မတ် ၁၅၊ ၂၀၁၀
မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာ ဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီး နှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့ တကွ ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှား ခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။
မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ် ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေး သံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့် သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်း ထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ် ဖော်ပြလိုက်ပါရစေ။
ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …
မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့ အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်း သိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲက လူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ် ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့ အခါ အပြင်ရောက်လာတဲ့ အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည် ဆောင်ရွက်ကြတယ်။
ရွေးကောက်ပွဲ ၀င်မှာလား …
အင်န်အယ်ဒီပါတီက ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ခံဝန်ချက် ထိုးရမယ်။ အဲဒါဆိုရင် စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုခွင့် မရှိတော့ဘူး။
ပါတီက မှတ်ပုံပြန်တင်မှာလား …
ပါတီ ရှင်သန်ရေးက အဓိကကျတယ်လို့ ပြောကြသလို၊ တချို့ကကျတော့ ပါတီက ဘာမှ မလုပ်နိုင်ဘဲနဲ့တော့ ဆက်ရှိနေဖို့ လိုသေးလား စသည်ဖြင့် ပြောကြတယ်။ ပါတီကို မှတ်ပုံတင်မယ် ဆိုရင် အခုချိန်ကစပြီး ရေတွက်မယ် ဆိုရင် ဆွေးနွေးတိုင်ပင် ပြင်ဆင်ဖို့ ရက်ပေါင်း ၂၉ ရက်ပဲ ရှိတယ်။ ဧပြီလမှာ သင်္ကြန်ရက်တွေ၊ ပိတ်ရက်တွေ ရှိနေတယ်။ အခြား ရုံးပိတ်ရက်တွေကိုပါ နှုတ်လိုက်ရင် အခု အချိန်မှာ သည်ရက် အချိန်တိုတို အကန့် အသတ်အတွင်း လုပ်ရမှာက ပြသနာ ဖြစ်တယ်။
ပါတီက မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီက နိုင်ငံရေး အကျဉ်းသားတွေ၊ အကျယ်ချုပ် ခံရသူတွေကို ထုတ်ပစ်မှာလား …
ယခင်တုန်းက (အမျိုးသားညီလာခံ) ပါတီက အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ် ခံနေရသူတွေကို ပေးအပ်ထားတဲ့ တာဝန်တွေကနေ ဖယ်ရှားခဲ့ရတယ်။ ပြီးတော့ ပြန်လည် လွတ်မြောက်လာချိန်မှာ မူလတာဝန် ၀တ္တရားတွေ ပြန်လည် ပေးအပ်ခဲ့တာပါပဲ။ ကျနော်သည်လည်း သည်လိုပဲ တာဝန်တွေ ပြန်လည် လက်ခံရရှိခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ဒီထက်အရေးကြီးတာက - ယခင်ကနဲ့ မတူတော့တာက - ခုချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော် ကိုယ်စားလှယ်များကိုပါ ပစ်ပယ် လိုက်ရတော့မှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံပြန်တင် လိုက်တာနဲ့ အဲသည် ပစ်ပယ်မှုတွေကို ပြန်လည်ရယူလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ ယုံကြည် ကိုးစားမှုကိုပါ ပစ်ပယ်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။
၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂ ခု က ဘာကွာလို့လဲ …
ရွေးကောက်ပွဲချင်းက မတူဘူး။ ၁၉၉၀ တုန်းက ၈၈ အရေးတော်ပုံရဲ့ အရှိန်အ၀ါ ရှိတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုပဲ ရွေးကောက်ပွဲမှာ ကန့်သတ်ခဲ့တာ ဖြစ်တယ်။ ပါတီတခုလုံးက ၉၀ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင် ယှဉ်ပြိုင်ခွင့်ရှိတယ်။ အခြား နိုင်ငံရေးပါတီ အများ အပြားလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။
အခု ၂၀၁၀ မှာ လက်ရှိနိုင်ငံရေးပါတီဆိုလို့ အင်န်အယ်ဒီပါတီ တခုတည်းသာ ရှိတော့တယ်။ အခု ရွေးကောက်ပွဲက ၈၈ အရေးတော်ပုံနဲ့ ဝေးသွားခဲ့ပြီ။ ပါတီအနေနဲ့ကလည်း စစ်အစိုးရရဲ့ အကန့်အသတ် အတားအဆီးတွေ အဆင့်ဆင့်ကြောင့် လူထုနဲ့လည်း ဝေးကွာနေရတဲ့ အခြေအနေမှာ ရှိတယ်။
ဘယ်လိုမျိုးကြောင့် လူထုနဲ့ ဝေးတယ်လို့ ပြောရတာလဲ …
အင်န်အယ်ဒီ ပါတီက ကျေးလက် တောရွာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ပါတီအနေနဲ့ မဟုတ်ဘဲ အလည်အပတ်မျိုးပဲ သွားနိုင်တယ်။ မြို့တွေကို သွားရောက် လည်ပတ်ဖို့က အခွင့်အရေး နည်းနည်း ပိုရှိသေးတယ်။ သို့သော် စစ်အစိုးရက သူတို့ဖက်က အင်အားတွေ၊ စည်းရုံးရေးတွေနဲ့ ကျေးလက်တောရွာ နယ်တွေမှာ ဖိထား စုထားတယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီး၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ အရန်မီးသတ် … နည်းမျိုးစုံပဲ။
လူထုရဲ့ ဆန္ဒမဲတွေကို မရနိုင်တော့ဘူးလား …
လွတ်လပ်သန့်ရှင်းစွာ မဲပေးနိုင်ခွင့်က အာမခံချက် ရှိသလား။ ဒီလိုအခြေအန အကြပ်အတည်းတွေ ဖန်တီး ထားမှတော့ … ။ ပြီးတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းမိသားစုတွေကို စာရင်းကောက်ယူပြီး ကြိုတင် မဲစာရင်း ကောက်ယူထားတာ၊ ဒီလိုမျိုးနဲ့ အခြား အသိုင်းအ၀ိုင်းတွေဆီက ကြိုတင်မဲတွေကို စုဆောင်းပြီး ထုတ်သုံးတာ မျိုးတွေလည်း ရှိနိုင်တယ်။
အဲသည်ကြားထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်ကော …
ရွေးကောက်ပွဲလွန် ကာလမှာ စစ်အစိုးရ အခြေခံ ဥပဒေအရ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး။ ပါတီဝင် တဦးက အစိုးရ၀န်ကြီး (အစိုးရ၀န်ထမ်း) ဖြစ်လာရင်တောင် ပါတီက ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အခြေခံဥပဒေအရ အဲသည်မှာ ကန့်သတ်တားဆီးထားမှုတွေ အများကြီးကို ရင်ဆိုင်နေရမှာ ဖြစ်တယ်။
အင်န်အယ်ဒီပါတီ ရှိနေဖို့ …
ပါတီက ခုချိန်မှာ လုပ်စရာတွေ၊ ရင်ဆိုင်စရာတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောလိုက်သလို ပါတီဝင်တွေက တရား ဥပဒေတွေနဲ့ အညီ ရင်ဆိုင်ကြမယ်။ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ်။ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့တာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေ ကျုးလွန်ခဲ့တာ၊ ၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် အနှစ် ၂၀ ကြာတဲ့အထိ ပြည်သူတွေရဲ့ အချိန်တွေနဲ့ ပြည်သူ့ ဘဏ္ဍာတွေကို ဖြုံးတီး ပစ်ခဲ့တာတွေ ဒါတွေကို စစ်အစိုးရကို ရင်ဆိုင်ပြီး မေးခွန်း ထုတ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြား လိုက်သလို ပါတီရုံးခန်းတွေမှာ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲ ဥပေဒေတို့ကို ၀ိုင်းဝန်း ဆွေးနွေးကြပါ၊ တရားမျှတမှု မရှိဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာမှာ ဖြစ်ပါတယ်။
ပါတီရဲ့ အင်အား၊ လူထုရဲ့ အင်အားတွေက ဘယ်လိုလဲ၊ ဘာလဲ …
အချိန်က အခု စကားပြောနေချိန်မှာတောင် ရုံးဖွင့်ရက်အားဖြင့် ၂၉ ရက်ပဲ ရှိတော့တယ်။ အချိန်က လုံးဝ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဟာ လူထုနဲ့ တသားတည်း ရပ်တည်ရမှာ ဖြစ်တယ်။ အခုအချိန်ဟာ သေရေး ရှင်ရေး ဖြစ်ပါတယ်။ သူသေကိုယ်သေ လို့ ဆိုတာထက်၊ သူသေ ကိုယ်ရှင် ဖြစ်ရမှာပေါ့။ တတ်နိုင်ရင်တော့ သူသေ ကိုယ်သေ မလုပ်ချင်ပါဘူး။ အခုချိန်မှာ အင်န်အယ်ဒီနဲ့ ပြည်သူလူထုဟာ အဖက်ဖက်က ကန့်သတ် ချုပ်ချယ်ခြင်း ခံထားရတဲ့ကြားက၊ အစစအရာရာ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး စိတ်ဓာတ် ခွန်အား တခုတည်းနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
အင်န်အယ်ဒီက ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချကြမှာလဲ …
ယခင်တုံးကဆိုရင်တော့ CEC က ဆုံးဖြတ်ချက် ချပြီးတော့ အောက်ခြေကို ဦးဆောင်မှု ပေးရုံဖြစ်တယ်။ သို့သော် အခုချိန်မှာ CC အဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့ (CC) နဲ့ ဆွေးနွေးရမယ်။ အဲသည်လို အားလုံး ပါဝင်တဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုတွေကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မယ် ဗျာတို့၊ ဘာတို့ ဇွတ်လုပ်လို့ မရပါဘူး။
အင်န်အယ်ဒီပါတီရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် …
လူငယ်တွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပြီး မြှင့်တင်ဖို့လိုပါတယ်။ အခုအချိန်မှာ သူတို့တွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အစွမ်းကုန် လုပ်နေကြပြီ ဖြစ်ပါတယ်။ သင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွန့်လွှတ် စွန့်စားမှုတွေကိုလည်း ထုတ်ဖော် ပြောဆိုနေရမယ်။ အခုဆိုရင် ထောင်ကျနေတဲ့ အင်န်အယ်ဒီပါတီဝင် လူဦးရေတွေထဲက ထက်ဝက်ကျော်ဟာ လူငယ်တွေ ဖြစ်ပါတယ်။
နောက်တခုကတော့ အင်န်အယ်ဒီကနေပြီးတော့ လူထု လူတန်းစား အသီးသီး၊ အလွှာ အသီးသီး အပေါ်မှာ ဘယ်လိုမျိုး သဘောထားတယ်၊ ဘယ်လိုမျိုး ရပ်တည်တယ် ဆိုတာတွေကို အများ သိရှိအောင်၊ အင်န်အယ်ဒီ ပါတီဝင်တွေ အချင်းချင်းမှာလည်း သိရှိ နားလည်မှုရှိအောင် ပိုမိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် - အလုပ်သမား လူတန်းစားတွေ အပေါ်မှာ ကျောင်းသား လူငယ်တွေ၊ ရဟန်းသံဃာတွေ အပေါ်မှာ စသည်ဖြင့် သဘောထားတွေ၊ ရပ်တည်ချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြသထားဖို့ ဆောင်ရွက်ရမယ်။
ပြန်ပြီး ရှင်းပြရရင် - ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉က အင်းစိန်ထောင်မှာ ချုပ်နှောင်ပြီး တရားစွဲဆို နေစဉ်ကဆိုရင် အင်န်အယ်ဒီက လူထုနဲ့အတူ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ ဆန္ဒပြဖို့ ဆူပူဖို့ သွားခဲ့တာ မဟုတ်ဘူး။ လူထုနဲ့အတူ၊ လူထုကိုယ်စား ဆန္ဒ ထုတ်ဖော်ကြမယ်လို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြောက်စိတ်ကို ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းမှာ ကိုယ်တိုင် ဒါကို ရှင်းရှင်း သိဖို့လိုပါတယ်။
အခုအချိန်မှာ ပါတီတွင်းပြန်ကြားရေးအတွက်ကိုတောင် ပါတီပြန်ကြားရေး စာစောင် ထုတ်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်။ အတားအဆီးတွေ ရင်ဆိုင် နေကြရတယ်။ အဲသည်တော့ ကျနော်နဲ့ စကားပြောလာတဲ့၊ မေးမြန်းလာတဲ့ မီဒီယာတွေနဲ့ပဲ စကားပြောဆို နေရတယ်။ အများ သိရှိကြရအောင် သူတို့ကနေ တဆင့် ဆွေးနွေး ပြန်ကြားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အများပြည်သူကို ဘာပြောချင်တာလဲ …
နံပါတ် ၁ ကတော့ “မကြောက်တရား” ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မတရားတဲ့ စနစ်တခု ဖြစ်တယ်။ အဲသည် မတရားမှုတွေကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင် အဲဒါကို “အကြောက်” နဲ့ မရင်ဆိုင်ဘဲ “မကြောက်တရား” နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောကြားခဲ့သလို လူတွေ မကြောက်ကြပါနဲ့၊ မကြောက်တဲ့ အနေအထားကနေ ရင်ဆိုင်ပါ။ မရဘူး … ကြောက်တာပဲ ဆိုရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ကြပါ။ ကျနော်ကိုယ်တိုင်လည်း သူများကို မကြောက်နဲ့ မကြောက်ကြနဲ့လို့ ပြောနေရုံတင် မဟုတ်ဘဲနဲ့ မကြောက်တရားကို ကိုင်စွဲပြီး အခုလိုမျိုး လုပ်ကိုင် ရင်ဆိုင် နေရတာပဲလို့ ပြောချင်ပါတယ်။
နံပါတ် ၂ ကတော့ “သွေးစည်းညီညွတ်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ အားလုံးမှာ စားဝတ် နေရေးတွေ အလွန် ကြပ်တည်းလာတယ်။ ဆင်းရဲ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ ရှေ့ကို သည်အတိုင်း ကြပ်တည်း ဆင်းရဲတဲ့ အတိုင်း သွားကြရင် စစ်အာဏာရှင် စနစ်ကပဲ ဆက်လက် အောင်ပွဲခံသွားမှာ ဖြစ်တယ်။ အခုချိန်မှာ နည်းမျိုးစုံနဲ့ လှည့်ဖျားတာတွေ၊ ချိန်းခြောက်တာတွေ၊ အချိုသတ်တာတွေ၊ ကျောသတ်တာတွေ စတဲ့ သွေးခွဲမှုတွေ၊ ခွဲခြားမှုတွေ လုပ်လာနေပါတယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသားတည်း တသံတည်းဖြစ်မှသာ အဲသည်လက်နက်နဲ့ ရင်ဆိုင် ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတဲ့ တခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။ ခုချိန်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ အဖြစ်အပျက်တွေကို ကျနော်ကတော့ ၁၉၈၈ အရေးတော်ပုံရဲ့ သမိုင်း မှတ်တမ်းတွေ၊ မှတ်တိုင်တွေ၊ ကြွေးကြော်သံတွေနဲ့ နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒါဟာ ကျနော်တို့ အားလုံးနဲ့ မဝေးသေးတဲ့ နီးစပ်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။
အာဏာရှင် စနစ်ဆိုတာ ဟိုးအပေါ်ဆုံးက နေပြီးတော့ အောက်ခြေအဆုံးက အလွှာအထိ ဘာမှ အစအန မကျန်ရစ်အောင် ချုပ်ငြိမ်းဖို့ လိုအပ်နေပြီ ဆိုတာ သဘောပေါက်ရတော့မယ်။ မဆလခေတ်က အာဏာရှင်တွေ ဆိုတာ အုပ်ချုပ်သူ လူတန်းစား အလွှာထဲမှာသာ ရှိခဲ့တာလေ။ အလယ်အလတ် တန်းလွှာမှာ၊ အောက်ခြေ လူတန်းစားမှာ အာဏာရှင်တွေ မရှိပါဘူး။ နေ့စဉ် နေ့တဓူဝ သွားလာ လှုပ်ရှားနေလို့ ရသေးတယ်။ အာဏာရှင်တွေနဲ့ မပတ်သက်အောင် နေလို့ ရခဲ့သေးတယ်။
အခုကတော့ လူထု လူတန်းစားအလွှာ အသီးသီးမှာ အာဏာရှင်စနစ်ရဲ့ စိတ်ဓာတ်တွေ အကျင့် စရိုက်ဆိုးတွေက တိုးပွား အမြစ်တွယ် လာနေပြီ ဖြစ်တယ်။ ဟိုးအောက်ခြေက ထောင်ဝန်ထမ်း ကလည်း အာဏာရှင်ပဲ။ ရပ်ကွက်ထဲက သာမန် လူတဦးကလည်း စစ်အစိုးရ သွေးထိုးမှု၊ ဖျက်ဆီးမှုကြောင့် သူလည်းပဲ အာဏာရှင်ပဲ။ အဲသလို အခြေခံနဲ့ မြန်မာပြည် တ၀ှမ်းလုံးမှာ အာဏာရှင် ပေါက်စတွေ တိုးပွားလာနေပြီ။ သူတလူ ငါတမင်းနဲ့ မင်းမဲ့ စရိုက်ဖြစ်ပြီး မည်းမည်းမြင်ရာ အနိုင်ကျင့်နေ စော်ကားနေကြပြီ။ အဲဒါကြောင့် ခုချိန်မှာ “အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတာ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ကြမှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက် ကြရပါမယ်။
အဲဒါကြောင့် ကျနော်တို့ အပါအ၀င် အားလုံးသော ပြည်သူလူထုက မကြောက်တရား လက်နက်ကို ကိုင်စွဲပြီး အားလုံး သွေးစည်း ညီညွတ်စွာနဲ့ တစုတစည်း တသံတည်း - အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တခုတည်းသော ပန်းတိုင်အဖြစ် ရင်ဆိုင်ကြဖို့ ချီတက်ကြဖို့ ပြောလိုက်ချင်ပါတယ်။
Ref: မိုးမခ
0 comments:
Post a Comment