ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၀
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး စင်္ကာပူနိုင်ငံသို့ မျက်စိကုသရန် ရောက်ရှိနေစဉ် မဇ္ဈိမ သတင်းထောက် ခင်ဖြူဝင်းက တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။
NLD ဆက်လက် ရပ်တည်ဖို့နဲ့ ရှေ့အလားအလာကို ဘယ်လိုမြင်ပါသလဲ။
သူတို့က NLD ဆက်လက်ရပ်တည်ခွင့် မရှိတော့ဘူးလို့ ထုတ်ပြန်ကြေညာပါတယ်၊ ဒါပေမဲ့ NLD ဟာ NLD ပါပဲဗျာ၊ NLD ဆက်ရပ်တည်ဖို့ အခွင့် အလမ်းတွေရှိပါတယ်။ ကျနော်တို့ အခွင့်အရေးတွေ ပြန်တောင်းဆိုဖို့ NLD အခန်းကဏ္ဍ ပြန်ရောက် လာအုံးမှာပါ။
NLD ရဲ့ လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဘယ်လို ဆက်လုပ်မယ် ပြင်ထားပါသလဲ။
သူတို့က NLDကို မရှိတော့ဘူး၊ ပျက်ပြယ်ပြီ၊ ဖျက်သိမ်းလိုက်ပြီ ဆိုပေမယ့် ဥပဒေအရ သူတို့ ဖျက်သိမ်းလို့ မရဘူး၊ ဘာကြောင့်လဲ ဆိုတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ရလာတဲ့ ရလဒ်အရ မြန်မာတပြည်လုံးက NLD ကို လွှတ်တော် ကိုယ်စားလှယ်တွေ အများဆုံး ရွေးပေး ခဲ့တာဖြစ်တယ်။
အဲဒီအခွင့်အာဏာက ပြည်သူလူထုက ပေးတဲ့ ပြည်သူလူထုကပေးတဲ့ ကိုယ်စားလှယ်တွေ အပေါ်မှာပဲ ရှိနေ သေးတယ်။ အဲဒါကြောင့် ဒီလို ရွေးကောက်ပွဲက ရလာတဲ့ ရလဒ်ရှိနေရဲ့သားနဲ့ ဘာမှလဲ မလုပ်ရသေး၊ ဘာမှလဲ မဆောင်ရွက်ရသေး၊ ဘာအပြစ်မှလဲ မလုပ်၊ ဘာအမှုအခင်းမှလဲ မလုပ်ဖူး တိုင်းပြည်အတွက် ဥပဒေဘောင် အပြင်ဘက်ကနေ ဖေါက်ဖျက်တာမျိုးလဲ မရှိဘဲနဲ့ ဒါကို ပျက်ပြယ်ပြီ၊ ဖျက်လိုက်ပြီ ဆိုတာက အဓိပ္ပာယ်မရှိဘူး။ အဲဒါကြောင့် NLDက ရှိနေသေးတယ်။ တခုရှိတယ် သူတို့ထင်သလို NLD ပါတီမရှိဘူး၊ အဲဒါ မှန်တယ် ထားလိုက်။ဒါပေမဲ့ NLDဟာ ပြည်သူ့ပါတီ အနေနဲ့ ပြည်သူလူထု ထဲမှာ အစဉ်ရှိသွားမယ်။ ပြည်သူလူထုရဲ့ အားပေးမှု ထောက်ခံမှု သူတို့ရဲ့ ကြင်နာမှု ထောက်ထားမှု၊ စာနာမှု အားလုံးကိုရရှိပြီး ပြည်သူလူထု ထဲကို ဝင်တိုးတဲ့ ပြည်သူ့ရဲ့ပါတီ အနေနဲ့ ပြည်သူအားကိုးတဲ့ ပါတီအနေနဲ့ အသက်ရှင်လျက် ရှိတယ်၊ အသက်ရှင်လျက်ရှိမယ်၊ နောင်ကိုလည်း တလျောက်လုံး ရှင်လာမယ်။ ပြီးတော့မှ ပြန်လုပ်စရာ ရှိတာတွေလဲ ပြည်သူလူထုရဲ့ ထောက်ခံချက်နဲ့ လုပ်လာနိုင်မှာဖြစ်တယ်။ ဒါက ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတဲ့ အချက်ပါ။
ကျနော်တို့ အခွင့်အရေး တွေကို ကျနော်တို့ ပြန်တောင်းဆိုမယ်။ ဥပဒေမှာရှိတယ်၊ အရင်တုန်းက ထုတ်ပြန် ထားတဲ့ ဖြစ်တည်ပြီးရှိနေတဲ့ ကိစ္စအရပ်ရပ်မှာ နောက်ဥပဒေက ထုတ်လိုက်လို့ ဒီဥပဒေက ရှေ့မှာရှိနေတဲ့ လူ ဥပဒေတယောက် အတွက် သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက် သော်လည်းကောင်း နစ်နာမယ် ဆိုရင် အဲဒီ နစ်နာချက် တွေကို တရားဥပဒေက ကုစားပေးရမယ်။ ဒါကြောင့် ဒီအချက်တွေကို ကျနော်တို့ တရားရုံးကို တင်ထားပြီးသား ဖြစ်တယ်။ အခု အဲဒီ နစ်နာမှုတွေဟာ NLD အဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တွေ နစ်နာတာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ ဆန္ဒနဲ့ သူတို့ လိုချင်ပါတယ် ဆိုတဲ့ လေဘာတီရယ်၊ ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ် အဲဒီနစ်နာချက်တွေကို တရားရုံးက ကုစားပေးရမယ်။
အဲဒီလို ကုစားပေးဖို့ ၁၉၄၅ ခုနှစ် ဥပဒေမှာ ဆိုထားတာက ရှေ့မှာရှိနေတဲ့ အဖွဲ့အစည်း တခုခုအား သူတို့ လုပ်ကိုင် ဆောင်ရွက်ချက်တွေ အားလုံးကို သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ကိုင် ဆောင်ရွက် နေလျက်သားနဲ့ နောက်တခု ဥပဒေ ထုတ်လိုက်လိုက်လို့ ဒါကို ထိခိုက် နစ်နာတယ်ဆိုရင် ရှေ့က ခံရတဲ့လူတွေနဲ့ အဖွဲ့အစည်းဟာ တရားရုံးမှာ မိမိတို့ သက်သာခွင့်ကို ရယူလျှောက်ထားခွင့် ရှိတယ်ဆိုတာကို ဥပဒေနဲ့အညီ ကျနော်တို့ တင်ထားတယ်။ အဲဒါကြောင့် ဒီဥပဒေအရ တရားရုံးက မှန်မှန်ကန်ကန် ဆုံးဖြတ် ပေးရမယ်ဆိုတာ ယုံကြည်ထားတယ်။ အဲဒါ ဆုံးဖြတ်ပေးမပေး ဆိုတာကိုတော့ ကျနော်တို့ တင်ထားဆဲ ဖြစ်တဲ့အတွက် လျှောက်လဲဖို့ အတွက် ကျနော်တို့ စောင့်နေတယ်။ ဒါကြောင့် ကျနော်တို့ ဥပဒေကြောင်း အရလဲ NLD က ရှိနေသေးတယ်။
ဆိုင်းဘုတ်တို့၊ အလံတို့၊ ရုံးတို့ အရေးမကြီးဘူး၊ ရွေးကောက်ပွဲတို့ ဘာတို့ အရေးမကြီးဘူး၊ အရေး ကြီးတာက နိုင်ငံတော်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရဖို့ဟာ ရွေးကောက်ပွဲ တခုတည်းနဲ့ ဆုံးဖြတ်ပြီး လုပ်လို့မရဘူး။ ဒီမိုကရေစီမှာ ရွေးကောက်ပွဲဟာ လုပ်ငန်းစဉ်တခု အဲဒါ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ငန်းစဉ် တခုတည်းနဲ့ နိုင်ငံကြီးတခုလုံး နိုင်ငံရေးအရ တည်ငြိမ်သွားပြီဆိုတာ မဖြစ်နိုင်ဘူး။ နိုင်ငံရေးအရ တည်ငြိမ်တယ် ဆိုတာဟာ နိုင်ငံသူ နိုင်ငံသား အားလုံး စစ်တပ်အုပ်ချုပ်တဲ့ သူကော၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကော တိုင်းရင်းသား အားလုံးကော ညှိနှိုင်း ဆွေးနွေးပြီးတော့မှ သဘောတူညီမှု ရပြီး ဆောင်ရွက်ချက် သာလျှင် နောင်မှာ အရှည်ငြိမ်းချမ်းရေးရမယ်လို့ ယုံကြည်တဲ့အတွက် NLD သည် ဒီအပေါ်မှာ ရပ်တည် ထားတဲ့ အတွက်ကြောင့် ဘယ်တော့မှ မပျက်ပြယ်ဘူး၊ အသက်ရှင်လျက် ရှိမယ်၊ အခုလဲရှိမယ် နောင်လဲရှိမယ်၊ နောင်ကိုလဲ ပြည်သူလူထု ဆန္ဒအရ လုပ်လို့ ရလာအုံးမယ် ဆိုတာကို တကယ်ယုံကြည်ပြီး ဆောင်ရွက်နေတယ်၊ ရဲရဲဝံ့ဝံ့ပဲ အားလုံး ဆောင်ရွက်နေတယ်။
၉ဝ ရွေးကောက်ပွဲမှာ ပြည်သူက NLD ကို လုပ်ပိုင်ခွင့် အာဏာတွေ အများကြီး ပေးခဲ့တယ်။ အခု လုပ်မယ့် ရွေးကောက်ပွဲမှာကော NLD အနေနဲ့ မဲပေးမယ့်သူတွေကို ဘာပြောချင်ပါသလဲ။
ကျနော်တို့က မှတ်ပုံလဲမတင်ဘူး၊ ရွေးကောက်ပွဲလဲ မဝင်ဘူး ဆိုတော့ရှင်းနေပြီ၊ ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ပေါ့။ ဒါကြောင့် ကျနော်တို့က ပြည်သူ လူထုကို ရှင်းရှင်းလင်းလင်း ပြောထားတာက သပိတ် မှောက်တယ်၊ ကန့်ကွက်တယ်၊ ဒါကြောင့် လူထုအနေနဲ့ မဲပေးဖို့ဆိုတာ ဒီမိုကရေစီ အစဉ်အလာအရ မဲပေးရမယ်လို့ ဥပဒေက ဆိုထားတယ်။ သို့သော်လဲ မဲမပေးဘဲ နေပိုင်ခွင့်လဲ ရှိတယ်ဆိုတော့ သူတို့ မကြိုက်ရင် မဲမပေးပဲ နေရုံပဲပေါ့၊ ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ စကားအတိုင်းပဲ၊ ပြည်သူလူထုက ပြောတယ်၊ ကြံ့ဖွံ့ကော တစည ကိုကော မကြိုက်ဘူး၊ နောက် ရွေးကောက်ပွဲ ဝင်တဲ့လူ တချို့ဟာလဲ တချိန်က လူထုအတွက် ဘာမှ လုပ်လာတာ မဟုတ်ဘူး၊ ရွေးကောက်ပွဲဆိုမှ ထလာတဲ့ လူတွေ ဖြစ်တဲ့အတွက် ဒီလူတွေကိုလဲပဲ မယုံကြည်ဘူး၊ အဲလိုဆိုရင် NLD ကိုပဲ မဲပေးချင်တဲ့ လူတွေက NLD မရှိရင် မပေးဘဲ နေကြပေါ့။ အဲဒါကြောင့် ကျနော်တို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ လူထု နားလည်အောင် ရှင်းရှင်းလင်းလင်းပဲ ပြောလိုက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမပြောရင် လူထုက ဟိုလို ဒီလိုထင်ပြီးတော့ ရွေးကောက်ပွဲ သပိတ်မှောက်ပါလဲပြောတယ်၊
ရွေးကောက်ပွဲအကြောင်းလဲ ပြောနေတယ်ဆိုရင် အဓိပ္ပာယ်က ရှေ့နောက် မညီဘူး။ အဲဒီတော့ ပြတ်ပြတ် သားသားပဲ ရွေးကောက်ပွဲကို သပိတ်မှောက်ကြလို့ပဲ ကျနော်တို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လဲ မေးလာတာတွေ ရှိတယ်၊ တိုင်းရင်းသားတွေထဲမှာ တိုင်းရင်းသား အချင်းချင်း ပေးချင်တာတွေ ရှိပါတယ်တဲ့၊ NLD က ခုလိုပြောတဲ့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်တဲ့၊ မှန်ပါတယ် တိုင်းရင်းသားချင်း ပေးချင်တယ် ဆိုတာ တိုင်းရင်းသားတွေ ထဲကကော သူတို့လိုချင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး၊ တန်းတူညီမျှရေး၊ သူတို့လိုလားတဲ့ ဖယ်ဒရယ်မူကို ရမလား၊ ရမယ်လို့ ယုံကြည်ရင် မင်းတို့သဘောပဲလို့ ပြောလိုက်တယ်။
တဦးချင်း အမြင်အနေနဲ့ အခုလောလောဆယ် အခြေအနေမှာ တပ်မတော်ထဲက အသစ် တက်မယ့် ဗိုလ်ချုပ်တွေရဲ့ အလားအလာကို ဘယ်လို မြင်ပါသလဲ။
စစ်တပ်ဆိုတာကတော့ အမိန့်ပေး အုပ်ချုပ်ပြီး လာတာပေါ့ဗျာ၊ စစ်တပ်ထဲမှာလဲ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ စိတ်ဓာတ်တွေ ရှိနေတယ်၊ ရှိမှာပဲလို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့လည်း ပြည်သူလူထုပဲ၊ တပ်မတော်သားတွေလည်း ပြည်သူ ပြည်သားတွေပဲ။ ပြည်သူ ပြည်သားတွေ ဆင်းရဲ ဒုက္ခ ရောက်တာနဲ့အမျှ သူတို့ ဆွေမျိုး သားချင်းတွေ ဒုက္ခ ရောက်ကြတာမြင်တဲ့ အတွက် တပ်မတော်သားအကုန်လုံးက သူတို့ရှေ့လာမယ့် စစ်အုပ်ချုပ်ရေးလို အာဏာရှင် အုပ်ချုပ်ရေး တပါတီ အုပ်ချုပ်ရေုး အဲဒီလိုမျိုးတွေ မလိုချင်ကြပါဘူး။ ဒါကြောင့် သူတို့ထဲမှာလဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်နေတဲ့ စစ်သားတွေ အများကြီး ရှိပါတယ်။ သို့သော်လဲပဲ သူတို့က အမိန့်ပေး အုပ်ချုပ်တာ ဖြစ်တဲ့ အတွက် အခုချိန်မှာ မလုပ်နိုင် သေးပေမယ့် တချိန်မှာတော့ သူတို့ဟာ နိုင်ငံရေးအရ ပွင့်လင်းလာပြီး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ပြန်ပြီး ဒီမိုကရေစီဘက် မျက်နှာမူလာပြီး ပါဝင်ဆောင်ရွက် နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ တပ်မတော်သား အားလုံးက ဒီပုံစံအတိုင်း သွားမယ်လို့တော့ ကျနော်မထင်ဘူး။
နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တဦးချင်းအနေနဲ့ ဘယ်လိုမြင်ပါ သလဲ။
နယ်ခြားစောင့်ဖွဲ့တဲ့ကိစ္စကတော့ ကျနော့်အနေနဲ့ ဝင်ပြီးတော့ မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြောလိုက်ရင်လဲ ရှုပ်ထွေး သွားလိမ့်မယ်၊ အဲဒီတော့ ဒီကိစ္စက သူတို့ ငြိမ်းချမ်းရေး ယူတုန်းက ဘယ်လို ကတိတွေထားသလဲ၊ အဲဒီ ထားတဲ့ ကတိကို တည်အောင်လုပ်ရင်တော့ ကောင်းကြမယ် ပေါ့နော်။ သူတို့ ပြောနေတာ ကြားတာကတော့ ဟိုဘက်ကလဲ ဒီလိုပြောတယ်၊ ဒီဘက်ကလဲ ဟိုလိုပြောတယ်။ အမျိုးမျိုး ပြောနေတဲ့ အပေါ်မှာ ကျနော်တို့က မဝေဖန်ချင်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဝင်ပြီး ပါလိုက်လို့ရှိရင် အခြေအနေတွေက အကုန် ရှုပ်ထွေးသွားမယ် ထင်တယ်။ အဲဒီတော့ သူတို့ ကိစ္စက အခုလုပ်နေတဲ့ လူတွေနဲ့ပဲ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းအောင် လုပ်ပါလို့ပဲ ကျနော်က ပြောချင်တယ်။
ပါလီမန်ထဲမှာ တပ်မတော်က ၂၅ ရာနှုန်း နေရာယူထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူးလို့ တချို့က ယူဆကြတယ်။ အဲဒါကိုကော ဘယ်လိုမြင်ပါသလဲ။
ဒီမိုကရေစီ သွားမယ်လို့ သူတို့ကပြောတယ်၊ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ နောက်ပြီးတော့ စည်းကမ်းရှိသော ဒီမိုကရေစီလို့ သူတို့ကပြောတယ်၊ အဲဒီလို ပြောပြီးတော့မှ ၂၅ ရာခိုင်နှုန်းလဲထည့် ဒါက ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ကို ဝင်မယ်။ အခုဆိုရင် သူတို့ထဲက ခေါင်းဆောင်တွေ ဟိုးအရင်တည်းက အကြံအစည် အတိုင်း လုပ်နေကြပြီလေ၊ ဒါတင်မကဘူး သူတို့က ပိုသေချာအောင် ထပ်ပြီးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းပေါ့၊ ပထမတုန်းက လူမှုရေးပဲ လုပ်မယ်လို့ ဆိုတယ်၊ စပြီး လုပ်ကထဲက လူတွေကိုစု နအဖ စစ်အစိုးရရဲ့ သဘောထားတွေကို ကြေညာခိုင်း၊ ဆန္ဒပြခိုင်း အော်ခိုင်း ဟစ်ခိုင်း ဆိုထဲက နိုင်ငံရေး လုပ်မယ် ဆိုတာကို ကျနော်တို့က သိတယ်။ အဲဒါကြောင့် ကျနော်တို့ကလဲ ဒီအဖွဲ့ကို ကန့်ကွက်တာပဲ။ ဒါပေမဲ့ ခုတော့ ရှင်းသွားပြီလေ၊ ဒီအဖွဲ့ကြီး တခုလုံး ပါတီ ပြောင်းလိုက်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ ငွေကြေး၊ ပိုက်ဆံ၊ ဘဏ္ဍာ၊ ပစ္စည်းပစ္စယ အားလုံးကို သုံးပြီး ဝင်အရွေးခံမှာ၊ ဘာပဲဖြစ်ဖြစ် သူတို့က အနိုင်ယူပြီးတော့ တပြည်လုံးမှာရှိတဲ့ ပြည်သူ အားလုံးကို စစ်ကျွန်လုပ်မယ် ဆိုတဲ့သဘောနဲ့ တရားဝင် ထောက်ခံမှုရအောင် ကြိုးစားပြီးတော့ ကမ္ဘာကို မျက်လှည့်ပြတာပဲ။
အမှန်ကတော့ ဒီမိုကရေစီကို အမှန်တကယ် ယုံတယ်ဆိုရင် ဒီ ၂၅% ဆိုတာလဲ ထည့်ဖို့ မလိုဘူးပေါ့။ ဒီမိုကရေစီ ဆိုတာက အရွေးခံရပြီးတော့မှ ကိုယ်စား ပြုရမယ်။ အဲဒီတော့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းပါ အချက်နဲ့လွဲနေပြီ၊ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်မယ့် အစိုးရကို ကိုယ့်ပြည်သူလူထုက တင်မြှောက်တဲ့လူကပဲ လုပ်ရမယ်လို့ ပြောတာကို မတင်မြှောက်တဲ့ လူက ခု ၂၅% ပါနေတယ် ဆိုတော့ ဒီဟာက ဘယ်လိုလုပ်ပြီး ဒီမိုကရေစီ ဟုတ်မလဲ။ ကြံ့ခိုင်ရေးလို အသင်းတွေကလဲ အတင်းအဓမ္မ ကြိုတင်မဲတွေကော၊ ဝန်ထမ်းတွေကိုလဲ သူတို့ပဲ ပေးရမယ်ဆို တာတွေကော၊ ချေးငှား စရိတ်တွေပေးပြီးတော့ လူတွေကို ကြံ့ခိုင်ဖွံ့ဖြိုး အသင်းထဲ ဝင်အောင်လုပ်၊ နောက်ပြီး ကြံ့ဖွံ့ကိုပဲ မဲပေးရမယ်ဆိုတဲ့ သဘောတွေလုပ်ဆိုတော့ ပြန်ကောက်ရရင် ၂၅% ထည့်ကထဲက ကျနော်တို့က ဒီမိုကရေစီ သွားမယ်ဆိုတာ မယုံကြည်ဘူး။ ဒါတွေကို ကျနော်တို့က စောစောစီးစီး သိတယ်၊ အဲဒါကြောင့် ကျနော်တို့ တလျှောက်လုံး ပြောဆိုလာတာ ဖြစ်ပါတယ်။
နောက်လာမယ့် ရွေးကောက်ပွဲတွေမှာကော NLD အနေနဲ့ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ပြန်ဝင်နိုင်မလား။
ဒါကတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ၊ အခု ရွေးကောက်ပွဲပြီးလို့ အရွေးခံရတဲ့ ပါတီတွေ ဘယ်လောက် လုပ်နိုင်တယ် ဆိုတာ ကြည့်ရမှာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတကာက တရားမျှတမှု မရှိဘူး ပြောတာ များလာတယ် ဆိုရင် တမျိုးပေါ့။ နောက်ပြီးတော့ သူတို့ ဒါကို လုပ်လာ ကိုင်လာရင်းနဲ့ ဒီမိုကရေစီကို သူတို့တကယ်ပဲ ယုံယုံကြည်ကြည်နဲ့ ပြောင်းလဲမှုတွေ လုပ်လာမယ် ဆိုရင်လဲ ဒါကတမျိုးပေါ့။ အဲဒါလောက်ပဲ ပြောနိုင်မယ်၊ အခု အခင်းအကျင်းအားလုံးကတော့ ဒီမိုကရေစီ တိုင်းပြည်ဖြစ်လာမယ့် အလားအလာ မရှိသေးဘူး။
Thursday, October 14, 2010
“ရွေးကောက်ပွဲနဲ့ ပြည်မအေး၊ အားလုံး ကြေလည်အောင် ဆွေးနွေးရမယ်”
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment