Friday, April 2, 2010

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေခံနိုင်ငံရေး ရပ်တည်ချက်နဲ့ ဝါဒ သဘောထားကို ၂၀၀၉ ခုနှစ် အောက်တိုဘာလ အတွင်းမှာ ပြင်ပသို့ အမှာစကား ပါးလိုက်ရာမှာ အောက်ဖော်ပြပါ မိန့်ခွန်းသုံးခု အတိုင်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အဲဒီ မိန့်ခွန်း/ဆောင်းပါးတွေကတော့ --

၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" (Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃)
၂။ "ကျမတို့လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကို အသုံးချကြပါ" (New York Times သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇၊ ဝါရှင်တန်မြို့တော် အမေရိကန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံ မိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ (နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃)

(၁)
လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်

မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲလို့ မေးကြည့်မိပါတယ်။ မကြာခဏ ဆိုသလို အကြားရဆုံး အဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ ဆိုတာပါပဲ။ သူတို့ အကျယ်ချဲ့ပြီး မပြောရဘဲ သူတို့ ဘာပြောတယ်ဆိုတာ ကျမ နားလည်ပါတယ်။ သူတို့ရဲ့ ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော် ဆုံးဖြတ်ခွင့် မရှိဘဲ ဖိနှိပ် ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက် အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာ စိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝ ကြုံတွေ့နေရတဲ့ အဖြစ်တွေကို မလိုချင် ကြတော့ပါဘူး။

လူငယ်တွေကို ကျမက လွတ်လပ်ခြင်း ဆိုတာ ဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့ စိတ်ထဲ ရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့် ပြောပြချင်တာလို့ ဆိုပါတယ်။ သူတို့ အသိဉာဏ်ပညာ စိန်ခေါ်မှုကို ဖြည့်ဆည်း မပေးနိုင်တဲ့ ပညာရေး စနစ်အပေါ် မကျေနပ်ချက်တွေကို သူတို့ ထုတ်ဖော် ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေ ဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမက စုဝေးနိုင်သူတွေ ဖြစ်လိုကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမခန်းမှုတွေ ပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြား တက်ကြွတဲ့ အရွယ်တွေကို အပြည့်အဝ ပိုင်ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပ ခမ်းနား မှုနဲ့ ဖီလာ ဆန့်ကျင်မှုတွေ ကြမ်းတမ်း ခက်ထန်မှုနဲ့ သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ်ဘာဝကို အပြည့်အဝ ရယူလို ကြပါတယ်။

မြန်မာအမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှု ဒဏ်ကြောင့် အားဆုတ် ငြီးငွေ့ လောက်အောင် အိမ်မှု ထိန်းသိမ်းနေရတဲ့ ဘဝက လွတ်မြောက် ချင်ကြပါတယ်။ လွတ်လပ်စွာ တွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေး အရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့ အခွင့်အလမ်းတွေ ဆုံးပါး သွားမလားဆိုတဲ့ စိုးရိမ် ကြောင့်ကြမှုတွေက ကင်းလွတ် ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ ဘဝက လွတ်မြောက်ဖို့ တောင့်တ နေကြတဲ့ အမျိုးသမီးတွေလည်း တော်တော်များများ (အများကြီးကို) ရှိပါတယ်။

ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုး ထွန်ယက် ချင်ကြတယ်။ မတော် မတရား ဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက် ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက် တင်ရောင်းချ လိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလို ကြမ်းတမ်းတဲ့ ဘဝတွေ အပေါ်မှာ ကျိုးကြောင်း မဆီလျော်တဲ့ အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင် တွေကြောင့် နောက်ထပ် ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။

ဒါနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရော လို့ မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည် လွတ်မြောက်ဖို့ ခက်ခက်ခဲခဲ လုပ်ကိုင်နေပါသလဲ။ ဒီလို လုပ်ကိုင်နေတာဟာ ဒီမိုကရေစီ အပေါ် မရေမရာနဲ့ အကောင်းမြင် မျှော်လင့်ပြီး ထင်ရာ လုပ်ကိုင်နေတာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင်အောင် အမြဲတစေ အရောင် တင်ပေးရတဲ့ ရတနာတပါး ဖြစ်တယ်ဆိုတာ ကျမတို့ သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရတာတွေ မဖြစ်အောင် ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့်ကြပ် ကြည့်ရှု နေရပါလိမ့်မယ်။

လွတ်လပ်တဲ့မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုး ထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ်မြောက်ရေး အတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်း ကြိုးစားနေကြတာ ဖြစ်ပါတယ်။

တိုင်းပြည် တဝှန်း လှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမ အကြိမ် ခြောက်နှစ်နဲ့ ဒုတိယအကြိမ် ဆယ့်ကိုးလ နေရတာမှာ ဘယ်လို ခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လို နေခဲ့သလဲပေါ့။ ဒီအာဏာရှင် နိုင်ငံမှာ ယုံကြည်ချက် အတွက် အကျဉ်း ချခံရသူကသာ အမှန်တကယ် လွတ်လပ်သူ ဖြစ်နေတာ ဂွကျလှတယ်လို့ ကျမ ပြောချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့ သာမန်ဘဝ လွတ်လပ်ခွင့်တွေကို ပေးဆပ် ထားရတယ်။ ဒါပေမဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံ ကြည်ချက် အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံ ရပ်နေခဲ့ကြပါတယ်။

ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံ နေရဖို့နဲ့ စစ်မှန်တဲ့ လုံခြုံမှုအောက်မှာ လွတ်လွတ်လပ်လပ် နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့် သေးသိမ်စေတဲ့ အနှောင် အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာ ပြည်သူတွေဟာ လွတ်လပ်တဲ့ လူသားတွေအဖြစ် ခေါင်းမော့ ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမ တွေ့မြင်လိုပါတယ်။ ကျမတို့ အားလုံးအတွက် ပိုပြီး ပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်း ပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာကို ကျမ တွေ့မြင်လိုပါတယ်။

အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ အနာဂတ်ကို တက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မားမားနဲ့ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်တာ ကျမ တွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာ သေခဲ့သူ အားလုံးအတွက် ထိုက်တန်တဲ့ တိုင်းပြည်အဖြစ် ဘိုးဘွား အမွေအနှစ် အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ် အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲ မုချရရမယ် ဆိုတဲ့ ခိုင်မာတဲ့ ယုံကြည်မှုနဲ့ ကျမတို့ အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေ တာတွေရဲ့ ပကတိဦးတည်ရာပဲ ဖြစ်ပါတယ်။

(ဝါရှင်တန်ပို့စ် သတင်းစာနှင့် တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံ မဂ္ဂဇင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆိုတင်ပြထားသည်။)

(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ

ကျမတိုမြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူတွေဟာ ဖိနှိပ် ချုပ်ချယ်မှု များလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေး နေမယ့်အစား အခြေခံ လူ့အခွင့်အရေး အတွက် ရပ်တည် တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါတယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာ နားလည်မှု အပေါ် အရင်းခံ တဲ့ ယုံကြည်မှု ရှိမှသာလျှင် ဖြစ်မယ့် အကြမ်းမဖက် လှုပ်ရှားမှု တရပ်သာ ဖြစ်ပါတယ်။

လူဆိုတာ မိမိကောင်းစားရေးကိုသာ အဓိကထားတဲ့ စီးပွားရေး အကျိုးအမြတ်ကိုသာ ရှေးရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်း ဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိယုံကြည်ချက်နဲ့ စိတ်ဓာတ် ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေး အရေးယူမှုတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ ဒေး ရှိသေးတယ် ဆိုတာကို ကြည့်ယင် အဲဒီ အဆိုဟာ သေးသိမ် ကျဉ်းမြောင်းလှတယ် ဆိုတာ သိပါလိမ့်မယ်။ ဒီလို အမျိုးကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့ နိုင်ငံမှာ မြောက်များစွာ ရှိနေသေးတာကြောင့် ကျမလွန်စွာ အားတက်မိပါတယ်။

မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန် ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတတ်တဲ့ နိုင်ငံရေး ယဉ်ကျေးမှု တရပ်ရှိတယ်လို့ အများက လက်ခံ ထားကြပါတယ်။ ရန်ကုန် တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘဝကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်း လှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။

ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင် အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမ ကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ်လို အာဏာရှင် အစိုးရမဆို ပစ်မှတ်ထား ချေမှုန်းမှာ အသေအချာပါပဲ။ ၁၉၆၂ ခုနှစ် ကတည်း က အာဏာရလာတဲ့ မြန်မာ စစ်အစိုးရကတော့ အာဏာရပြီး သိပ်မကြာခင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အသင်းအပင်း ဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရ တပိုင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှုကို မြန်မာပြည်သူတွေ ဆန့်ကျင် အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိက တောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းခွင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် စစ်အာဏာရှင်တွေ တုံ့ပြန်လိုက်တဲ့ အဖြေကတော့ သူတို့ကို ပစ်သတ် လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန်မာပြည်က ကျောင်းသား ကျောင်းသူတွေဟာ မိမိတို့ အကျိုး ဖြည့်ဆည်းပေးပြီး မိမိတို့ အမှန်တကယ် လိုချင် တောင့်တလှတဲ့ ကျောင်းသား အဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင် သေးပါဘူး။

အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကို တောင်းဆိုတဲ့ ကျောင်းသား ဆန္ဒပြပွဲတရပ် ပေါ်ပေါက်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲ တောင်းဆိုချက်တွေ လျစ်လျှူရှု ခံခဲ့ရပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ပါဝင်သူ တွေကို အင်အားသုံး ဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါတယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ် ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံ ဆွေးနွေးတာဟာ အစိုးရကို ပုန်ကန် ခြားနားတယ်လို့ အမှန် တကယ်သာ ယူဆနေမယ် ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်း စိတ်မကောင်းစရာတွေ ထပ်ပြီး ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေရဲ့ မျှော်မှန်းချက်တွေကို စာနာ ထောက်ခံကြောင်း ဘယ်တုံးကမှ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့ မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလို ကြိုးပမ်းခြင်းအားဖြင့် ကျမတို့ ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက် ရှင်သန် တည်တန့်ပြီး ကျမတို့ တိုင်းပြည်ရဲ့ အသွေးအသားထဲ ပေါင်းစည်းယှက်နွယ် သွားအောင် ဖြစ်ပါတယ်။

ကျမတို့ဟာ ကိုယ့်ထက်အဆမတန် သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရ ဗျူရိုကရက် ယန္တရား ပေါင်းစည်းထားတဲ့ အားကို ဆန့်ကျင် အာခံရင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲ ဆိုတော့ လက်ရှိ အမိန့်အာဏာတွေဟာ အမြဲတမ်း မပျက်မသုဉ်း တည်ရှိမယ့် အရာတွေပဲလို့ ယုံကြည် နေသူတွေရဲ့ သံသယတွေပါဘဲ။ လက်ရှိ အခြေအနေကိုဘဲ လက်ခံ လိုက်တာဟာ အသင့်လျှော်ဆုံး ဖြစ်မယ်လို့ နားလည် ယုံကြည်ထားသူတွေ အများကြီး ရှိနေတာ အံ့သြစရာပါပဲ။ ကျမတို့ဟာ ပြောင်းလဲဖို့ လိုတဲ့ ကိစ္စတွေကို ပြောင်းလဲဖို့ စွမ်းအားအပေါ် ယုံကြည်မှု ရှိပေမဲ့ အာဏာရှင် စနစ်ကနေ လစ်ဘရယ် ဒီမိုကရေစီကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီ အစိုးရလက်ထက် မှာ ကျမတို့ရဲ့ ပြဿနာတွေ အားလုံး ပြေပျောက် သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင် မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့ စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့ သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တရပ် တည်ထောင်ဖို့အတွက် ကျမတို့ရဲ့လှုပ်ရှား ရုန်းကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ် ဆိုတာ ကြိုတင် မှန်းဆ ထားပါတယ်။ ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန် မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာမှာ ကျမတို့ကို ကရုဏာ သက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသား အရောင်မရွေး နေရာတိုင်းက ခံစားတွေးတော တတ်တဲ့ လူသားတွေ အနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဖြစ်တည်မှုကို လိုလား တောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှုသက်သက်ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့် အရေးတွေ အပြည့်အဝရှိတဲ့ လူ့အဖွဲ့ အစည်းမှာ နေထိုင်ခွင့် ရနေတဲ့ ကံကောင်းလှသူတွေ အနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ ကမ္ဘာကြီးရဲ့ အခြား နေရာတွေက ကံမကောင်း အကြောင်းမလှ သူတွေကို ကူညီဖို့ အင်မတန် လိုအပ်လှပါတယ်။

ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကျမတို့ ဆင်းရဲ မွဲတေ နေရတာဟာ လုံလောက်တဲ့ ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့ မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေတဲ့ အခြေခံ အဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာ ဖြစ်တယ် ဆိုတာကို သိမြင် နားလည်စေခြင်းပါဘဲ။

ဖိနှိပ်လွန်းတဲ့အစိုးရတွေနဲ့ ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်း မရှိတဲ့ နိုင်ငံစုံ စီးပွားရေး လုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို အကူအညီ ဖြစ်စေဖို့သာ ဖြစ်တယ်လို့ အကြောင်းပြလေ့ ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသား လူတစုကိုသာ ပိုမို ချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမိုကရေစီ စနစ်အတွက် အခြေခံ အုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့ တရားမျှတမှုကို ဖော်ဆောင် ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့ စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအား ဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ်သူမဆို မြန်မာ စစ်အစိုးရနဲ့ စီးပွားရေး လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင် ရပ်တည်သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့ လွတ်လပ်မှုကို မြင့်တင်ဖို့ ရှင်တို့ရဲ့ လွတ်လပ်မှု ကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။

(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့် International Herald Tribune သတင်းစာဆောင်းပါး၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇)

(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း
နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃

သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် မိတ်ဆွေများရှင့်..

ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက် အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ် တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည် ရင်းနှီးမှု နှောင်ကြိုးတွေ ဘုံနိုင်ငံရေး စိတ်ကူးစံတွေ ရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယ နိုင်ငံအကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့ မိသားစုက အမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင် မဖြစ်ခဲ့တဲ့ အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကို အမှတ်တရနဲ့ ထူထောင်ထားတဲ့ နိုင်ငံတကာနားလည် မှုဆုတံဆိပ် ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ်ယူ ဝမ်းသာစရာ ဖြစ်ပါတယ်။

တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ ရတာ မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ကိုယ်စားလှယ် တယောက်အဖြစ် ရတာကို ကောင်းကောင်း သဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသတဲ့ မေတ္တာကရုဏာ စိတ်နဲ့ ကျေးဇူးတင် ဝမ်းမြောက်စိတ် ပြည့်လျှမ်း သွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန် အကျိုးဆောင် ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေ လက်ခံဖို့ ကျမ အရွေးချယ် ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့ တိုင်းပြည်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စောင့်ရှောက် မခံရဘဲ ကျမတို့ ပြည်သူလူထုကို လုံခြုံပြီး သိက္ခာရှိတဲ့ ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင် ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့ လွတ်လပ်မှုသာမက မိမိတို့ အသက်တွေတောင် စွန့်လွှတ် စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီး ရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့ တိုက်ပွဲကို မီးမောင်း ထိုးပြဖို့ အခွင့်အလမ်း ရတဲ့အတွက် ကျမ ကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံး အတွင်းမှာ သူတို့တတွေ ကိုယ်စား နိုင်ငံတကာ နားလည်မှုဆိုင်ရာ နေရူး အမှတ်တရဆု လက်ခံခွင့်ရတဲ့ အတွက်လည်း ကျမ ကျေးဇူးတင်ပါတယ်။

ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီ မြန်မာနိုင်ငံ ပေါ်ထွန်းရေး အတွက် အင်မတန့်ကို စွန့်လွှတ် စတေးခဲ့သူတွေကို ဦးညွတ် ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့ နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့ လည်း ဆန္ဒ ပြင်းပြနေတဲ့ အတွက် ဒီကနေ့ လူကိုယ်တိုင် လာရောက်ပြီး ဆုလက်ခံ ချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေ မပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ ကိုယ်စားအဖြစ် အင်မတန် ချစ်ခင်တဲ့ မိသားစု မိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူးဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန် ရွေးချယ်ခဲ့ပါတယ်။ သူမဟာ ကုလသမဂ္ဂ အတွင်းရေးမှူးရုံးရဲ့ ပထမဆုံး မြန်မာလူမျိုး ရုံးအဖွဲ့ဝင် ဖြစ်ပြီး နိုင်ငံတကာ နားလည်ရေး အတွက် ထက်ထက်သန်သန် ဆော်သြခဲ့ လက်တွေ့ ကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေ အပြည့်နဲ့ ဆုလက်ခံမယ် ဆိုတာ ကျမ ယုံကြည်ပါတယ်။

နိုင်ငံတကာ နားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝ တသက်တာ အတွင်း ကမ္ဘာ့ ဇာတ်ခုံပေါ်မှာ သူပါဝင် ကပြခဲ့တဲ့ အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ ယဉ်ကျေးမှု ဓလေ့တွေကြား၊ အမျိုးမျိုး အဖုံဖုံသော သဘောတရား ဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်း လျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထု စွမ်းပကား ပိုလို့ ပိုလို့ တွင်ကျယ်လာတဲ့ ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသား တန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင် ရုန်းကန်နေ ကြတဲ့ ပြည်သူ လူအများကို နေရူးဝိညာဉ်က အားပေး အကျိုးပြု နေပါတယ်။

ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေဟာ အစဉ်တစိုက် စိတ်ဓာတ်မြှင့်တင် အားပေး နေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယ အမျိုးသား နှစ်ယောက်ကို ကျမ အလေးစား အကြည်ညိုဆုံး ရှေ့ဆောင် လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေ စာရင်းထဲ ထည့်ထားပါတယ်။ ကျမ ပြင်ပ ကမ္ဘာနဲ့ အဆက်ဖြတ် ခံခဲ့ရတဲ့ ခြောက်နှစ်တာ ကာလ တလျှောက်လုံး ကျမ အိမ်ရှေ့ခန်းမမှာ ပန်ဒစ်ကြီး ကိုယ်တိုင်ရေး အထုပ္ပတ္တိထဲက ထာဝရ ရှင်သန်နေမယ့် စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူး ချိတ်ဆွဲ ထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့ အတွက် အဲဒီထဲက တပိုဒ်ကို ကိုးကား ပါရစေ။

တရားဥပဒေစိုးမိုးရေး နှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ် အောင်မြင်ချက်များထဲ ပါဝင်သည်ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ ကိုယ်ပိုင် အသိစိတ်အရ ယင်းတရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝ လိုလား ထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိ နေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခ ဖြစ်မှုနှင့် စွမ်းဆောင်ရည် မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသော အတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အ စိုးရများက ချမှတ်သည့် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော် သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုး အတွက် ပေးဆောင်ရသည့် စရိတ်မှာ လွန်ကျူးလှပြီး တရားဥပဒေ စိုးမိုးရေး ဟူသည်မှာ ကြီးစိုး လွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒ သဘောထားသာ ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေး ဟူသည်မှာလည်း အသွေးအသားထဲ အထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏ လွန့်တုန့်ချက် reflex သာဖြစ်သည်။ တခါတရံတွင် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးဟု ခေါ်ဆိုကြသည့် အရာမှာ လက်တွေ့တွင် တရား ဥပဒေနှင့် ငြိမ်ဝပ်ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍ သင့်တော်စွာ ခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ ဖြစ်နေသည့် ကြောက်ရွံ့မှု အပေါ် အခြေခံထားသော မည်သည့် အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာ ဖြစ်နိုင်ရန် ခဲယဉ်းလှပြီး နိုင်ငံတော် အစိုးရ၏ အကြပ်ကိုင် ခြိမ်းခြောက်မှု ယန္တရားပေါ် အခြေခံထားကာ ယင်းယန္တရားနှင့် ခွဲခြား မတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက် အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက် စိုးမိုးမှုနှင့် ပိုတူနေပါသည်။ ကဗျာ ဆရာကြီး ကဠဏ၏ သက်တမ်း ထောင်ချီရှိပြီ ဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယား ရာဇဝင် ဇာတ်တော်ကြီးထဲတွင် မင်းနှင့် နိုင်ငံတော် အစိုးရတို့က စောင့်ထိန်းရန် တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက်အရွံ့မဲ့မှု) တို့ကို တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲ သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရားဥပဒေ စိုးမိုးရေး ဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက် သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာလည်း ပြည်သူပြည်သားများ အနေဖြင့် အကြောက်အရွံ့ မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ ထိတ်လန့်နေသော ပြည်သူလူထု အပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက်စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင် စိမ့်ဝင်စေသည့် စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။

အဲဒီ အပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ ခံစားချက်တွေနဲ့ လုံးဝ တထပ်တည်း ဖြစ်ပါတယ်။ သူနဲ့ကျမ တူညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ ကာလတွေတုံးက ပန်ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင် လုပ်နိုင်တဲ့ အခွင့်အလမ်း မယူမိခဲ့တာကို နောင်တ ရမိပါတယ်။ အဲဒီတုံးကတော့ သူ့ကို ကျမ မိဖတွေရဲ့ မိတ်ဆွေ တယောက်အဖြစ် လောက်ဘဲ သဘောထား မိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့ မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်းစား မိခဲ့ပါဘူး။

ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင် တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသား ဆန်မှု မေတ္တာ ကရုဏာဓာတ်နဲ့ မကြာခဏ ဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည် လွတ်လပ်ရေးအတွက် လန်ဒန်ကို သွားဆွေးနွေးတဲ့ အခါ ဒေလီမှာ ခဏနားပြီး ပန်ဒစ်နေရူးနဲ့ တခြားအိန္ဒိယ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆)နှစ်ငယ်တဲ့ ကျမအဖေ အပေါ် ဖခင်စိတ် ချက်ချင်း ပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်းဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့ မျက်လုံးနဲ့ ဝေဖန် ပိုင်းခြားပြီး အဲဒီအဝတ်အစားနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ် ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုးမွှေး ယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာ မကြုံဖူးအောင်အေးတဲ့ ဆောင်းရာသီကို တွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံ အနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေရာက ဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ ဓာတ်ပုံတပုံမှာ သူ့အတွက် အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ် ကြီးထဲ မြုပ်ဝင်နေတာကို ပြထားပါတယ်။

၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေး ထွေးထွေး စောင့်ရှောက်ခဲ့ပါတယ်။ အများပြည်သူ ပွဲလမ်းသဘင်တွေမှာ ဆိုရင်လည်း အမေ့ကို တမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့ နွေးထွေးမှု အမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဒီမိုကရေစီ ယုံကြည်ချက် နိုင်ငံတကာ့ဝါဒ ယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစား သွားကြပါတယ်။

ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်း ကမ္ဘာကြီးကို ဖိစီး နှိပ်စက်နေတဲ့ ပြဿနာ တပုံတခေါင်း အတွက် အကောင်းဆုံး ဖြေရှင်းချက်တွေ ပေးစွမ်း နိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံ တို့ရဲ့အောင်မြင်မှုတွေက အင်မတန့်ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယ တိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီး ရှိနေတဲ့ တိုက်ငယ်ဖြစ်တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ် ခြောက်ခြားစရာ ကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေး အဓိကရုဏ်း၊ အစွန်းရောက် ဝါဒနဲ့ အကြမ်းဖက်မှု တွေကြောင့် အနေအထားတွေ ဖရိုဖရဲ ဖြစ်သွားပြီး လပိုင်း အတွင်းမှာ ကံကြမ္မာနဲ့ ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်းသွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါ ဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ် အုပ်ချုပ်ဖို့ ထိုက်တန်တဲ့ သတ္တဝါအဖြစ် တန်ဖိုး ထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ ပြဿနာ မရှိဘူး ဆိုတာကို ဒီ ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက အကောင်းဆုံး သက်သေပြနေပါတယ်။ ကျမတို့နိုင်ငံလည်း မဝေးတော့တဲ့ တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားက ရှေ့ဆောင် လမ်းပြပြီး ဓမ္မနဲ့ အဘယ တို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူ အများတကာ့ အများစုကြီးက နှစ်နှစ်ကာကာ မျှော်လင့်နေပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်း စပ်နေရုံ မကပါဘူး။ မြန်မာ့ ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓ ဘာသာဟာ အိန္ဒိယ မြေပေါ်က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျမတို့ ခေတ်ကာလရဲ့ ဧရာမ နည်းပညာ တိုးတက်မှု တွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီး သေးငယ်လာပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန် အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလို ကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒက သင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံ ခွင့်လွှတ်မှုနဲ့ မိမိကိုယ်မိမိ ထိန်းချုပ်မှုတို့ဟာ တန်ဖိုး ရှိလှတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံလူသားနွယ် ဖြစ်မှုက စည်းနှောင် ထားတာကို အသိအမှတ် ပြုဖို့၊ တယောက်ကို တယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေတောင်မြှောက်ပေးဖို့ တခါမှ မကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့ အမြော်အမြင် ကျယ်ပြောမှုနဲ့ တစိမ်းတရံစာ နှလုံးသားတွေကို သိမ်းကျုံးယူနိုင် ခဲ့တဲ့ မဟတ္တမဂန္ဒီ နဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ် မြင့်မားမှု တခါမှ မကြုံဖူးအောင်ကို လိုအပ်နေပါပြီ။

ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက် လျှောက်လှမ်း နေပါတယ်။ ကျမရဲ့ နှလုံးသားနဲ့ အင်မတန့်ကို ရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့ နားလည်မှု ဆိုင်ရာဆု လက်ခံယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာဖြစ်ပါတယ်။

သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)



0 comments:

အပေါ်သို့