၁၃ အောက်တိုဘာ ၂၀၁၀
နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ် ဆိုတာကို တတိုင်း ပြည်လုံး အနေ အထားနဲ့ မကြေညာဘဲ ဒေသ အလိုက်ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေး နေတာကို သတိထား မိကြလိမ့်မယ် ထင်ပါတယ်။ ဒါ ဘာကြောင့်လဲ ဆိုတာကိုရော သတိထား မိကြပါသလား။ အလားတူပဲ ကြပ်ပြေး နေပြည်တော်က မဲဆန္ဒ နယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ် ဆိုတာကိုရော စောကြော မိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ် ချင်နေကြတာလဲ။
နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့ အမတ်လောင်း တွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိ မြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။
ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံ ကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်း ထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်း တကြောင်း၊ ကိုယ့်ကို ငွေကြေးက အစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်း တကြောင်းတို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်း ကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက် တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ် ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်း ၀န်ကြီးတွေ၊ အဖွဲ့အစည်း ခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။
ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေး နေပြည်တော်မှာ ၀င်အရွေးခံတယ် ဆိုတာကတော့ အဲဒီ အဓိပ္ပာယ်မျိုးတော့ လုံးဝ မဟုတ်ပါဘူး။ သူတို့နိုင်မှာ သေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာ ဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံး မခံနိုင်ဘူး ဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ် ဆိုတဲ့ သဘော ဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့ တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူ ဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကို သွားပြီး ပြရတယ် ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်း နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီး နေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအရ ဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီး အဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတ အာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့ အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲက တဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။
တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေး နေပြည်တော်မှာ ပြိုင်ဘက် မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်း နေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင် အရွေးခံသူ ဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြား အဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦး တို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက် နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။
ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက် တချက် ကတော့ ကြံ့ဖွံ့မဟုတ်-တစည မဟုတ် သူတွေအထဲမှာ ငွေကြေး မသမာမှုတွေ၊ သို့လောသို့လော စဉ်းစားစရာ ကိစ္စတွေ ပေါ်လာနေတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခြေအနေက ပုပ်မှမပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကို တယောက်က ဖော်၊ တယောက်ကို တယောက်က ဆော် ဆိုတာတွေလည်း တွေ့ရစ ပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင် နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီ ငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖ အလိုတော်ရိ ငွေရှင် ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာ ဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့ တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေး ကိစ္စလို ဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲ လို့လည်း မေးချင်စရာ ဖြစ်နေပါတယ်။ ငွေပုံကြီးပေါ် ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင် လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသ မဟုတ်ပါလား။
ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက် ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစား လာဘ်စားမှုတွေ မြင်ရဦးမှာ ဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်း ဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူ သူတွေအတွက်သာ ဖြစ်ပြိး ဒီမိုကရေစီ ဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့် ပေးခြင်း ဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။
Ref: ခေတ်ပြိုင်
0 comments:
Post a Comment