Wednesday, June 2, 2010
ရာဇ၀င်ထဲမှာ တို့ကို မထားခဲ့ကြပါနဲ့
ဝေလင်း / ၁၁ မေ ၂၀၁၀
ဆန္ဒပြမှု တသီကြီး ဆက်တိုက်ဖြစ်ပွားပြီးနောက် ခေတ္တ ငြိမ်သက်နေခဲ့ ရာကနေ ပြီးခဲ့တဲ့ အပတ် အတွင်း ဧပြီလ (၉) ရက်နေ့က တောင်ဒဂုံမြို့နယ် အတွင်းရှိ အိုင်အိုဝမ်း အီလက်ထရောနစ် စက်ရုံမှာ (၂) နှစ်ကြာ မရရှိခဲ့တဲ့ ဘောနပ်ဆုကြေး ရရှိရေး ဆန္ဒပြမှုတခု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ တခြား အရေးတွေက ထိပ်တန်းတက်နေချိန်၊ အတာကူး သင်္ကြန်ချိန်လည်း နီးပြီမို့ အမှတ်မထင် ဖြစ်ပွားခဲ့တဲ့ ဒီဆန္ဒပြမှုဟာ မကြာခင် ထပ်ပြီး ပေါ်လာဦးမယ့် အလုပ်သမား သပိတ်များစွာ အတွက် တပ်လှန့်သံ တချက်ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၀ ခုနှစ် ဇန်န၀ါရီ၊ ဖေဖော်ဝါရီနဲ့ မတ်လတွေအတွင်း လှိုင်သာယာ စက်မှုဇုန်က မပြေမလည် ဖြစ်မှုများအပေါ် စုံစမ်းရေး အစီရင်ခံစာ၊ ဖြေရှင်းချက် (သို့) နောင် လိုအပ်မယ့် ဥပဒေ တစုံတရာလေးမှ နအဖတို့ ဆီက ထွက်ပေါ် မလာခဲ့ကြပါ။
မေလ (၁) ရက်နေ့က အနှစ် (၁၂၀) မြောက် အလုပ်သမားနေ့မှာ စက်မှုဇုန် လုပ်သားများ အပါအ၀င် အခြား လုပ်သားအများစုအတွက် ထုတ်ပြန်ချက် (သို့) လုပ်သား ဥပဒေအသစ် တစုံတရာ ထုတ်သင့် ပါလျက် ထွက်ပေါ် မလာခဲ့ခြင်းဟာ ဘ၀အခက်အခဲတွေ ဖြေရှင်းဖို့ အလုပ်သမားတွေ သပိတ်မှောက် ဆန္ဒပြကြဆိုတဲ့ လမ်ကြောင်းဆီကိုပဲ နအဖက တမင် တွန်းပို့ပေးနေသလိုလိုပါ။
အလုပ်သမားတွေအဖို့ ထိုက်သင့်တဲ့ ဥပဒေရေးဆိုင်ရာ အကာအကွယ်တွေ လုံးဝ မရခဲ့ကြတာ န၀တတို့ တက်လာပြီးမှသည် အခု နအဖခေတ် တလျှောက်လုံး လိုလိုပါပဲ။ ဥပဒေ စာအုပ်ထဲမှာနဲ့ တရားရုံးတွေ ပေါ်မှာသာ ဥပဒေ၊ ကျင့်ထုံးနဲ့ ပုဒ်မမျိုးစုံ (ဒါကလည်း အရင်ကိုလိုနီခေတ် အိန္ဒိယဆီက မှီငြမ်းထားတဲ့ ဥပဒေတွေသာ အများစု) ရှိပါလိမ့်မယ်။ လုပ်သားရပိုင်ခွင့်တွေကို အာမခံပြီး အထောက် အကူ ပြုပေးမယ့် (လုပ်သားအစည်းအရုံး၊ အလုပ်သမားခုံရုံး၊ လုပ်ငန်းစစ်ဆေးရေး အဖွဲ့) စတဲ့ အင်အားစုတွေ မဆလခေတ် ကုန်ကာနီး ကာလကတည်းက မရှိခဲ့တော့ပါဘူး။ လုပ်သား သက်သာ ချောင်ချိရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားဆေးရုံ ဆေးပေးခန်းများ အပြင် အလုပ်ရှင် အလုပ်သမား ၀ါဏိစ္စ တရားရုံး စနစ်တွေအားလုံး မဆလခေတ် အထွေထွေ လာဘ်စားမှုတွေကြား လုံးဝ ကွယ်ပျောက် သွားခဲ့ကြပါပြီ။
၁၉၈၈ ခုနှစ်နောက်ပိုင်း တက်လာကြတဲ့ န၀တ၊ နအဖအစိုးရများ ကိုယ်တိုင်ကလည်း ဒီအလုပ်သမား ကိစ္စတွေ အပေါ်မှာ သိပ်ဂရုမစိုက်၊ အလေးမထားကြတော့ပါဘူး (အလုပ်သမား အရေးထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာ အလုပ်သမား ၀န်ကြီးကို ဆက်ဆံရေး ၀န်ကြီး အဖြစ် ၂၀၀၇ ခုနှစ် နိုဝင်ဘာလအတွင်း တာဝန် ပြောင်းပေးခဲ့တာကိုပဲ ကြည့်ကြပါတော့)။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အတည်မဖြစ်သေးတဲ့ အခုအချိန်မှာ ယခင် ၁၉၄၇/ ၁၉၇၄ ခု ဖွဲ့စည်းပုံ ဥပဒေထဲက အချက်တွေကို လိုရာ ဆွဲသုံးနေပေမယ့် ၁၉၇၄ ခုနှစ် ဥပဒေအခန်း (၂)၊ အပိုဒ် (၉) ပါ အလုပ်သမား လယ်သမားထု အပေါ် အခြေခံပြီး သူတို့အကျိုးကို ဦးထိပ်ထား ဆောင်ရွက်ပေးမယ့် အစိုးရတရပ် ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း နအဖတို့ မေ့ချင်ယောင် ဆောင်နေခဲ့ကြပါတယ်။ လုပ်သား အခွင့်အရေး ဟူသမျှကို သွားလေသူ မဆလ စနစ်ကြီးနဲ့အတူ နအဖတို့က သမိုင်းမှာ တမင် ချန်ထားပစ်ခဲ့ကြပါပြီ။
၁၉၈၈ ခုနှစ်ကတည်းက စပြီးဖွင့်ခဲ့ကြတဲ့ ဈေးကွက်စီးပွားရေး တံခါး အပွင့်မှာ ပြည်ပ ရင်းနှီး မြှုပ်နှံမှု တွေကို နအဖတို့ တပြိုင်တည်း ကမ်းလှမ်း ခဲ့ကြပါတယ်။ ၁၉၈၉ ခုနှစ် မေ (၃၀) အမိန့် ကြေညာစာ အမှတ် ၁/၈၉ အရ မြန်မာပြည်တွင်း စိုက်ပျိုး၊ ငါးဖမ်း၊ သစ်တော၊ သတ္တု၊ ချည်ထည်၊ စက်မှုလုပ်ငန်း၊ တကိုယ်ရေသုံး/အိမ်သုံး ပစ္စည်းထုတ်လုပ်မှု၊ သယ်ပို့၊ ဆောက်လုပ်ရေး၊ ပျော့ဖတ်ထည်၊ သံ၊ စတီး၊ ကုန်သွယ်၊ ၀န်ဆောင် … စတဲ့ ကဏ္ဍစုံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံခြားသားများကို ဖိတ်ခေါ် ကမ်းလှမ်းခဲ့သလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ငြိမ်ဝပ် ပိပြားရေးကောင်စီ အမိန့်အမှတ် ၂၀/၉၀ အရ ပုဂ္ဂလိက စက်မှု လုပ်ငန်းများဥပဒေကို ၁၉၉၀ ခုနှစ် နိုဝင်ဘာ (၂၆) ရက်နေ့မှာ ထုတ်ပြန် ပေးခဲ့ပါတယ်။
ဥပဒေအရ လုပ်ငန်းရှင်တိုင်း …
၁။ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးနဲ့ အခြားထမ်းဆောင်ရမယ့် အခွန်များ ပေးသွင်းရမည်။
၂။ မှတ်ပုံတင်စာချုပ်ပါ အချက်လက်နဲ့ သဘောထားများကို လက်ခံရမည်။
၃။ လုပ်ငန်းအမည်ဖြင့် ဆိုင်ရာ ဘဏ်မှာ ဘဏ်ငွေစာရင်းဖွင့်ပြီး လုပ်ငန်းကို ဖွဲ့စည်းရမည်။
၎။ လုပ်ငန်းတစုံလုံးနဲ့ အစီအစဉ်တွေကို အထက်ညွှန်ကြားချက်အရ ပြင်ဆင်ရမည်။
၅။ အထက်က စစ်ဆေးမှုကို ခံယူရမည်။
၆။ ညွှန်ကြားချက်အရသာ လုပ်ငန်းနေရာ၊ ပုံစံ ပြောင်းရွှေ့ခြင်း၊ လုပ်ငန်းငယ်များ ခွဲခြင်းတို့ကို လုပ်ရမည်။
၇။ ၀န်ကြီးဌာနနဲ့ ညွှန်ကြားရေးရုံးများက လိုအပ်သလို ထုတ်ပြန်သော အမိန့် ညွှန်ကြားချက်များကို လိုက်နာရမည်။
၈။ တည်ဆဲ တရားဥပဒေများကိုလည်း လေးစားလိုက်နာရမည်။
… စတဲ့ အစိုးရ ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ အခွင့်အရေးများသာ ပါရှိပြီး လုပ်သားထုအပေါ် မည်သို့ မည်ပုံ လုပ်ဆောင် ပေးရမည် ဆိုတာတွေ မပါလာခဲ့ပါဘူး။
တဘက်ကလည်း ဒီဥပဒေပုဒ်မ (၁၄) ထဲမှာ လုပ်ငန်းရှင်တိုင်း မြေ၊ ရေ၊ လျှပ်စစ်၊ ဆက်သွယ်၊ သယ်ပို့ … စတဲ့ လုပ်ငန်းလိုအပ်ချက်တွေ တင်ပြတောင်းခံနိုင်သည်။ ကင်းလွတ်ခွင့်နဲ့ အခွန်လျော့ပေါ့ သက်ညှာမှု၊ လုပ်ငန်းအတွက် လိုအပ်သည့် ကုန်ကြမ်း၊ စက်ကရိယာ၊ အပို ပစ္စည်းများကို ပြည်တွင်း ပြည်ပကနေ မှာယူနိုင်ခွင့် ရှိသည် … စတဲ့ မက်လုံးတွေသာ ပေးခဲ့ပေမယ့် လုပ်ငန်းအပေါ်မှာ အစိုးရ ဘက်က တာဝန်ခံမှုကို ဘာတခုမှ ထည့်ရေး မထားခဲ့ပါဘူး။ ဥပမာပြရရင် ၂၀၁၀ ခုနှစ် အစပိုင်း အစိုးရ ၀န်ထမ်းတွေ ရှားပါးစရိတ် တိုးပေးတော့ စက်မှုဇုန် လုပ်သားများကိစ္စကို ထည့်မစဉ်းစား ခဲ့ကြသလို စက်မှုဇုန် လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းခြဲ့ခင်း မရှိတာဟာ လှိုင်သာယာ စက်မှုဇုန် သပိတ်တွေ ဖြစ်ပွားရခြင်း နောက်ကွယ်က အကြောင်းရင်းတခု ဖြစ်ခဲ့သလို သပိတ်တွေ ဖြစ်လာ ပြန်တော့လည်း အစိုးရက တာဝန်မယူ ခေါင်းရှောင်တဲ့အပြင် အလုပ်ရှင်များကိုပဲ ဖိအားပေးခဲ့ပြန်ပါတယ်။
မြန်မာပြည် တနံတလျား စက်မှုဇုန်ပေါင်း (၈၂,၀၀၀ ) ဖွင့်လှစ်နိုင်ခဲ့တယ်လို့ နအဖတို့ ပြောနေချိန်မှာ တကယ့် စက်မှုဇုန်အစစ်က (၈,၄၆၃) ခုသာဖြစ်ကြောင်း သိရပါတယ်။ ဒီလို စက်မှုဇုန်များက တက်လာတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ နအဖအစိုးရမှာ လိုအပ်တဲ့ဥပဒေနဲ့ စီစဉ်ဖြေရှင်းမှုတွေ ရှိမရှိ ဆိုတာကို ဆက်ကြည့်ရအောင်ပါ။
နအဖ ထုတ်ပြန်တဲ့ ၁၉၉၅-၁၉၉၆ ခုနှစ် အစီရင်ခံစာအရ မြန်မာပြည်မှာ လုပ်သားဖူလုံရေး အဖွဲ့ပေါင်း (၂,၂၃၄) ဖွဲ့ရှိပြီး အဖွဲ့ဝင်ဦးရေ (၄၈၃,၂၈၃) ဦး ရှိကြောင်း၊ (၂) နှစ်အတွင်း လုပ်သား အငြင်းပွားမှု (၃၆၂) မှု (တနှစ်အမှု ၁၈၀ မျှ) နဲ့ နစ်နာကြေး အမှုပေါင်း (၃၂၁) မှု ဖြေရှင်း ပေးနိုင်ခဲ့ကြောင်း သိရသလို လုပ်သား (၁၇၇) ဦးဟာ ကျပ်ငွေ ၁,၃၀၂,၀၅၀ (အမေရိကန်ဒေါ်လာ ၁,၈၃၃ ဒေါ်လာ ဖိုးလောက်) ပြန်ရခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ (၂) ရက်မှာ အလုပ်သမား အမှုတခုဖြစ်ပြီး ဒီ အလုပ်သမား တဦးအတွက် အမေရိကန် တဒေါ်လာခွဲဖိုးလောက် နစ်နာကြေးငွေ ပြန်ရအောင် လုပ်ပေး နိုင်ခဲ့တာကိုများ လူကြားလို့မတော် အလွန်ရယ်စရာကောင်းတဲ့ စာရင်းဇယား အသေးအမွှား များနဲ့ ဖော်ပြ ခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် နိုဝင်ဘာ (၃၀) မှာ နိုင်ငံပိုင်လုပ်ငန်းများနဲ့ ကုမ္မဏီလက်စွဲ ဥပဒေကို ထုတ်ပြန် ပေးခဲ့ပါတယ်။ ဒါဟာ အရင် ကိုလိုနီခေတ် အိန္ဒိယ အက်ဥပဒေတွေကနေ ဆင်းသက်လာတဲ့ ကုမ္ပဏီ အက် (၁၉၁၄)၊ အထူး ကုမ္ပဏီအက် (၁၉၅၀) တွေကို မဆန့်ကျင်ရင် ဆက်ပြီး အတည်ပြုပေးတဲ့ ဥပဒေပွား တခုမျှသာ ဖြစ်သလို လက်ရှိ အခြေအနေကို ထင်ဟတ်ပြီး ခေတ်မီ ပြည့်စုံအောင် ရေးဆွဲ လိုက်တဲ့ ဥပဒေသစ် တရပ်လည်း မဟုတ်ပါဘူး။ ဥပဒေသစ်အရ စက်ရုံများနဲ့ အထွေထွေ လုပ်သား ဥပဒေ စစ်ဆေးရေး ဌာနတခု ထပ်ဖွဲ့ခဲ့ပြီး အဲဒီ ညွှန်ကြားရေးမှူးချုပ် လက်အောက်မှာ စက်ရုံများ စစ်ဆေးရေး အတွက် အင်ဂျင်နီယာ/သိပ္ပံဘွဲ့ရ စစ်ဆေးရေးမှူး (၁၁) ဦး အကူ (၇) ဦးပါ ဌာနတခု၊ အထွေထွေ လုပ်သား ဥပဒေ စစ်ဆေးရေးမှူး (၃၆) ဦးနဲ့ အကူ (၂၃) ဦးပါ ဌာနတခု ဖွင့်လှစ်ခဲ့သလို တပြည်လုံး အတိုင်းအတာ အရ ပြည်နယ်နဲ့တိုင်း (၅) ခု၊ ခရိုင် (၃၉) ခု၊ မြို့နယ် (၁၀) ခုမှာသာ ရုံး (၅၄) ရုံးလောက် ဖွင့်လှစ်ပြီး လုပ်ငန်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရမှာပါ။
အရင် မဆလခေတ်တုန်းကလည်း ၁၉၇၇ ခုနှစ် ပြည်သူ့ကောင်စီ အက်ဥပဒေ (၁၀၃) အရ ထပ်မံ ဖွဲ့စည်းလိုက်တဲ့ ၀ါဏိစ္စ ပဋိပက္ခဖြေရှင်းရေး ဖွဲ့စည်းပုံမှာ မြို့နယ်ကောင်စီ (၁) ဦး၊ အလုပ်သမား ကောင်စီ (၁) ဦး၊ လယ်သမားကောင်စီ (၁) ဦး၊ သမ၀ါယမ (၁) ဦး၊ ပါတီရေးရာဆင်း (၁) ဦး ဆိုပြီး (၅) ဦးပါ အဖွဲ့မှတဆင့် ပြဿနာဖြစ်တဲ့ စက်ရုံများ၊ လုပ်ငန်းများတည်ရှိရာ မြို့နယ်ကောင်စီ ကြီးကြပ်မှု အောက်က အလုပ်ရှင်/လုပ်သား နှစ်ဘက်ကြား ညှိနှိုင်းပေးခြင်း၊ ၀ါဏိစ္စကော်မတီ အယူခံ ဗဟိုရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပါက ၁၉၆၄ ခုနှစ် ၀ါဏိစ္စ ပဋိပက္ခ ဖြေရှင်းရေး ပုဒ်မ (၁၁) အရ ပစ္စည်းသိမ်း၊ ဖမ်းဆီး တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ၁၉၇၁ ဇန်န၀ါရီ (၁) ရက်နေ့ တိုးချဲ့ ဥပဒေ ပုဒ်မ (၁၁) အရ လုပ်သားလစာငွေကို နောက်ကျပြီး တလကျော်မှ ပေးခဲ့ရင် (၅၀) ရာခိုင်နှုန်း အပိုဆောင်း တိုးပေးဖို့၊ နောက်ထပ် တလ ထပ်ကျော်တိုင်း (၁၀) ရာခိုင်နှုန်း တိုးနဲ့ (၂) လ ဆက်တိုက်ဖြစ်ခဲ့ရင် အလုပ်ရှင်တွေ တရားစွဲဆိုခြင်း ခံရမယ်လို့ ပြဋ္ဌာန်း ခဲ့ကြဖူးပါတယ်။ မဆလတို့ လိုမျိုး နအဖအစိုးရတို့ ကိုယ်တိုင် ဖြေရှင်း မပေးနိုင်လို့သာ ၂၀၀၇ -၂၀၀၈-၂၀၁၀ ခုနှစ်များအတွင်း စက်မှုဇုန်တွေမှာ လုပ်ခ၊ အချိန်ပို၊ နောက်ကျ လစာငွေနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဆက်တိုက် ဖြစ်လာခဲ့ကြတာပဲ မဟုတ်ပါလား။
နအဖတို့ခေတ်မှာ နောက်ထပ် ရှာမတွေ့နိုင်တဲ့ ကိစ္စတွေကတော့ အလုပ်သမား အခွင့်အရေးများပါ။ ၁၉၅၁ ခုနှစ် အလုပ်သမား အက်ဥပဒေ မူရင်းသဘောများကို မဆန့်ကျင်ဘဲ ၁၉၆၄ အလုပ်သမား ဥပဒေပါ လူကြီး အလုပ်ချိန် (၈) နာရီနဲ့ ကလေးကို (၄) နာရီသာ ခိုင်းစေဖို့၊ (၅) နာရီကြာ တဆက်တည်း မခိုင်းစေဖို့ဆိုတဲ့ အချက်တွေအပြင် ပုဒ်မ (၇၃) အချိန်ပို လုပ်ခငွေ၊ ပုဒ်မ (၁၃) လုပ်ငန်းခွင် သန့််ရှင်းရေး၊ ပုဒ်မ (၂၁) သောက်ရေ၊ အိမ်သာ၊ ပုဒ်မ (၅၀) အမျိုးသမီး အလုပ်သမ (၅၀) ကျော်ခဲ့ရင် သူတို့ရဲ့ ကလေးများအတွက် သီးသန့်နားနေခန်း … စတဲ့ အချက်တွေကိုကော ဒီကနေ့ လှိုင်သာယာ စက်မှုဇုန်တွေမှာ ရနိုင် ကြပါတော့ရဲ့လား။
တဆက်တည်းမှာ ၁၉၅၄ ခုကို ဆက်ခံတဲ့ ၁၉၆၄ အက်ဥပဒေပုဒ်မ (၁) ပုဒ်မ (၅)၊ ပုဒ်မ (၈) တို့ပါ လုပ်သားတိုင်း အကျုံးဝင် ခံစားခွင့်ရှိတဲ့ လူမှုဖူလုံရေး အကျိုး ခံစားခွင့်များအတွက် လစာရဲ့ (၃.၀၁) ရာခိုင်နှုန်းသော အာမခံငွေ (၅၈ ကျပ်စား အလုပ်သမား တဦးအနေနဲ့ တလလျှင် ၁ ကျပ် ၇၅ ပြားနှုန်း) ကို ထည့်ဝင်သွားဖို့ လိုသလို ဒီလို ထည့်ဝင်ထားသူတိုင်း အတွက် ပုဒ်မ (၇) ပါ အခမဲ့ ဆေးကုသခွင့်၊ အလုပ်လက်မဲ့ ခံစားခွင့်၊ မီးဖွားစဉ် ခံစားခွင့်၊ အသုဘစရိတ် … စတာတွေအပြင် ယာယီ/အမြဲတမ်း မသန်မစွမ်း ခံစားခွင့် (လစာငွေရဲ့ ထက်ဝက်နှုန်း) နဲ့ ကျန်ရစ်သူ မိန်းမ/ကလေး ခံစားခွင့် မူရင်း လစာရဲ့ (၅/၃၀) နဲ့ (၈/၄၅) ကျပ် အချိုးနှုန်းဖြင့် … စတဲ့ အကျိုးခံစားခွင့်၊ အခွင့်အရေးများကို စက်မှုဇုန်တွေမှာ ရကြတာ မတွေ့ရတော့ပါဘူး။ ဒီလိုမျိုး အခြား အလုပ်သမား လျော်ကြေးဥပဒေ၊ လုပ်ငန်း ဖျက်သိမ်းခြင်း ဒေ၀ါလီ အက်ဥပဒေများအရ သေဆုံး နစ်နာကြေးအဖြစ် လုပ်သား မူရင်းလစာရဲ့ (၃၆) ဆ ရတာ၊ ထိခိုက်မှု အဆင့်အလိုက် လျော်ကြေး ရတာတွေအပြင် ၁၉၆၄ ခုနှစ်က ပေါ်တာလိုက်ရင်း သေဆုံးခဲ့ရသူ အတွက်ပါ အလုပ်သမား လျော်ကြေး ပေးခဲ့ရတဲ့ ထူးခြားဖွယ် အဖြစ်တွေကိုများ ပြောရရင် ဒီကနေ့ စက်မှုဇုန် လုပ်သားတွေအဖို့ သိပ်ပုံပြင် ဆန်နေလွန်းမယ်လို့ ထင်မိပါရဲ့။
၁၉၇၄ ဖွဲ့စည်းပုံထဲမှာ တကြောင်းလောက်သာ ရေးထားတဲ့ ဥပဒေ (အခန်း ၂ အပိုဒ် ၉ ပါ) စာသားနဲ့ အတူ ဖွဲ့စည်းခွင့် ရလိုက်တဲ့ အလုပ်သမား အစည်းအရုံးများရဲ့ အာဏာစက် တချို့ကြောင့်သာ ဒီလို ခံစားခွင့် ရခဲ့ကြတာပါ။
အလုပ်သမားအစည်းအရုံးများ ဖွဲ့စည်းခြင်းကို မဆလခေတ် တလျှောက်လုံး လုပ်ခဲ့ရာမှာ ၁၉၆၃ ခုနှစ် လုပ်သားထု တွေ့ဆုံ ဆွေးနွေးပွဲကနေ ၁၉၆၈ ခုနှစ် ဗဟို အလုပ်သမား ကောင်စီ အဖွဲ့ဝင် (၃၅,၁၁၁) ဦးပါ အဖွဲ့၊ ၁၉၇၅ ခုနှစ်မှာ အလုပ်သမား ကောင်စီ ဖွဲ့စည်းပုံ၊ ၁၉၇၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း … စတာတွေ အသီးသီး လုပ်ဆောင်ခဲ့သလို တပြည်လုံး လုပ်သားဦးရေဟာ ၁၉၇၆ ခုနှစ် စာရင်းအရ (၁,၅၆၉,၇၇၅ ဦး) ၁၉၇၈ ခုနှစ် စာရင်းအရ လူပေါင်း (၁,၃၅၆,၄၅၆) ဦး ရှိခဲ့ပြီး ထူးခြားချက်တခု အနေနဲ့ မဆလ ခေတ်ပျက်ကာနီးမှာ အလုပ်သမား အစည်းအရုံးဝင် ဦးရေ (၂ သိန်းခန့်) လျော့နည်း ခဲ့ခြင်းပါ။
အရင် မဆလခေတ်လက်ကျန် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားရေးရာ … စတဲ့ အုပ်ချုပ်မှုပိုင်း ဖွဲ့စည်းပုံလောက်ကိုသာ နအဖတို့ ဆက်ခံကျင့်သုံးခဲ့ပြီး ကျန်တဲ့အပိုင်းတွေကို လျစ်လျူရှုခဲ့ကြလို့ လုပ်သား အစည်းအရုံးများ အားနည်းလာပြီး အစိုးရစက်ရုံနဲ့ စက်မှုဇုန်အတွင်း အလုပ်သမားတွေ တက်ကြွစွာ လှုပ်ရှားနိုင်ခြင်း မရှိတော့သလို စက်မှုဇုန်တွင်း ပြဿနာများကို လုပ်သားထု ကိုယ်စားပြု တင်ပြ တောင်းဆိုပေးနိုင်မယ့် ကိုယ်စားလှယ်တွေလည်း တဦးတယောက်မှ မရှိတော့ကြောင်း တွေ့ရပါတယ်။ မကြာသေးခင် ဇန်န၀ါရီနဲ့ ဧပြီလအတွင်း ရန်ကုန်-ပဲခူးလမ်းဘေးရှိ ချင်စုမေ ဖလားဝါး အထပ်သား စက်ရုံက လုပ်သား (၂) ဦး စက်ထဲ လက်ပါပြီး ညာလက်တွေ ပြတ်ခဲ့ကြတာကို ကိုယ်စားပြု တင်ပြပေးမယ်သူ မရှိလို့ ဆေးဖိုးကလွဲပြီး တပြားတချပ်မှ နစ်နာကြေး မရသေးကြောင်း သိခဲ့ရတာ အလွန် ရင်နင့်စရာ အဖြစ်ပါ။
ထစ်ကနဲဖြစ်တာနဲ့ ထ ဆန္ဒပြကြတာမျိုးက နအဖတို့အကြိုက်ပါ။ ခေါင်းဆောင်လုပ်သူ တချို့ကို ဖမ်းဆီး အလုပ်ထုတ် ပစ်လိုက်ရုံနဲ့ နောက်လူတွေ ကြောက်ပြီး ကာလတခု၊ အတိုင်းတာတရပ် အထိ ပြဿနာ ငြိမ်းအေးသွားစေ ကုန်တတ်တာမို့ ဒီလမ်းကြောင်းပေါ် ထပ်တလဲလဲ လျှောက်အောင်လည်း တမင်လမ်းဖွင့် ဟပေးထားတာပါ။ လုပ်သားတွေ တခြားလမ်း ရွေးသွားမှာကိုသာ နအဖတို့ စိုးရိမ် နေကြပါတယ်။
စက်မှုဇုန်သပိတ်ရဲ့ သင်ခန်းစာများစွာထဲမှာ အလုပ်သမားတို့ ဦးတည်ပစ်မှတ် မရွေးချယ် တတ်ခြင်း ကလည်း အခရာကျတဲ့ အချက်တခု ဖြစ်နေခဲ့ပါတယ်။ နစ်နာမှုတွေကို အလုပ်ရှင် (အရင်းရှင်) တွေဆီ တင်ပြ ဆန္ဒတောင်းခံရုံနဲ့ ပြီးသွားလိမ့်မယ်လို့ သူတို့ ထင်မှတ် မှားခဲ့ကြခြင်းပါ။ စက်မှုဇုန်တွေ အတွင်း နအဖ ဗိုလ်ချုပ်နဲ့ ဆွေမျိုးမိသားစု အရင်းအနှီးများစွာ စီးဝင်နေရုံမက စက်ရုံဆုံးဖြတ်မှု အာဏာ အရပ်ရပ်ကိုလည်း သူတို့က ကိုင်ထား ကြပါတယ်။ ဒါကြောင့် စက်မှုဇုန်တွေကို လက်ရှိ ကြီးစိုး ခြယ်လှယ် နေတာဟာ စက်ရုံပိုင်ရှင်၊ အရင်းရှင်တွေချည်း သက်သက်ပဲ မဟုတ်ကြောင်း၊ သူတို့ နောက်ကွယ်မှာ ရှိနေတဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျိုးစီးပွားများနဲ့ ထပ်တူ မြင်နိုင်ဖွယ် မရှိသော ကိုယ်ပျောက် အာဏာများကိုလည်း အလုပ်သမားတို့ သိထားကြဖို့ လိုပါလိမ့်မယ်။
လုပ်သားအရေးသက်သက် တောင်းဆိုလာခဲ့ရင် လစာတိုးပေးမယ်ဆိုတဲ့ ကောလာဟလနဲ့ နအဖက အသာကလေး (၆) လကနေ တနှစ်လောက် အချိန်ဆွဲ ထိန်းထားတာမျိုး လုပ်တတ်ကြပါတယ်။ အခုလည်း ဧပြီလအကုန်မှာ လစာတွေ ထပ်တိုးမယ်လို့ နအဖတို့ သတင်း လွှင်ခဲ့ကြပြန်ပါပြီ။ ဒါ သူတို့ သုံးနေကျ ဆေးမြီးတိုတခုမို့ အလုပ်သမားတွေ နားမယောင် သွားဖို့သာ အရေးကြီးပါတယ်။ တောင်းလိုက် တိုးလိုက် သံသရာကြီး ဆက်လည်နေရင် ရှေ့ရေးအတွက် တိကျတဲ့ အလုပ်သမား ဘ၀ အာမခံချက်တွေ ဘာတစ်ခုမှ ဖြစ်မလာနိုင်ပါဘူး။ အဓိက ပစ်မှတ်ကို ရွေးချယ် တတ်ပါမှလည်း အောင်ပွဲ ကြုံတတ်ကြပါတယ်။
လုပ်သားထုအရေးနဲ့ နိုင်ငံရေးဆိုတာ ခေါင်းနဲ့ပန်း ပမာသာလျှင်ဖြစ်တယ် ဆိုတဲ့အချက်ကို အလုပ်သမားထုတရပ်လုံး အမြဲသတိချပ်ထားသင့်ကြကြောင်းပါ။ ။
Ref: ခေတ်ပြိုင်
0 comments:
အပေါ်သို့