Wednesday, August 25, 2010

နွားနှင့်သပိတ်

Aug 25, 2010

ညိုမြ

လူတို့သည် တိုင်းရေးပြည်ရေးအကြောင်းကို ပြောဆိုကြ၏။ နစ်နာချက်များကို ကြွေးကြော် ကြ၏။ မျိုးချစ်စိတ် ရှိအပ်ကြောင်း ကို ဟစ်ကြ၏။ ညီညာမှ ပြည်သာမည်ဟု အော်ကြ၏။

ထိုသို့ ပြောဆိုကြွေးကြော် အော်ဟစ်ကြသူတို့အား တကယ့်မြင့်မြတ်သည့် မျိုးချစ် ပုဂ္ဂိုလ်ကြီး တွေဟု အကြောင်း မသိသူများက ထင်စရာအကြောင်း ရှိသော်လည်း အများအားဖြင့် စဖြီးများသာ ဖြစ်ကုန်သည်။ သူတို့သည် လူစည်စည် ရှိသော အရပ်များ တွင် စင်မြင့်ထက်သို့ တက်၍ စွာလောင် စွာလောင် လုပ်ကြ၏။ ဟုမ္မရူး ဒိုင်အာကီ နောင်လာမည့် အုပ်ချုပ်ရေး စသဖြင့် လျှာ အရိုးမရှိသည့် ဖိုးပြောချင် ဖိုးအော်ချင်များပင်။ သို့သော် သူတို့ အပေါင်း အဖော်များနှင့် ပင်ကိုယ် နေသောအခါများတွင်ကား တိုင်းပြည်ကို အလျင်း သတိ မရကြကုန်။ ကိုယ့်နှမ လင်နေကြောင်းနှင့် သူ့နှမ သားမွေးကြောင်း ဖရုဿဝါစာ အတင်းအဖျင်း တို့ကိုသာ ပွားများကြလေသည်။

မျိုးချစ်စိတ်အမှန်ထက်သန်၍ ဤဖြစ်ကတတ်ဆန်း တပါးကျွန် ဘဝကို တကယ် နာကျည်းသူ ဖြစ်က ထိုသို့ မနေနိုင်ရာ။ ဘယ်နံရော အခါမဆို မျိုးချစ်မီး လောင်ကျွမ်းလျက် အမျိုး၏ နစ်နာချက်များကိုသာ အနုလုံ ပဋိလုံ စမြုံ့ပြန် စိစစ်ကာ ... စားလျှင်လည်း အမိမြန်မာပြည် အိပ်လျှင်လည်း မြန်မာပြည်အမိ လမ်းလျှောက်လျှင်လည်း မြန်မာအမိပြည် စာရေးလျှင် လည်း ပြည်အမိမြန်မာ ဟူ၍ သို့သာလျှင် ဖြစ်စေရာ၏။ အနှီသို့သော ပုဂ္ဂိုလ်များကိုသာ မျိုးချစ်ဟု သမုတ်ကာ ရွှေပန်းကုံး ငွေပန်းကုံးများ စွပ်ကြသင့်ပေသည်။

...............................................
ကျွန်ုပ်သည် ဤမည်သော တက္ကသိုလ်သပိတ် စုံစမ်းရေးကော်မတီ လူကြီးများ ရှေ့ဝယ် အလွန် မကောင်းဆိုးဝါးသော တက္ကသိုလ် အကြောင်း ချင်းရာတို့ကို သိသမျှ ယထာဘူတ သက်သေ ခံပြီးသည်၏ အခြားမဲ့၌ (၁) တနှစ်ကျော်မျှ ခွဲခွာလာခဲ့ ရသော မိဘနှစ်ပါးကို ဖူးမျှော်လိုခြင်း (၂) အကြင်အညာဒေသတွင် သပိတ် အခြေအနေ မည်သို့မည်ပုံ ရှိသည်ကို စုံစမ်းလျက် အကယ်၍ လိုလေသေးရှိက မိမိ ဇာတိချက်ကြွေ တောအရပ် တဝိုက်တွင် တောသူ တောင်သားတို့အား သပိတ်တရား ရေအေး တိုက်ကျွေးလိုခြင်း ဟူသော ဆန္ဒနှစ်ပါး ဖိစီးလှသည် ဖြစ်၍ ခေါင်းဆောင် အကြင်နောင်နု၊ နောင်အုန်း၊ ဘိုင်ရှစ်တို့အား ဆယ်ရက်အတွင်း ပြန်ခဲ့ပါမည် စိတ်ချပါဟု အဖန်ဖန်ကျိန်ဆို ခွင့်ပန်ပြီးသကာလ ထိုမည်သော သပိတ် ပြန်ကြားရေးဌာန ကိုလည်း ကိုကျော်ညိမ်းအား ခေတ္တ လွှဲအပ်ခဲ့ပြီးသော် တတိယတွဲသို့ ခုန်တက်ကာ အညာသို့ ဆန်ခဲ့လေသော ဟူ၏။

အညာနိုင်ငံ၌ကား သပိတ်ရေး သာယာပါပေ၏။ မင်းဘူး၊ မုံရွာ၊ ပခုက္ကူ၊ ရွှေဘို၊ စစ်ကိုင်း၊ မန္တလေး စသော အညာမြို့များ၌ ကျောင်းတိုင်းလိုလိုပင် ကောင်းကောင်းမွန်မွန် သပိတ် မှောက်လျက် ရှိကြ၏။ အစိုးရ ကျွန်များမှတပါး သပိတ်ကို ချီးကြူး ထောက်ပံ့ ကြသူချည်းသာတည်း။ သောတာပန် ရွာတွင်လည်း လွန်လေပြီးသော အခါက ရွှေတောင်ကြား ပါတီဝင် မင်းတိုင်ပင် တဦးဖြစ်လေသူ တီပီအက်စ် “ဖေဖေ”မှ တပါး သပိတ်ကို အားရ ကြသူချည်းပင်။ “မင်းတို့ သတ်သေမေဒ ပေးရတာနဲ့ ရာစုတ်အုပ်က ညှင်းတာက တော်သေးတယ်။ ဒို့တက္ကသိုလ်မှာ ဘာမှ သုံးမကျဘူး ... လကားပါကွာ ... လခွေးလိုဘဲ။ လုပ်ပုံ ကိုင်ပုံတွေက စွန်ပါဘူး ...” ဟု ကျွန်တော်က ပြောပြသောအခါ စာရင်းငှား စံရွှန်းနှင့် သာဗြေ့တို့က ဂွမ်းနု ဆီစိမ်သကဲ့သို့ တအိအိ ခေါင်းညိမ့်ကြပေ၏။

သာယာသော တညနေခင်းတွင် သန့်ပြန့်သော လေညှင်းကိုရှူရှိုက်ရင်း တဖြည်းဖြည်း လမ်းလျှောက် ထွက်လာခဲ့၏။ ကျောက်ဆောင် အိုင်စောင်းကို ကျော်လွန်လျက် ဦးကျွန်း သရက်ခြံဝသို့ ဆိုက်လေတော့သည်။ ကြည်နူးဘွယ့် နေဝင်ချိန် တည်း။ အုန်းပင်ထက်ဝယ် အုန်းလက်တို့သည် ဖြည်းညှင်းစွာ လှုပ်ရှားလျက် ရှိကုန်၏။ ကွယ်လုဆဲ နေရောင်ခြည်သည် သရက်ခြံပေါက် ဝတွင် မြက်စားလျက် နေသော အမည်မသိ နွားကြားကြီး တကောင်အား တမျိုးပင် လှပ ဖွံ့ဖြိုး ကြက်သရေ တိုးအောင် လွှမ်းမိုးလျက် ရှိနေလေသည်။ ကျွန်တော်သည် ထိုနွားကြီးသို့ ချဉ်းကပ်တော့၏။

“ဗျို့နွားကြီး ဘာလုပ်နေသလဲ ... မြက်စားနေသလား”ဟု ကျွန်တော်ကပင် စ၍ ယုတ်တရက် နှုတ်ဆက် လိုက်ပေ၏။ နွားကြီးကား စိုစိမ်းသော မြေစာပင်များဝယ် စိတ်ရော ပါးစပ်ပါ ဝင်စားချက် ကောင်းလှ၏။

`ယခု ကျွန်တော်တို့ ရွှေတိဂုံပေါ်မှာ သပိတ်မှောက်နေကြတယ် သိလား။ ကျောင်းသားတွေကို အလကား နေရင်း ကျောင်းထုတ် ခံရလွန်းလို့ ...´

နွားကြီးသည် စားမြဲစားနေ၏။

“နဲနဲမှ မတရားဘူးဗျာ။ တကယ်ဆိုရင် ကျွန်တော်တို့ဟာ နိုင်လိုမင်းထက် မုဆိုလိနီ ကလေးတွေလဲ မဟုတ်ပါဘူး။ ကျောင်းကို စာသင်ဘို့ လာကြတာပါ။ စော်ကားဘို့လဲ မဟုတ်ဘူး။ စော်ကားတာကို ခံနေဘို့လဲ မဟုတ်ဘူး။ ကိုစိုးမြင့်ကို ဆာမထူးလို့ ကျောင်းထုတ်သတဲ့။ ထုတ်ပစ်ပုံကလည်း ရှင်းရှင်းလင်းလင်း မဟုတ်ဘူး။ ပြန်သွင်း မလိုလို ဘာလိုလိုနဲ့ လေးငါးလလောက် ကျောင်းတက်ခွင့် မပေးဘဲ ညှင်းထားတယ်။ ကုန်ကုန် ပြောကြစို့။ အခု ကိုစိုးမြင့် တံတားကလေးကို ရောက်နေပီလေ။ အနှာ ဘလူ့လက်ချက်လဲ စဉ်းစားကြည့်ပေတော့။ ဆရာ့ဝတ်တရား ဆိုတာ တပည့်ကို အညွန့်ချိုးဘို့ ဘဲလားလို့”

“နို့ပြီး ကိုအောင်မြင့်ဆိုတဲ့ ကျောင်းသားကိုလဲ အသုံးမဝင်တော့တဲ့ နို့တစ် စက္ကူကို သင်ပုန်းပေါ်က ခွာမိ လို့တဲ့။ ကျောင်းထုတ် ပြန်ရော။ မတရားသဖြင့် ကျောင်းထုတ် ခံရတဲ့အတွက် ကျောင်းစရိတ်တွေကို တရားစွဲပီး လျော်ကြေး တောင်းမယ်လုပ်တော့မှ ကျောင်းမထုတ်ရ သေးပါဘူး။ အောင်မြင့်က နားကြားလွဲလို့ အင်္ဂလိပ် စကားကို ကောင်းကောင်း နားမလည်လို့နဲ့ လုပ်လာတယ်။ ဘာဟုတ်မလဲ ... ညိုမြတို့ သိတာပေါ့။ အနှီနေ့က အင်္ဂလိပ် ပါမောက္ခ အခန်းကို ရောက်တော့ ကိုအောင်မြင့် နာမည်ကို ကျောင်းစာရင်းက ဖျက်ပစ်ဘို့ အမိန့် စာရွက်ကို ဆရာကပြလို့ ဘတ်ခဲ့ရတယ်။ ခုထုတ် ခုသွင်းမို့ မျက်နှာဖြူဆရာ တယောက်ကတောင် ဒို့သခင်မျိုးတွေ ဘယ့်နှယ် ဖြစ်ကုန်ပီလဲတဲ့။

“ကျွန်တော်တို့ အရိုအသေပေးပြီး တင်မြှောက်ထားတဲ့ သမဂ္ဂ ဥက္ကဌ ကိုနုကို ကျောင်းထုတ် တာကတော့ ဘာဖြစ်လို့ ထုတ်ထုတ် ကျွန်တော်တို့ အားလုံးကို စော်ကားတာနဲ့ အတူတူပေါ့။ ဟုတ်ကဲ့မှုတ်လား”

နွားကြီးသည် ရှေ့သို့ ခြေတလှမ်းတိုး၍ မြက်များကို ဆက်လက်စားနေ၏။

“နောက်ဆုံး ကျောင်းထုတ် ခံရတာကတော့ ကိုအောင်စန်းပေါ့။ အိုးဝေမဂ္ဂဇင်း အင်္ဂလိပ်စာ ပိုင်းမှာ ညစ်ညမ်းတဲ့ ဆောင်းပါးတို တခု ထည့်မိလို့တဲ့ ။ ရန်ကုန်တိုင်း သတင်းစာ အယ်ဒီတာက သူ့မှာ အနှာကိုဘတ်ပြီး တုန်လှုပ် ချောက်ချား သွားရှာဆိုကိုး။ ကျောင်းထုတ်ဘို့ မြှောက်ပေးရှာတယ်။ အစိုးရကတော့ ဘာမျှ အပြစ် မဆိုပါဘူး။ မိန်းမ များကတောင် ထိုဆောင်းပါးဟာ ညစ်ညမ်းသော်လဲ ကောင်းစေချင်စိတ် ထားက ပိုမို ထင်ရှားလို့မို့ ဘာမှ အရေးယူဘို့ မလိုဘူးတဲ့။ ကျောင်းအုပ်ကြီးကတော့ မထုတ်ဘဲ မနေနိုင် ရှာဘူးပေါ့လေ။ ကျောင်းအုပ်ပေမဲ့ စိတ်ကတော့ နွားသတ် ကုလားလိုဘဲ။ ထုတ်ပုံကလဲ မှတ်ဘို့ကောင်း တယ်။ အိုးဝေ မဂ္ဂဇင်းထွက်ပီး တလလောက်ကြာလို့ စာမေးပွဲနဲ့ ကပ်နေမှ ထုတ်ဘို့ ဆုံးဖြတ်ထားတယ်။ စာမေးပွဲ မလုပ်ခင် တရက် နှစ်ရက်မှာတော့ ကိုအောင်စန်းအတွက် အခြားမခံချင်တဲ့ ကျောင်းသားတွေဟာ ကူညီ ကြံဖန်နိုင်ဘို့ ခဲယဉ်းကြမယ် ပေါ့။ သူတို့ တွက်ပုံချက်ပုံက သိပ်ဟုတ်တာ။ အကြမ်းဘတမ်း မဟုတ်ဘဲ သေသေချာချာ နားနားနေနေနဲ့ လည်လှီးတဲ့ သဘောပေါ့။ တပည့်နဲ့ ဆရာဆိုတာ တက္ကသိုလ်မှာ အနှာလို ဖြစ်နေ ကြတာကလား”။

နွားကြီးကား နားရွက်တခတ်ခတ်နှင့် တပြုတ်ပြုတ်စားလျက် မြိန်လျက်ပင်။

“သဟကြောင့် ကျွန်တော်တို့ သပိတ်မှောက်ခဲ့တယ်လေ။ ဘာဖြစ်သေးလဲ။ မှောက်တယ် မှောက်တယ်ပေါ့။ ကိုယ့်ကို လူမထင်တဲ့သူကို ကိုယ်ကပြန်ပီး လူထင်နေဘို့ ကိစ္စက ခဲယဉ်းသားဘဲ။ ဟုတ်ကဲ့မှုတ်လား။ အခုတလောတော့ ဆရာတွေနဲ့ ကောက်ဘဲ။ ကျွန်တော့် ပါမောက္ခ ဝရုတ်ဆီက စာရတယ်။ “မင်းတို့ သပိတ်မှောက် ကောင်စီက ကောင်တွေဟာ မျောက်တွေ ဘဲတွေတဲ့။ အခြား ပါမောက္ခ ကတော့လဲ ကျေးဇူးကန်း ခွေးကောင်လေးတွေ ငါ့အိမ်က လက်ဘက်ရေကိုတော့ လာသောက် သွားတယ်တဲ့။ နစ်နာချက် ဘာမှ မရှိဘူးတဲ့။ ဘုရင်ခံက စုံစမ်းရေး ကော်မတီ မခန့်သင့်ဘူးတဲ့။ သိပ်ဟုတ်တဲ့ အာစရိတွေဘဲ။ ဆရာလဲဆရာ မျက်နှာကလဲ မမဲတော့ ဒီစကားမျိုးပြော အားရှိမှာပေါ့နော်”

ယုတ်တရက်နွားကြီးသည် နောက်ချေးများ ယိုနေသည်ကိုမြင်ရ၍ နှစ်မိနစ်ခန့် စကားကို ရပ်တန့် ထားရ၏။

“ကျွန်တော်တို့ အခုလို သပိတ်မှောက်တာကို ဒီကောင်ကန်းကလေးတွေဟာ မွေးကထဲက ဥပဒေ ကြူးလွန်တဲ့ သူပုန်ဝသီ ပါလို့”တဲ့။ နောက်တခါ လမ်းပေါ်မှာ လှဲအိပ်ရင် ဥပဒေ ကြူးလွန်မှုနဲ့ ဆော်ပစ် လိုက်မယ်တဲ့ ... ဟုတ်ကဲ့ မှုတ်လား။ အနှာ့ကြောင့် ဒီလိုလူစားတွေကို ဘာမှ ထူးထူးထွေထွေ ပြန်မပြော နေချင်ပါဘူးဗျာ။ ဟိုသူတို့ အင်္ဂလိပ် လူမျိုး ဆစ်တနီစမစ် ရေးတဲ့ စာကိုသာ ရွတ်ပြ လိုက်ချင်တော့တယ်”

“အိုင်ယာလန်သည် အဘယ်ကြောင့်ဤမျှ ဆူပူနေသနည်း။ အကြောင်းရင်း ဇစ်မြစ်ကို သိလျက်နှင့်ပင် တိမ်မြုပ်၍ သင်တို့သည် ချော်တောငေါ့ကာ ထင်ရာပြောဘို့သာ တတ်ကြ၏။ သင်တို့ ဖိစီး နှိပ်ကွပ်သည်ကို မခံနိုင် ခြင်းကြောင့်သာ မဟုတ်ပါလော။ သင်သည် မြင်းတကောင်ကို ကြိုးနှင့်တုတ်၍ ရက်ရက်စက်စက် ရိုက်နှက်လျှင် ထိုမြင်း သင့်ကိုပြန်၍ ကန်ကြောက်က မြင်းကို အဆိုး ဆိုမည်လော။ ခွေးတကောင်ကို နှစ်ရှည်လများ ညှင်းဆဲ နှိပ်စက်ခဲ့ပြီးလျှင် ထိုခွေး သင့်ကိုမြင်တိုင်း ဟောင်သောကြောင့် ခွေးကို ရူးသည် ဆိုအံ့လော။ အိုင်ယာလန် တိုင်းသားတို့သည် ပဋိသန္ဓေ အားဖြင့် ယုတ်ညံ့သော သဘောရှိကြ၍ အလွန် ဆူဆူပူပူ လုပ်တတ်သည်ဟု သင်က မစွပ်စွဲမီ သင်သည် သူတို့အား တန်းတူ မိတ်ဆွေ လူလူချင်းဟု သဘောထားခဲ့ ဘူးပါသလား မေးချင်၏။ သင်သည် သူတို့၏ ကူးသန်း ရောင်းဝယ်ရေးတွင် သူတို့ အကျိုးကို ကြည့်ရှု ကာကွယ် ခဲ့ဘူးပါ၏လော။ သင်သည် သူတို့၏ အမျိုးဘာသာ သာသနာကို လေးစား ခဲ့ပါ၏လော။ သူတို့၏ လွတ်လပ်ရေးကို သင်၏ လွတ်လပ်ရေးကဲ့သို့ ခင်မင် လိုလား ခဲ့ပါ၏လော။ အမှန်အားဖြင့် သင်သည် ဤသည်တို့ကို ဘာမျှ ဂရုမစိုက်ခဲ့။ သင်ကား သူတို့ မြေယာများကို သိမ်းခဲ့၏။ သူတို့ကို သတ်ပစ်ခဲ့၏။ တကျွန်းသို့ ပို့ခဲ့၏။ သူတို့နှင့် ထိုက်တန်သော အခွင့်အရေး များကို မပေးခဲ့။ သို့စဉ်လျက် အိုင်ယာလန် တိုင်းသားများ ဆူပူ၍ သင်တို့ကို မုန်းသောအခါ ထိုမုန်းတီးခြင်းမှာ ၎င်းတို့၏ ပင်ကိုယ် သဘောထား ယုတ်ညံ့သောကြောင့် ဟူ၍လည်းကောင်း အမျိုးကိုကပင် ခေတ်မမှီနိုင်အောင် ရိုင်းစိုင်းလျက် ယဉ်ကျေး သိမ်မွေ့ခြင်းငှာ လုံးလုံး မစွမ်းနိုင်ကြသူများ ဖြစ်သည်ဟု သင်ဆိုရက်လေသည် ...”

နီလာရောင် ပြေးလျက်နေသော ကောင်းကင်ကိုမော့လျက် ကျွန်တော်သည် စိတ်ပါ လက်ပါ ထို ဆစ်တနီစမစ်၏ စာကို ရွတ်လေပြီးသည်၏။ အဆုံး၌ ကြည့်လိုက်ရာ သရက်ပင်များ ကြားတွင် နွားနီမလေး တကောင်နောက်သို့ သုတ်ခြေတင်၍ သွားလေသော နွားကြီးကို မြင်လိုက်ရပါသည်။

လာလမ်းဖြင့်ပြန်ခဲ့သော ကျွန်တော်ကား စိတ်မကောင်းချေ။ နွားကြီးကို သပိတ်အကြောင်း ပြောရသည်မှာ ကျွဲပါး စောင်းတီး ရှိလှ၏။ ဂရုစိုက်ပုံလည်း မပေါ်။ နားလည်ဟန်လည်း မရှိ။ ဟောရ ပြောရသူတွင်ကား မောလှ၏။ အို ... နွားတွေ ... နွားတွေ ... နွားတို့သည်ကား အဟိတ် တိရစ္ဆာန်များသာ ဖြစ်ကုန်၏။ အန္ဓများသာ ဖြစ်ကုန်၏။ သပိတ်ကိုလည်း နားမလည်။ တရားကိုလည်း နားမဝင်။ ဒင်းတို့၏ ဝါဒနှင့် လုပ်ငန်းကား သံသရာ တလျှောက်လုံး မြက်စား၍ နောက်ချေးယိုပြီးလျှင် နွားမနောက် လိုက်ရန်သာ တတ်ကြ လေတော့သတည်း။ ။

(၁၉၃၉ ခုနှစ်ထုတ် ညိုမြ၏ စာ တွင် ပါရှိသော နွားနှင့်သပိတ် ရသစာတမ်းကို မူရင်း သတ်ပုံ အတိုင်း ဖော်ပြ လိုက်ပါသည်)

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့