာ အထူးစစ်ဆင်ရေး အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့သားပဲ။ ဒါကြောင့် မောင်ဝိတ် ထောင် (၁၅) နှစ်ကျပြီး အောင်ဇော်ရဲမြင့် ကတော့ နာလန်ထ စခန်းမှာ နေခွင့်ရသွားတယ်။ စစ်တက္ကသိုလ် အမှတ်စဉ် (၅၂) သင်တန်းဆင်းပွဲမှာ ဗိုလ်လောင်းတွေ ဆလံပေးရတဲ့ ပုဂ္ဂိုလ်ထဲမှာ မြောက်မူးလဲ ပါနေတာကို ဒီဇင်ဘာ (၁၂) ရက်ထုတ် နအဖ သတင်းစာတွေမှာ ဖော်ပြတယ်။ ဗိုလ်လောင်းတွေ ဗိုလ်ဖြစ်လာရင် ခိုးကြ၀ှက်ကြမှာ သေချာတယ်။ စစ်တပ်ထဲဝင်တာ အခွင့်ထူး ခံစားချင်လို့ပါပဲ။ ရရှိတဲ့ အခွင့်ထူးက ခိုင်းဝှက်ပိုင်ခွင့် ဖြစ်တယ်။

နယ်ဘက်မှာတော့ နအဖစစ်မှုထမ်းတွေကိုယ်တိုင် ဘိန်းစိုက်နေကြောင်း ၂၀၀၇ ဇွန်လထုတ် သျှမ်းသံတော်ဆင့် သတင်းလွှာမှာ ဖော်ပြတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်မုန့် အခြေစိုက် ခမရ (၅၆၉) က ဗိုလ်ကြီးအဆင့် တပ်ခွဲမှူး တဦးနဲ့ လားဟူနွယ်ဖွား တပ်ကြပ်ကြီး ဂျိုးဆက်ဖ်တို့ ပေါင်းပြီး ဘိန်းစိုက်တယ်လို့ ဆိုတယ်။ ဘိန်းစိုက်သူကို ဆက်ကြေးကောက်ရုံနဲ့ အားမရတော့လို့ ကိုယ်တိုင် စိုက်ကြတာပါပဲ။ ဆီဆိုင်မြို့နယ် ခမရ (၄၂၃၊ ၄၂၄၊ ၄၂၅၊ ၄၂၆) စစ်သား မိသားစုကလည်း ဘိန်းစိုက်ပျိုးရေး ဒို့အရေး လုပ်နေကြတယ်တဲ့။ ဖယ်ခုံမြို့နယ်မှာ ဘိန်းစိုက်သူတွေဟာ နအဖ စစ်ဗျူဟာ ကွပ်ကဲမှု ဌာနချုပ်အောက်က တပ်ဖွဲ့တွေရဲ့ ခွင့်ပြုချက် ရယူရတယ်။ နယ်ဘက်မှာ တာဝန်ကျတဲ့ နအဖအရာရှိတွေ မူးယစ်ဆေး မှောင်ခိုလုပ်ငန်းမှာ ပါဝင်နေကြတယ်လို့ အမေရိကန် အစိုးရရဲ့ ၂၀၀၉ ဖေဖော်ဝါရီ (၂၇) ရက်ထုတ် မူးယစ်ဆေး အစီရင်ခံစာမှာ ဖော်ပြထားတယ်။ မူးယစ်ဆေးအမှုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အထက်အရာရှိတွေကို အရေးမယူဘူးလို့ ဆိုတယ်။

မြန်မာပြည်မှာ အကြီးဆုံးကုမ္ပဏီက ဘိန်းမှောင်ခိုလော်စစ်ဟန်နဲ့ သားဖြစ်သူ စတင်ဗင်လော် ပိုင်တဲ့ အေးရှားဝေါလ် (Asia World) ကုမ္ပဏီပဲ။ အစိုးရ သတင်းစာတွေမှာ အေးရှားဝေါလ်လို့ ဖော်ပြတယ်။ စစ်တပ်ဆိုရှယ်လစ် စနစ်က စစ်တပ် ဈေးကွက်စနစ်ကို ပြောင်းတော့ အရင်းအနှီး အများဆုံးရှိတာ မူးယစ်ဆေး မှောင်ခိုတွေပဲ။ အဲဒီမှာ စစ်အုပ်စုဟာ လော်စစ်ဟန်နဲ့ ခွန်ဆာကို အားကိုးတယ်။ ကိုးကန့်တရုတ် လော်စစ်ဟန်ဟာ အပစ်အခတ် ရပ်စဲရေးမှာ ကူညီပေးသူဖြစ်လို့ နအဖရဲ့ ကျေးဇူးရှင်ဖြစ်လာတယ်။ စင်ကာပူမှာလည်း ၀င်ဆံ့တဲ့ ဘိန်းမှောင်ခိုပဲ။ လမ်းဖောက်၊ အိမ်ဆောက်၊ ဆိပ်ကမ်းဆောက် အလုပ်ကြီး အကိုင်ကြီး မှန်သမျှ အေးရှားဝေါလ်က လုပ်ရတယ်။ ကြပ်ပြေး နေပြည်တော် တည်ဆောက်တဲ့ ကုမ္ပဏီတွေထဲမှာ အေးရှားဝေါလ်နဲ့ ထူးကုမ္ပဏီဟာ ကန်ထရိုက် အများဆုံးရတယ်။ ရန်ကုန်မှာ အေးရှားဝေါလ် ဆိပ်ကမ်းဆိုတဲ့ ဘိန်းမှောင်ခိုပိုင်တဲ့ သင်္ဘောဆိပ်ရှိတယ်။ အဲတော့ တကမ္ဘာလုံးကို မူးယစ်ဆေး ဖြန့်နိုင်တာပေါ့။

တေဇဆိုသူခေါင်းဆောင်တဲ့ ထူးထောက်ပံ့ရေး ကုမ္ပဏီဟာ စစ်အတွင်းကာလ မြန်မာပြည်မှာ စီးပွားရှာတဲ့ “ကာနဲမတ်ဆုဂိုရှို” ဆိုတဲ့ ဂျပန်ကုမ္ပဏီက ပေါက်ဖွားလာတဲ့ မြန်မာကုမ္ပဏီပဲ။ ထူးကုမ္ပဏီ တည်ထောင်သူ ဦးဇော်ညွန့် ဆိုသူဟာ ကာနဲမတ်ဆုဂိုရှို ကုမ္ပဏီမှာ ရိုသေ လေးစားခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဖက်ဆစ်ဂျပန်သူခိုး မြန်မာပြည်မှာ ကြီးစိုးတုန်း စီးပွားရေး အမြတ်ထုတ်တဲ့ ကုမ္ပဏီဖြစ်တယ်။ ပါလီမန် အစိုးရခေတ်နဲ့ မဆလခေတ်မှာ “ကာနဲမတ်ဆုဂိုရှို”က ထူးကုမ္ပဏီကို စောင်မ ကြည့်ရှုတယ်။ ငွေမက်တဲ့ နအဖ စစ်ဗိုလ်ခေတ်မှာ ထူးကုမ္ပဏီဟာ အေးရှားဝေါလ်လိုပဲ အခွင့်ထူး ခံစားရတယ်။ ဂျပန်ဖက်ဆစ် အကူအညီနဲ့ တည်ထောင်ခဲ့တဲ့ ထူးကုမ္ပဏီဟာ မြန်မာဖက်ဆစ် ခေတ်မှာ ထိပ်ဆုံးအဆင့်ကို ရောက်လာတာပဲ။ မြန်မာ့စီးပွားရေး သမိုင်းမှာ ဒီလိုကုမ္ပဏီတွေ အကြောင်းပါမှ ပြည့်စုံပါလိမ့်မယ်။ စုံစမ်းစစ်ဆေး သတင်းရေးတဲ့ဓလေ့ အားကောင်းလာရင် ဒီလို ခေတ်ပျက်သူဌေးနဲ့ စစ်သူခိုးတွေ အကြောင်း မျိုးဆက်သစ် သတင်းသမားတွေက စုံစုံလင်လင် ရေးကြလိမ့်မယ်လို့ မျှော်လင့်မိတယ်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့