Tuesday, December 22, 2009

ကရင်နှစ်သစ်ကူးနေ့ ဗုံးပေါက်ကွဲမှုအား KNU လက်ချက်ဟု စွပ်စွဲ

December 22, 2009

ကရင်နှစ်သစ်ကူးနေ့က ပေါက်ကွဲခဲ့သော မြေမြုပ်ဗုံးအား KNU လက်ချက်ဟု ယနေ့ထုတ် စစ်အစိုးရ၏ ကြေးမုံသတင်းစာက စွတ်စွဲလိုက်သည်။

နအဖ စစ်အစိုးရ၏ ကြေးမုံသတင်းစာတွင် ရေးသား ဖေါ်ပြထားသော မြင့်စိုး(နတလ) ၏ “မိုက်ချက်ကတော့ ကမ်းကုန်ပဲ” ဆောင်းပါးတွင် “ဖာပွန်မြို့ အမှတ်(၂) ရက်ကွက် အခြေခံပညာ အထက်တန်းကျောင်း ကွင်းပြင်၌ ကရင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ဦးစီး ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သော ဈေးဆိုင်တန်းတွင် ဒီဇင်ဘာ ၁၆ ရက်ညပိုင်းက ချိန်ကိုက်မိုင်း တလုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားခုနှစ်ဦး သေဆုံးပြီး အမျိုးသား ၁၀ ဦး၊ အမျိုးသမီးတဦး ဒဏ်ရာ ရရှိခဲ့ကြောင်း” နှင့် “ဖာပွန်မြို့တွင် ကျင်းပခဲ့သော ကရင် နှစ်သစ်ကူးပွဲတော်၏ အနှစ်သာရသည် KNU ကြောင့် ပျက်ယွင်းခဲ့ပြီတည်း” ဟုဖေါ်ပြပါရှိသည်။

ဆောင်းပါးရှင် မြင့်စိုး(နတလ) သည် ယခင်က KNU နှင့် ပတ်သတ်ပြီး “ဘိုမြကိုဘယ်လိုပြောရပါ့ ”နှင့် “နှစ်ပေါင်း (၅၀) ဆိုတာက လွဲလို့” ဆိုသော ဆောင်းပါးများစွာ ရေးခဲ့ဖူးကြောင်း “ကွယ်လွန်သူ ဗိုလ်ချုပ်မြကတော့ သူကိုယ်တိုင် ဦးဆောင်ဦးရွက်ပြု၍ ငြိမ်းချမ်းရေး လုပ်မသွားနိုင်သည့်တိုင် ငြိမ်းချမ်းရေး အမွေကို သားဖြစ်သူ ဗိုလ်ကြီးနေစိုးမြထံ လွှပြောင်းပေးပြီး ကရင် တိုင်းရင်းသားများအား ကြည်နူး ဝမ်းမြောက်စေခဲ့သည်” ဟုရေးသား ဖေါ်ပြထားသည်။

နအဖ စစ်အစိုးရသည် မြန်မာပြည်အတွင်း၌ ဗုံးပေါက်ကွဲမှု နှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့် အခါတိုင်း KNU ၏ လက်ချက်ဖြစ်ကြောင်း စစ်အစိုးရပိုင် သတင်းစာများမှ စွပ်စွဲလေ့ရှိပါသည်။

0 comments:

အပေါ်သို့