ဒီတလောလုပ်နေတဲ့ နအဖစစ်ထိပ်သီးတွေရဲ့ လေးလပတ် အစည်းအဝေးပြီးရင် သူတို့ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပိုမို ရှင်းရှင်းလင်းလင်း၊ တိတိကျကျ သိလာရမယ်လို့ ယူဆရပါတယ်။ တိုင်းမှူး အသီးသီးဟာ ကိုယ့်နယ်မြေအတွင်း ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု အခြေအနေတွေ၊ သူတို့ရဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရနိုင်မှု အခြေအနေ၊ တခြား အင်အားတွေရဲ့ အခြေအနေ စတာတွေကို တင်ပြ ဆွေးနွေး ကြမယ်လို့လည်း ယူဆရပါတယ်။ ဒီအထဲမှာ တခြား ဘယ်ပါတီတွေကို တည်ထောင်ခွင့်ပေးမယ်၊ မပေးဘူး ဆိုတာတွေလည်း ပါဝင်မှာမုချပါပဲ။ တဆက်တည်း ဒီအချက်တွေအပေါ် မူတည်ပြီး ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြေညာမယ့် သဘော ရှိပါတယ်။
လောလောဆယ်မှာတော့ နအဖဟာ ပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ရှိခွင့် လျှောက်ထားသူတွေ ထဲက ကချင် ပြည်နယ် တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေး ပါတီနဲ့ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကို တည်ထောင်ခွင့် မပေးသေးဘဲ ထစ်ထားတာ တွေ့နေရပါတယ်။ ဒါဟာ အဲဒီတိုင်းရင်းသား နယ်မြေတွေမှာ သူတို့ကြံ့ဖွံ့အနေနဲ့ ဘယ်လောက်ပဲ ညစ်ညစ် မနိုင်မှန်း သေချာနေလို့ ညစ်ထားတာ။ လျှောက်လွှာ တင်ထားသူတွေ စိတ်ပျက်ပြီး ပြန်ရုပ်သိမ်းသွားအောင် စောင့်နေတာပဲ ဖြစ်နိုင်ပါတယ်။ နောက်ပြီး အဲဒီ ပါတီထောင်ခွင့် လျှောက်ထားတာတွေကို ပယ်ဖျက်နိုင်ဖို့ အကြောင်းပြစရာ ရှာနေ၊ စောင့်နေတာလည်း ဖြစ်နိုင်ပါတယ်။
အဲဒီအဖွဲ့တွေ စိတ်ပျက်မပျက် မသိရပေမယ့် နဂိုက ရွေးကောက်ပွဲဝင်မဟဲ့လို့ ခါးတောင်းကျိုက်၊ လက်မောင်းပင့် စောင့်နေကြတဲ့ တချို့ ပါတီတွေနဲ့ လူတွေကတော့ ဗိုလ်သိန်းစိန်နဲ့ ကြံ့ဖွံ့ ထွက်လာကတည်းက ခေါင်းငိုက်စိုက် ကျသွားကြတာ တွေ့ရပါတယ်။ သူတို့ဟာ ရှုံးမှာ သေချာနေတဲ့ ရွေးကောက်ပွဲ အတွက် ငွေတွေ အများကြီး သုံးရမှာကို လက်နှေး နေကြပါတယ်။ ဒါ့အပြင် စပေ့စ်ဆိုတဲ့ အသံတွေလည်း အပြော နည်းသွားတာ သတိထားမိ ပါတယ်။ ဒီအခြေအနေတွေ အတိုင်းဆိုရင် ကြံ့ဖွံ့က ပြိုင်ဘက်မရှိ အနိုင်ရမယ့် နေရာတွေ အများကြီး တွေ့လာရဖို့ ရှိပါတယ်။
ဒါတွေနဲ့တဆက်တည်း အခုတလော အပြောများလို့ အကြားများရတာကတော့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဘာခြားနားသလဲ ဆိုတဲ့ ကိစ္စပါပဲ။ ဒီအထဲမှာ အခုလုပ်မယ့် ရွေးကောက်ပွဲက ပိုကောင်းတယ်၊ ပိုလွတ်လပ် ပွင့်လင်းမယ်လို့ ပြောတဲ့အသံ မကြားရသလောက်ပါပဲ။ ဒီရွေးကောက်ပွဲကို ရှေ့နေ လိုက်ချင်သူတွေတောင်မှ ကောက်ကောက်ထဲက ကွေးကွေးရှာဆိုတဲ့ အပြောမျိုး ပြောနေတာကို သတိထားမိ ကြမှာပါ။
နှိုင်းစရာမလိုတဲ့ ကိစ္စနှစ်ခုကို နှိုင်းတယ်ဆိုတာ သိနေပေမယ့် ပြောတဲ့သူတွေ ပြောနေကြတော့ အချက်အလက်တချို့ ထောက်ပြချင်လာ မိပါတယ်။
ဒီရွေးကောက်ပွဲနှစ်ခုဟာ အခြားနားကြီးခြားနားပါတယ်ဆိုတာကို ထောက်ပြစရာ အချက်တွေ အများကြီး ရှိတဲ့ထဲက အဓိက အကျဆုံး အချက်ကို ထောက်ပြရရင် နအဖ ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံပါပဲ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြမယ် ဆိုတဲ့ (ဗိုလ်စောမောင် ပြောတဲ့စကား) မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု ရွေးကောက်ပွဲမှာ ကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံရဲ့ ကျေးကျွန်ဖြစ်ရုံမက သမိုင်းတရားခံလည်း ဖြစ်မှာပါ။ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရဲ့ ရလဒ်မှာ အကန့်အသတ်တွေ ကြေညာထားတာ မရှိပါဘူး။ ဒါပေမယ့် ဒီတခါ ရွေးကောက်ပွဲရဲ့ နောက်ပိုင်းမှာတော့ နအဖရဲ့ ဖွဲ့စည်းပုံ ဥပဒေက ထူးခတ်သလို ခတ်ထားပါတယ်။
အရေးကြီးတဲ့ နောက်ခြားနားချက်တခုကတော့ ၁၉၉ဝ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့တိုက်ပွဲအရှိန်၊ အောင်ပွဲအသီးအပွင့် အဖြစ်နဲ့ ကျင်းပတာ ဖြစ်ပါတယ်။ စစ်အစိုးရ အနေနဲ့ ကျင်းပလိုစိတ်မရှိဘဲ ကျင်းပရတာ ဖြစ်ပါတယ်။ လူထုကြီးဟာ ဘာမှ ထပ်စည်းရုံးဖို့ မလိုလောက်အောင် စည်းလုံး ညီညွတ်နေပါတယ်။ နိုင်ငံရေး ပါတီတွေဟာ ဆိုရင်လည်း တစညကို အနိုင်ရရင်ပြီးရော ဆိုပြီး မဲမကွဲအောင် အနစ်နာခံ ရှောင်ပေးတာတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါ ရွေးကောက်ပွဲကျတော့ နအဖက သူ့စိတ်ကြိုက် ပြင်ဆင်ပြီး သူ့ဆန္ဒနဲ့သူ ကျင်းပတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ တက်ကြွမှုဆိုတာ သုညအောက် ရောက်နေပြီး အတိုက်အခံ တွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။
နောက်တခုက ကြံ့ဖွံ့ပါတီဝင်ပြိုင်မယ်ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ ကြံ့ဖွံ့နဲ့ ၁၉၉ဝ တုန်းက တစညကို တတန်းတည်းထားလို့ မဖြစ်ပါဘူး။ ဟိုတုန်းက တစညဟာ နန်းကျသွားတဲ့ စစ်အုပ်စုကို ကိုယ်စားပြုတာ ဖြစ်ပါတယ် (ဗမာပြည်က စစ်အုပ်စုတွေရဲ့ သမိုင်းအရဆိုရင် အာဏာနဲ့ ကင်းကွာသွားတဲ့ အရင် စစ်အုပ်စု ထိပ်သီး ဆိုသူတွေဟာ ဘာမှအာဏာ မရှိကြရုံမက အာဏာရ စစ်အုပ်စုက ရမ်းတဲ့အခါ ကိုယ့်ကို ယမ်းချေးမပန်းအောင် ရှောင်နေရတာပါ)။ သူတို့ရဲ့ လက်ထဲမှာရှိနေတာဟာ မဆလ ပါတီဆီက အမွေရထားတဲ့ ဥစ္စာ ပစ္စည်းနဲ့ လူထုမုန်းတီးမှုသာ ဖြစ်ပါတယ်။ အာဏာအခွင့်အရေး မရှိပါဘူး။ ဒီနေ့ နအဖရဲ့ ကြံ့ဖွံ့ကျတော့ နအဖက ပုံပေးထားတဲ့ ဓနနဲ့ ရုပ်ဝတ္ထုအပြင် ဝန်ကြီးချုပ် အာဏာကိုင်ထားသူ ကိုယ်တိုင်က ပါဝင်တဲ့အပြင် နောက်ကွယ်မှာ ကြံ့ဖွံ့ အနိုင်ရဖို့အတွက် ဘာမဆို လုပ်မယ်ဆိုတဲ့ နအဖ အစိုးရ တဖွဲ့လုံးနဲ့ စစ်တပ်ကြီး ရှိနေပါတယ်။
၁၉၉ဝ ပြည့်နှစ်ဆီတုန်းက ရှစ်လေးလုံးတိုက်ပွဲကြီးရဲ့ အရှိန်အဝါတွေ တဟုန်းဟုန်းတောက်နေဆဲ ဖြစ်တဲ့အလျောက် ဒီမိုကရေစီ လေထုဟာ လူထူအကြားမှာ ရှင်သန် ဖွံ့ဖြိုးနေဆဲဖြစ်ပြီး အဲဒီတုန်းက အမျိုးသား ဒီမိုကရေစီ အပါအဝင် နိုင်ငံရေး အင်အားစုတွေကို စော်ကား မော်ကားပြောရဲတာ၊ နဝတ အစိုးရကို ကာကွယ် ရေးသားပြောဆိုတယ် ဆိုတာတွေဟာ မရှိသလောက်ဖြစ်ပါတယ်။ ဒါပေမယ့် အခု အခါမှာတော့ သစ္စာဖောက်-ခြံကူး ပေါင်းစုံအပြင် အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက် ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေး တိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ၁၉၉ဝ ပြည့်နှစ် ဆီတုန်းက ပြည်ပနိုင်ငံတွေ၊ အစိုးရတွေဆီက အယူအဆ ရှုပ်ထွေးစရာ ပြောဆို လုပ်ကိုင်တာတွေ မတွေ့ရသလောက် ဖြစ်ပြီး အခုတော့ အန်ဂျီအို အမျိုးမျိုးက အယူအဆ အမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီး ပေါင်းစုံ၊ အမတ်ပေါင်းစုံ ကလည်း သဘောထားတွေ အမျိုးမျိုး ဖော်ပြနေကြပါတယ်။
ဒီလိုအခြေအနေတွေအောက်မှာ တကောင်ထဲပြိုင်တဲ့ မြင်းလိုဖြစ်မယ့် ကြံ့ဖွံ့ပါတီအဖို့ မဆလလို လွှတ်တော်ထဲမှာ လွှမ်းမိုးဖို့ ဆိုတာ ဘာမှ မခက်ပါဘူး။ သူတို့မျက်နှာ ထူရင် ထူသလောက် အမတ်နေရာ ရယူလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထု အနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ရွေးကောက်ပွဲရလဒ် စတာတွေနဲ့ပတ်သက်လို့ ဘာမှ စိတ်ဝင်စားစရာမလို၊ ဂရုစိုက်စရာ မလိုပါဘူး။ မဆလ ခေတ်တုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြီးလို့ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုပြီး နောက်မှ အလုပ်သမားတွေကို သတ်တာ၊ ဦးသန့် အရေးအခင်းလို ရမ်းကားတာ စတာတွေ ပေါ်လာတယ်ဆိုတာ မမေ့သင့်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စိတ်နေသဘောထားကို အရပ်ဝတ် လဲလိုက်တာနဲ့ ပြောင်းသွားလိမ့်မယ် ထင်တဲ့လူလောက် နုံအတာ လောကမှာ မရှိတော့ပါဘူး။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု အတွက် တိုက်ပွဲဂွင် (ခွင်) မဟုတ်ပါဘူး။ ဒင်းတို့ရဲ့ စားခွက်လုပွဲ သက်သက်သာ ဖြစ်ပါတယ်။
Ref: ခေတ်ပြိုင်
0 comments:
Post a Comment