Wednesday, July 21, 2010

ဦးဝင်းတင်နဲ့ မေးခွန်းများ


၂၀၁၀ ရွေးကောက်ပွဲဥပဒေအပြင်က အင်န်အယ်ဒီပါတီ

မိုးမခ
ဇူလိုင် ၂၀၊ ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ငြင်းပယ်လိုက်တဲ့ အင်န်အယ်ဒီ ပါတီဟာ မတ်လ ၂၉ နောက်ပိုင်းမှာ မိမိ ရပ်တည်ချက်ဖြင့် မိမိ ခိုင်ခိုင်မာမာ ဆက်လက် ရပ်တည်နိုင်သေးရဲ့လား ဆိုတဲ့ မေးခွန်း …


ကျနော်တို့ကတော့ ပါတီရဲ့ ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပြန်လည် ထိတွေ့တာ၊ တွေ့ဆုံ ဆွေးနွေးတာ၊ ခရီးတွေ ထွက်တာ၊ အဲသည်လိုမျိုး လည်ပတ်မှုတွေ ပိုပြီး လုပ်နေရတယ်။ အဲတာတွေနဲ့ အလုပ်တွေ များနေတယ်လို့ ပြောရင် ရတယ်။ အထူးသဖြင့်ကတော့ အရင်တုံးကထက် ပိုပြီးတော့ ပါတီက ခေါင်းဆောင်တွေ၊ အစုအဖွဲ့တွေဟာ နယ်တွေ၊ ဒေသတွေကို ပိုပြီး ခရီးတွေ သွားဖြစ်လာတယ် လို့ ဆိုရမယ်။


၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီမှတ်ပုံတင်ခြင်းကို ဆက်လက်မပြုလုပ်တဲ့ အင်န်အယ်ဒီပါတီဟာ စစ်အစိုးရရဲ့ လက်ရှိဥပဒေများအရ နိုင်ငံရေး ပါတီတရပ်လို့ မသတ်မှတ်နိုင်တော့တဲ့ အတွက် ဒီဖက်ကာလတွေမှာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေ၊ တားမြစ် ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရပြီလား …


အခုအချိန်မှာတော့ဖြင့် သူတို့က ဘယ်လိုလုပ်လာမလဲဆိုတာကို မတွေ့ရသေးပေါ့ဗျာ။ သူတို့ဘောင်ထဲက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေက အသံဗလံလေးတွေ ထွက်လာနေတော့ နှစ်ဖက် ရန်ဖြစ်နေရမှာ စိုးလို့လား ဘာလားတော့ မသိဘူးပေါ့။ အကန့်အသတ်တွေ လုပ်လာတာမျိုးတော့ မတွေ့ရဘူး။ စောင့်တော့ ကြည့်နေတာ တွေတော့ ရှိတာပေါ့။ လူထုနဲ့ ထိတွေ့မှုဟာ ယခင်ကထက် ပိုမိုပြီး ရှိလာတယ်လို့ ပြောချင် ပြောလို့ရတယ်။


လူထုနဲ့ ထိတွေ့မှုတွေ ပိုပြီး ရှိလာတယ် ဆိုတာက ဘာတွေများပါလဲ။


နေရာ ဒေသနဲ့ အောက်ခြေက ပါတီဝင်တွေ၊ လူတွေနဲ့ ပိုပြီး ထိတွေ့မှုတွေ လုပ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာနိုင်တယ်။ လူကြီးတွေကလည်း ခရီးတွေ ထွက်ပြီးတော့ လူငယ်တွေ၊ အခြေခံ အဖွဲ့တွေနဲ့ တွေ့ကြ ဆုံကြတာမျိုး လုပ်လာတယ်။ တလောက ကရင်ပြည်နယ် သွားတယ်၊ မော်လမြိုင် သွားတယ်။ ရခိုင်သွားဖို့လည်း လုပ်နေတယ်။ ကချင်တို့ ချင်းတို့လည်း သွားပြီးပြီ၊ မန္တလေးတို့၊ စစ်ကိုင်းတို့ အပါအ၀င်ပေါ့ကွာ။ ရှမ်းပြည်လည်း တောင်ပိုင်း မြောက်ပိုင်းလည်း သွားတယ်။ မကြာခင် တနလာင်္ရီဘက်ကို သွားကြမယ်။

အဓိကရှင်းလင်းရတဲ့ မေးခွန်းတွေ ဆွေးနွေးချက်တွေက ဘာလဲ။

များများစားစား ရှည်ရှည်ဝေးဝေးတွေ ပြောနေရတာမျိုးတော့ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးအင်အားစု တခုအနေနဲ့ အင်န်အယ်ဒီဟာ ဆက်လက် တည်ရှိနေတယ်။ သေသွားတာ မဟုတ်ဘူး။ ယခင်ကတည်းက ပါတီဟာ နိုင်ငံရေးပါတီ တခုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က မှတ်ပုံ တင်ထားခဲ့တာဖြစ်တယ်။ အဲသည်လိုမျိုး ပါတီဟာ ဆက်လက် ရပ်တည်နေတယ်။ အခု ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီ မှတ်ပုံတင် ဥပဒေတွေက မတရားတဲ့ အတွက် လက်မခံနိုင်လို့ အဲသည်မှာ ထပ်မံ မှတ်ပုံ မတင်တာ ဖြစ်တယ်။ အခုလည်းပဲ တရားဥပဒေ ဘောင်ထဲကနေပြီးတော့ မတရားတဲ့ ဥပဒေတွေ၊ လုပ်ရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့တွေက တရားစွဲဆိုတဲ့ အလုပ်တွေ ဆောင်ရွက်နေတယ်။ ဒါက တခု။ နောက်ပြီးတော့ - ပါတီကို ပြန်လည် ဖွဲ့စည်းတာတွေ ဘာတွေ လုပ်ဖို့က အရေးမကြီးဘူး။ အခုအချိန်မှာ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ပြန်လည် စုစည်းမိကြဖို့၊ ပြန်လည် တွေ့ဆုံမိကြဖို့၊ အရင်တုံးက မလုပ်နိုင်ခဲ့တာတွေကို အခုချိန်မှာ ပြန်လည် လုပ်ကိုင်နေကြရတာ ဖြစ်တယ် ဆိုတာကို ပြောပြရတာ ဖြစ်တယ်။ Party Consolidation ပေါ့ကွာ။ ဒါက တခု ရှင်းပြရတာ ဖြစ်တယ်။ နောက်ပြီးတော့ ပါတီဝင်တွေ၊ မိတ်ဆွေတွေဘက်က သူတို့ ဒေသတွေမှာ ရှိနေ ကြုံနေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေကို ပြောပြ ရှင်းလင်းပြကြတာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြစ်ပါတယ်။

ပြည်သူလူထုက အင်န်အယ်ဒီရဲ့ ယခုလက်ရှိ ရပ်တည်ချက်ကို ဘယ်လို့ တုန့်ပြန်ကြသလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီရဲ့ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို သူတို့က သဘောကျတယ်ပေါ့ကွာ။ ထောက်ခံတယ်။ ခုဆိုရင် ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ တစည အပါအ၀င် အခု ရွေးကောက်ပွဲကို ၀င်ပါမယ်ဆိုတဲ့ ပါတီတွေတောင် အော်နေကြရပြီ။ ဒါဟာ အင်န်အယ်ဒီပါတီရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ သဘောဆိုတာကို ပြောလာကြတာ မျိုးပေါ့။

ဒါပေမယ့် ပါတီမှာ အခုလက်ရှိ အခြေအနေမှာကော အခက်အခဲတွေ မရှိဘူးလား။

ဒါပေမယ့် - အခက်အခဲတွေကတော့ ရှိနေတာပေါ့။ အခုလိုမျိုး ဆုံးဖြတ်ချက်ကြီးတခု၊ ရပ်တည်ချက်ကြီး တခုကို ထုတ်ဖော် ပြသလိုက်ရတယ် ဆိုတာက အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ဖိအားတွေ အများကြီး ကြားထဲကနေ ဆောင်ရွက် လိုက်ရတာဖြစ်တယ်။ အခုလို အပြောင်းအလဲကြီး တခုကို ရွေးချယ် ဖြတ်သန်းလိုက်ရတော့ အဖွဲ့အစည်း တခုအနေနဲ့၊ ပါတီ တခုအနေနဲ့ ယိုင်သွားလိုက်ရင် ပြိုသွားတတ်တယ်။ ဒါတွေကို ကျော်ဖြတ်ရတယ်။ အသေးအမွှား အခက်အခဲ လေးတွေလည်း အများကြီးပေါ့ကွာ။ ဒီလိုပါပဲ။

အသေးအမွှားအခက်အခဲလေး တခုလောက်ပဲ ပြောပြပါဦး။

ပါတီတခု အဖွဲ့အစည်းတခုအနေနဲ့ ဆက်လက် ရပ်တည်နေရတယ် ဆိုတော့ အနည်းဆုံး ပါတီကို ၀င်ထွက် သွားလာ နေသူတွေကို ဧည့်ခံရတာတွေ၊ ဧည့်သည်တွေကို ကျွေးမွေးရတာတွေ ရှိနေရတာပေါ့ကွာ။ အနည်းဆုံးတော့ အဖွဲ့အစည်း တရပ်မှာ ၀င်ထွက် သွားလာနေသူတွေ အတွက် ဧည့်ဝတ် ကျေပွန်ရတယ်။ အနည်းဆုံးတော့ နေ့ခင်း ထမင်းစားချိန်ဆိုရင် ချဉ်ပေါင်ဟင်းလေးနဲ့ ငပိကြော်လေးနဲ့တော့ ကျွေးမွေး ဧည့်ခံနိုင်အောင်တော့ လုပ်ရတာပေါ့။ ခရီးစာရိတ်တို့ ဘာတို့ ဆိုရင်လည်း အားလုံးက မျှဝေပြီး ခံကြရတာတွေ လုပ်ရတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အပင်ပန်းခံပြီးတော့ ဘတ်စကားတွေ ဘာတွေ အပင်ပန်းခံ စီးပြီးတော့ သွားကြပေါ့ကွာ။ အဲသလိုမျိုးလေးတွေ လို့ ပြောရမှာပေါ့။ အဲသည်တော့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်မယ့် တချို့ပါတီတွေက လူတွေက ကားတွေ ဘာတွေနဲ့ သွားလာ နေချိန်မှာ ငါတို့ တွေကတော့ ခြေကျင် သွားနေကြရတာမျိုး အခက်အခဲလေးတွေ ရှိတာပေါ့ကွာ။ ဒီလောက်ပါပဲ။

အခုလိုမျိုး ဆရာတို့က ခိုင်ခိုင် ရပ်တည်နိုင်ပြီ လို့ ဆိုတယ်။ အဲသည်အတိုင်း ဆရာတို့ ဆက်လက် ရပ်တည် သွားနိုင်ပါ့မလား။ ဆက်လက် တောင့်ခံနိုင်မယ်လို့ ပြောနိုင်သလား။

ခုချိန်မှာ လူထုက အင်န်အယ်ဒီ ရပ်တည်ချက်ကို ထောက်ခံတယ်။ အင်န်အယ်ဒီ ပါတီဝင်တွေ၊ မိတ်ဆွေတွေ ကလည်း စိတ်ဓာတ် တက်ကြွလျက် ရှိတယ်။ ဒီဟာကို ကျနော်တို့က ဆက်လက် ထိန်းသိမ်း သွားနိုင်ဖို့ပဲ။ အနီးကပ်ဆုံး အချိန်ဇယား တခုကို ပြောရမယ် ဆိုရင် - အနည်းဆုံး ရှေ့ ၆ လ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့် အချိန်တို့၊ သူတို့ ရွေးကောက်ပွဲ ကျင်းပတဲ့ အချိန် တို့က ၆ လလောက် ကြာမယ်။ ပြီးနောက် အဲသည်ရဲ့ နောက် ၆ လ လောက် ရှိတယ်။ ၁ နှစ်လောက် ရှိတယ်။ အနည်းဆုံး အဲသည်အချိန်မှာ ဆက်လက်ပြီး Sustain လုပ်သွားရမှာ ဖြစ်တယ်။ ခုချိန်မှာ နယ်တွေသွားတဲ့အခါ မြို့နယ်တွေမှာ ဘယ်ပါတီဝင်မှ၊ ဘယ်စည်းကော်မီတီမှ ပျက်တယ်လို့ မရှိဘူး။ ၁၄ ၊ ၅ ယောက် လုပ်နေတဲ့ နယ်မြေတွေ မှာတောင်မှ ၁ ယောက် ၁ လေလောက် ထွက်သွားတာပဲ ရှိတယ်။ ပြောရရင် ဦးခင်မောင်ဆွေတို့ ပြောနေတဲ့ မြို့နယ် ၅၀ တို့ ဘာတို့ ဆိုတာတွေက ဘယ် အင်န်အယ်ဒီ ပါတီတွေမှ ပါတာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရှာတဲ့ အပြင်လူတွေနဲ့ ပြောတာ ဖြစ်တယ်။ ဒါကြောင့် အခုလို အခြေအနေမှာတောင်မှ လူထုက အင်န်အယ်ဒီကို နားလည်တယ်၊ ထောက်ခံတယ်။ ဒါကို ဆက်လက် ရှိနေတယ် ဆိုတာ ထင်ရှားတယ်။

ဒါဆိုရင် အယင်တုံးက စစ်အစိုးရ ကန့်သတ်ထားတဲ့ ပါတီနိုင်ငံရေး စည်းကမ်းတွေ ဥပဒေတွေအတွင်းက၊ အောက်ကနေပြီး အင်န်အယ်ဒီဟာ သူ့ကိုယ်သူ Sustain (ထိန်းသိမ်းရေး၊ ရှင်သန်ရေးတွေ) လုပ်ခဲ့ပြီးပြီ၊ အခုကျတော့ - စစ်အစိုးရရဲ့ အလိုကျ ပါတီ အဖြစ်ကနေ လွတ်မြောက်ပြီးတော့ ဘယ်လိုမျိုး ရှင်သန်ရေး၊ ထိန်းသိမ်းရေးတွေ လုပ်နေတဲ့ ပါတီ ဖြစ်တယ်လို့ ပြောနိုင်သလဲ။

၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိမ်းသိန်းခဲ့ပြီးနောက်မှာ ပါတီဟာ စစ်အစိုးရအလိုကျ ပါတီရှင်သန်ရေးနဲ့ ရပ်တည် ခဲ့ရတယ်လို့ ပြောနိုင်တယ်။ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီရဲ့ တညီတညွတ်တည်း ဆုံးဖြတ်ချက်နဲ့ အခုလိုမျိုး ရပ်တည် လိုက်တယ်။ ဒါဟာ စစ်အစိုးရ အလိုကျ ပါတီ ရှင်သန်ရေးကနေ “ပြည်သူအလိုကျ ဒီမိုကရေစီလမ်းကျ” ပါတီ ရှင်သန်ရေးလို့ ပြောချင်ပါတယ်။ ပါတီဟာ မသေဘူး၊ ပါတီ မသေအောင်လုပ်နိုင်တယ်။ ဆက်ပြီးတော့ လုပ်နေရမယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေ၊ စည်းမျဉ်းတွေကနေ ရုန်းထွက်ပြီး ရပ်တည်လိုက်တဲ့ ပါတီဟာ ပိုပြီးတော့ ရှင်သန်နိုင်ရမယ်၊ ထိန်းသိမ်းနိုင်ရမယ် ဖြစ်တယ်။

အဲသည်လို ရပ်တည် လိုက်နိုင်တဲ့ အင်န်အယ်ဒီ ပါတီကနေပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ ကြံစည် ကြိုးစားနေကြတဲ့ အကြပ်အတည်း တွေ့နေတဲ့ နိုင်ငံရေး ပါတီတွေကို အကူအညီ ပေးရမယ်။ ရှေ့က ဦးဆောင်မှု ပေးရမယ်လို့ သဘောထားမျိုးနဲ့ မီဒီယာ အင်တာဗျုးမှာ ဆရာ့ကို မေးကြတယ်။ အဲဒါကကော ဆရာတို့ အလုပ်ပဲလား။

တကယ်တမ်းကတော့ အခုလိုမျိုး ပါတီကို ပြည်သူလူထု အလိုကျ၊ ဒီမိုကရေစီလမ်းကျ ရပ်တည်ပြီး မသေအောင် ကြိုးစား ထိန်းသိမ်း နေရတဲ့ အချိန်မှာ မီဒီယာ အင်တာဗျူးမှာ မေးလာတာက အခုလိုမျိုး အခြေအနေမှာ အင်န်အယ်ဒီကို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ၀ိုင်းရံ ကြမယ်ဆိုရင် ဘယ်လိုလဲ ဆိုတာမျိုး - ပြောချင်တာကတော့ သေမှတော့ လွမ်းသူ့ ပန်းခွေ ပို့ပြီးတော့ ၀ိုင်းရံတာမျိုး မလုပ်နဲ့၊ အခုအချိန်မျိုး ပါတီ အသက်ရှင်နေတုံးမှာ သပြေပန်းနဲ့ ၀ိုင်းရံဖို့ အကောင်းဆုံးပဲ လို့ ပြောချင်တယ်။ နောက်တခုကတော့ - ကျနော်တို့ ပြောနေတဲ့၊ ကျနော်တို့ ပြတဲ့ လမ်းက အရင်ကတည်းက ပြောခဲ့ပြီးသား၊ ထုတ်ပြန် ထားပြီးသားဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာဖို့ပဲ ဖြစ်တယ်။ ဒါကို ဦးဆောင်မှုပေးပြီး အဖြေရှာ ပေးနိုင်တာက ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ ဒီအတွက် အဲသည် ရပ်တည်ချက်အတိုင်း ပါတီကို ထိမ်းသိန်း ရှင်သန်နိုင်အောင် ဆောင်ရွက်နေတယ်။ အဲသည်လို ပါတီကို ရှင်သန်အောင် ပြုလုပ်နေတဲ့ ကာလမှာ နိုင်ငံရေးကို အခြေခံတဲ့ လုပ်ငန်းတွေ၊ လူမှုရေး လုပ်ငန်းတွေ လုပ်နေတယ်။ နာဂစ်ဒေသ ကူညီ ထောက်ပံ့ရေးတွေ၊ ပဲခူးနဲ့ အခြားနယ်တွေ ရေရရှိရေးတွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မိသားစုတွေကို အားပေး ကူညီမှုတွေ လုပ်နေတယ်။ နယ်အသီးသီးမှာ ဥပဒေ အထောက်အကူ အဖွဲ့တွေ ရှိတယ်။ ရှေ့နေ မရှိရင်တောင်မှ အင်န်အယ်ဒီက လူတွေက ၀ိုင်းပြီး ကူညီပေးမယ်။ ရှေ့နေတွေနဲ့ ဆက်သွယ်ပြီး တိုင်ပင် ဆွေးနွေးပေးမယ်။ ဒါတွေ လုပ်ကိုင်နေရတယ်။ အိပ်ခ်ျအိုင်ဗီ လူနာတွေ မိသားစုတွေကို ပြုစု စောင့်ရှောက်တာတွေ လုပ်နေတယ်။ လူထုနဲ့ ထိတွေ့မှုတွေ လုပ်နေတယ်။ ဒါတွေက သူတို့ရဲ့ ဥပဒေ စည်းမျဉ်းတွေ အရ ပါတီမရှိဘူး ဆိုရင်တောင်မှ အဲသည် အလုပ်တွေဟာ ဆက်ရှိနေအောင်၊ ဆက်ပြီး ရှင်သန်ပြီး လုပ်ကိုင် နေနိုင်အောင် လုပ်နေရတာ ဖြစ်တယ်။

နိုင်ငံတကာကကော အခုအချိန်မှာ အင်န်အယ်ဒီရဲ့ ရပ်တည်ချက်ကို ဆက်လက် အသိအမှတ်ပြုပြီး တွေ့ဆုံ ဆက်ဆံ နေတာမျိုးတွေ တွေ့နေရတယ်။ ဒါက ဆရာတို့ ရပ်တည်ချက်ဟာ မှန်ကန်တယ် ဆိုတာကို သက်သေပြချက် တခု ဖြစ်တယ်လို့ ပြောနိုင်သလား။

အဲသလို ပြောချင်လည်း ပြောလို့ရပါတယ်။ အရင်ကတည်းက တွေ့ဆုံ ဆက်ဆံနေကြ နိုင်ငံတကာက သံတမန်တွေ၊ အဖွဲ့အစည်း တွေကလည်း ပုံမှန် ဆက်လက်ပြီး တွေ့ဆုံ ကြတာမျိုးတွေ ရှိတယ်။ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေကို မေးမြန်း စုံစမ်းတယ်။ ဒါက ကျနော်တို့ဟာ သာမန် လူမှုရေး အဖွဲ့အစည်း တရပ်အဖြစ် ပြောင်းလဲပြီး ရပ်တည် လိုက်ပြီလို့ အများက ယူဆ လိုက်တယ်သာ ဆိုလို့ရှိရင် အခုလိုမျိုး ဆက်ဆံရေးတွေလည်း ရှိနေမှာ မဟုတ်ဘူးဆိုတာ ထောက်ပြချင်တယ်။ နိုင်ငံရေး အဖွဲ့အစည်း တရပ်အဖြစ် ဆက်လက် ရှင်သန်နေဖို့ ထင်ရှားတယ်လို့ ပြောချင်ပါတယ်။

အဲသည်နေရာမှာ တခုဖြည့်ပြီး ပြောချင်တာက - စစ်အစိုးရက သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့ ၂၀၁၀ ရွေးကောက်ပွဲကို ချမှတ်တယ်။ နိုင်ငံရေး ပါတီတွေ ထောင်တယ်။ ပါတီ ထောင်ကြဖို့ကိုလည်း ဖိတ်ခေါ်တယ်။ အဲသည်နေရာမှာ အဲသည် လမ်းကြောင်းက မှန်ကန်တယ်၊ ထိရောက်တယ်၊ ပြည်သူလူထု အလိုကျဖြစ်တယ်၊ ဒီမိုကရေစီ နည်းလမ်းကျတယ်သာ ဆိုရင် နိုင်ငံတကာက ချမှတ် အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ၊ တားဆီး ကန့်သတ်မှုတွေဟာ အခု ၃ လ၊ ၄ လ အတွင်းမှ လျော့ကျ သွားရမယ်။ ဒါပမယ့် အခုအချိန်မှာ အမေရိကန်ရဲ့ အရေးယူ ပိတ်ဆို့မှု ဆိုတာတောင် သက်တမ်း တိုးလိုက်ပြီ ဖြစ်တယ်။ ဒါက လက်ရှိ နိုင်ငံရေး အခြေအနေအရ ဖြစ်ပေါ်လာရတာ ဖြစ်တယ်။ စစ်အစိုးရ စွပ်စွဲလေ့ရှိသလို အင်န်အယ်ဒီက သွေးထိုး လှုံ့ဆော် တောင်းဆိုလို့ ဖြစ်ရတယ် ဆိုတာမျိုး အခုအချိန်မှာ စစ်အစိုးရ ပြန်လှန် ချေပလို့ မရတော့ဘူးလို့ ပြောလို့ရမယ် ထင်တယ်။

မှန်ပါတယ်။ ကျနော်တို့ဖက်က တောက်လျောက် ရပ်တည်ပြီး လုပ်ကိုင်နေကြတာ၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဦးဆောင်မှု ပေးတယ် ဆိုတာက မတရားတဲ့ ဥပဒေတွေ၊ စည်းကမ်း နည်းလမ်းတွေကို တာဝန်အရ ဆန့်ကျင်ရမယ်၊ မလိုက်နာဘဲ နေရမယ် ဆိုတဲ့ အခြေခံအချက် တခုဖြစ်တယ်။ အခု ၂၀၀၈ အခြေခံဥပဒေဟာ တရားမျှတမှု မရှိဘူး၊ အဲဒါကို အသက်သွင်းမယ့် ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဆိုတာကို လက်မခံနိုင်ဘူး၊ မလိုက်နာနိုင်ဘူး။ ဒါကို ကျနော်တို့က ဆန့်ကျင်တယ် မလိုက်နာနိုင်ဘူးလို့ ထုတ်ဖော်တယ်၊ ရပ်တည်တယ်။ ဒါပါပဲ။ နိုင်ငံတကာက အရေးယူတာ၊ တောင်းဆိုတာတွေကလည်း နအဖ စစ်အစိုးရရဲ့ လုပ်ရပ်တွေကို သူတို့နည်း သူတို့ သဘောထားအရ လက်မခံနိုင်လို့ ထွက်ပေါ်လာတယ်ဆိုတာ ထင်ရှားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အစိုးရရဲ့ မတရားတဲ့ ဥပဒေတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဖြစ်ရပ်တွေ ဖြစ်တယ်။ ကျနော်တို့ကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်ကြောင့် မို့လို့ အရေးယူ ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ရတယ်လို့ လက်ညိုးထိုးစရာ မရှိပါဘူး။

အဲသည်လိုမျိုး အခြေခံပြီး ဆက်ပြီးပြောမယ် ဆိုရင် - ၂၀၀၈ အခြေခံဥပဒေလည်း ရှိပြီ၊ ၂၀၁၀ ရွေးကောက်ပွဲလည်း ဥပဒေ ပြဋ္ဌာန်ထားပြီးပြီ၊ ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေလည်း ရှိနေပြီ။ အဲသည် သူတို့ရဲ့ သတ်မှတ်ချက်တွေ၊ ဘောင်တွေ အတွင်းမှာ အင်န်အယ်ဒီလည်း မရှိဘူး၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်လည်း မပါလာတော့ဘူး၊ ယခင်က နိုင်ငံရေး အငြင်းပွားမှုတွေ၊ အရေးယူ ဆောင်ရွက် မှုတွေကိုလည်း အခု ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းက ချန်ထားရစ်ခဲ့ပြီ ဆိုရင် - ဘာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချပြီး ဖမ်းထားစရာ လိုတော့လို့လဲ။ လက်ရှိ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေး လိုက်ရတော့မှာပေါ့လို့ စစ်အစိုးရကို ကျနော်တို့ဖက်က ထောက်ပြလို့ ရနိုင်မလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အချိန်မှာ လွတ်မြောက်ရမှာ ဖြစ်တယ်။ (၂၀၁၀ နိုဝင်ဘာလတွင် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးသည်ဟု သတင်းများတွင် ရေးထားသည် - မိုးမခ) ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တယ် ဆိုတာဟာ ကျနော် မီဒီယာတွေမှာ ပြောဖူးပါတယ်။ ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့ လွတ်မြောက် လာတယ် ဆိုတာက ပန်းပွင့် တပွင့်လောက် ပွင့်တယ် ဆိုတာမျိုးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတယ် ဆိုတာက တလောကလုံးမှာ ရှိတဲ့ ပန်းတွေ၊ သစ်ပင်တွေ အားလုံးဟာ မိုးရွာချလိုက်လို့ အားလုံး စိမ်းလန်းစိုပြေ နိုးထလာတာမျိုး ဖြစ်လိမ့်မယ်။ ပြည်သူလူထု ဖက်က စိတ်အား တက်ကြွမှုတွေ၊ နိုင်ငံရေး နိုးကြားမှုတွေဟာ ဘာနဲ့ နှိုင်းယှဉ်လို့ မရအောင် ပွင့်လန်းလာတဲ့ အချိန်ဖြစ်မယ်။ အဲသည်က နေပြီးတော့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မယ့် လမ်းကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ပြောချင်တယ်။

တိုင်းပြည်အတွက် အဖြေရှာနိုင်မယ် ဆိုတာက အင်န်အယ်ဒီ လက်ရှိ ကိုင်စွဲထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးပဲလား ဆရာ။ တပ်မတော် အတွင်းမှာရှိတဲ့ တပ်မတော်သားတွေ၊ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ လက်နက်ကိုင်ပြီး အကြမ်းဖက် ဖြေရှင်းရေးတွေထက်၊ မတရားတဲ့ တဖက်သတ် ဥပဒေ အာဏာတွေ သုံးစွဲပြီး ဖိနှိပ် ဖြေရှင်းရေးတွေထက် အားလုံး အတူတကွ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာကြရေး သာလျင် အသင့်မြတ်ဆုံး ဖြစ်တယ်ဆိုတာကို ဆရာတို့က ဆက်လက်ပြီး ကိုင်စွဲ သွားမှာလား။

တချို့က ကျနော့်ကို ပြောကြပါတယ်။ တောက်လျောက် အဖြစ်အပျက်တွေ၊ ဖြစ်ရပ်တွေကို ကြည့်လိုက်မယ် ဆိုရင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆိုတာကို မျှော်လင့်ချက် ထားစရာ မကောင်းတော့ဘူး။ ဒါကို အယုံအကြည် မရှိတော့ဘူးလို့ ပြောကြတယ်။ ဒါက အခြေအနေတွေကို ကြည့်ပြီး ထင်ဟတ်ပြီး ပြောကြတာဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့က မူအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး သာလျင် လမ်းဖြစ်တယ် လို့ ရပ်တည်ထားပြီး ဖြစ်တယ်။ ဒါကို ကျနော်တို့ကို စွန့်လွှတ်တယ်လို့ ပြောလို့မရဘူး။ အဲသည် တောင်းဆိုချက်ကိုမှ မတောင်းတော့ဘူး ဆိုရင် နိုင်ငံရေး အင်အားစု တရပ်အနေနဲ့ ဘာကို သွားတောင်းတော့မှာလဲ။ တွေ့ဆုံ ဆွေးနွေးကြရေးကို နိုင်ငံတကာကလည်း တောင်းဆိုတယ်။ ကုလသမဂ္ဂမှာလည်း တောင်းဆို နေကြတာပဲ။ တွေ့ဆုံ ဆွေးနွေးရေး ကို ဆောင်ရွက်ကြမှ သာလျင် ခုနက ကိစ္စတွေဖြစ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ အခြေခံဥပဒေ၊ ရွေးကောက်ပွဲ အရေးကိစ္စတွေကို အားလုံးက သာတူညီမျှ တရားမျှတစွာ အဖြေရှာနိုင်ကြမှာ ဖြစ်တယ်။ တွေ့ဆုံ ဆွေးနွေးရေးသာ လမ်းပွင့်မယ်သာ ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်နိုင်ရေး၊ တိုင်းရင်းသား အရေး၊ ရွေးကောက်ပွဲကိစ္စတွေအပြင် အင်န်အယ်ဒီ ရပ်တည်မှုတွေကို အစစ အရာရာ ဖြေရှင်းနိုင်မယ်ဆိုတာ လို့ ကျနော်တို့က ပြောနေတာ ဖြစ်တယ်။

အဲသည်မှာ ကရင်ပြည်နယ်ဖက် ခရီးထွက်ရင်းနဲ့ ဆရာတော်ကြီး တပါးနဲ့ ဆွေးနွေးခဲ့တော့ ဆရာတော်ကြီးက ဦးဝင်းတင်တို့ ပြောတဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ် ဆိုတာက သာမန်လူတွေ နားမလည်နိုင်ဘူး ဆိုရင် ဘုန်းကြီးတို့သုံးတဲ့ ဓမ္မနည်းနဲ့ ဖြေရှင်း ကြမယ်လို့ ပြောရင် မကောင်းဘူးလား လို့ ဆွေးနွေးပါတယ်။ အဲသည်တော့ ကျနော်က ပြန်လျှောက်တာက ဟုတ်ပါတယ် ဘုရား၊ ဘယ်အသုံး အနှုံးကို သုံးသုံးပါ။ မြန်မာပြည်မှာက တပည့်တော် ဆိုရင်လည်း နှစ်ပေါင်းများစွာ ထောင်သွင်း အကျဉ်းကျခံရတယ်။ နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ရှိနေတယ်။ ပစ်တာ ခတ်တာတွေ ရှိနေတယ်။ ဒါဟာ တိုင်းပြည်မှာ အဓမ္မနည်းနဲ့ အုပ်ချုပ်နေလို့ ဖြစ်ရတာ ဖြစ်တယ်။ အဲဒါရဲ့ ဆန့်ကျင်ဖက် ဓမ္မနည်းနဲ့ ချိုချိုသာသာ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး အဖြေရှာကြတာ အကောင်းဆုံး ဖြစ်တယ်လို့ အရှင်ဘုရားတို့ကလည်း တိုက်တွန်း ပေးကြပါလို့၊ ဟောပြောဆုံးမ ကြပါလို့ ကျနော်တို့ဖက်က ပြန်ပြီး ဆွေးနွေးခဲ့ပါတယ်။

နောက်ပြီးတော့ ဒီနည်းလမ်းကို ရွေးချယ်တယ်ဆိုတာ ငြိမ်းချမ်းတဲ့နည်း၊ အဖြေတွေ့မယ့်နည်းလို့ ပြောရတာက ဒီဖက်က ဆွေးနွေးမယ့် သူတွေက ထိုက်တန်တဲ့ လူတွေ၊ အဆင်သင့်ဖြစ်နေတဲ့ အဖွဲ့အစည်းတွေ ရှိနေလို့ ပြောရတာ ဖြစ်တယ်လို့ ပြောချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူပုဂ္ဂိုလ်သက်သက် မဟုတ်ဘူး။ ပြည်သူတွေက ထောက်ခံတယ်၊ တိုင်းရင်းသားတွေက လက်ခံတယ်၊ နိုင်ငံတကာက အသိအမှတ် ပြုထားပြီးသား ခေါင်းဆောင်တဦး ဖြစ်တယ်။ ဒါ့အပြင် ကျနော်တို့ဆီက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေး အဖွဲ့အစည်းဆိုတာ မူတွေ၊ ရပ်တည်ချက်တွေနဲ့ တလျောက်လုံး ရှင်သန်နေတာ ဖြစ်တယ်။ ပြင်ဆင် ထားတာတွေ ရှိနေတယ်။

တပ်မတော်ဖက်ကလည်း လုံးလုံးကြီး သည်လမ်းကြောင်းကို ဆန့်ကျင်နေတာ မဟုတ်ဘူးဆိုတာ တွေ့ရတယ်။ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆက်သွယ်ရေး ၀န်ကြီး ဦးအောင်ကြည်ကို ခန့်အပ်ထားပြီးသား ဖြစ်တယ်။ လမ်းဖောက် ထားတာပဲ။ သူ့ကို ဆက်သွယ်ရေး ၀န်ကြီးလို့ အမည် ပေးထားတာထက် ယူနီတီ ၀န်ကြီးလို့သာ ဆိုလိုက်ရင် တိုင်းရင်းသားတွေ အားလုံးနဲ့ အင်န်အယ်ဒီနဲ့ တိုင်းပြည် တခုလုံးနဲ့ ဆိုင်တဲ့ သဘောတောင် ဖြစ်သွားနိုင်သေးတယ်။ တခါးကို ဖောက်ထားပေမယ့် သော့ခတ်ပြီး ပိတ်ထားတာကတော့ တပိုင်းပေါ့။ ဒါပေမယ့် တပ်မတော်က လက်နက်အားကိုးတဲ့ နည်းတွေနဲ့ မဖြစ်ဘူးဆိုတာ သူတို့ သိပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဒီဖက်က တရုတ်တို့ အာဆီယံတို့ ကိုယ်တိုင်ကလည်း ပြောဆိုနေရပြီ ဖြစ်တယ် လို့ ပြောချင်တယ်။

နောက်ဆုံး တနေ့မှာ တပ်မတော် အခြေခံ အင်အားစုတွေ သာမက တပ်မတော် ခေါင်းဆောင် အင်အားစု အများစုက တိုင်းပြည် အကျိုးစီးပွားအတွက် တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးသာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်ဆိုတာကို ယုံကြည် လာကြမယ်၊ ဆောင်ရွက် လာကြမယ် ဆိုတာကို ကျနော်တို့က လမ်းဖွင့်ထားတဲ့ သဘောနဲ့ ဆက်လက် တောင်းဆို ကိုင်စွဲနေရမှာပဲ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

Ref: မိုးမခ

0 comments:

အပေါ်သို့