လစာတွေ တိုးပေးတော့မယ် ဆိုတဲ့ အသံ ထွက်လာတော့ လူတွေ ကြားမှာ လှုပ်လှုပ် ရွရွ၊ ကုန်ဈေးနှုန်းက ခုန်ဆွ ခုန်ဆွ၊ ခုထိ ဘာမှ မသေချာ မရေရာ သေး။ ကောလ ဟာလလား၊ မီးဖိုချောင် သတင်း (Galley Message) လေလား မသိ၊ တိုင်းပြည် တနံ တလျား မှာတော့ ပြောသံ ဆိုသံတွေ ညံလာလိုက်၊ ပြန်ငြိမ်သွားလိုက်။
ကျနော်တပ်ထဲကို စပြီး ရောက်ခါစ မှာပဲ လစာ တိုးတဲ့ အချိန်နဲ့ ကြုံခဲ့ရပါ တယ်။ များများ စားစားတော့ မဟုတ်ပါဘူး။ တပ်သားသစ် လစာ သုံးရာ့ငါး ဆယ်ကျပ်ကနေ လေးရာ့ ငါးဆယ်ကျပ်၊ သန္ဓေ၀င် စစ်သည် လစာ လေးရာ့ ငါးဆယ် ကျပ်ကနေ ခြောက်ရာကျပ် အထိ တိုးပေး လိုက်တာပါ။ ပြီးတော့ ရိက္ခာစို ကြေးငွေ ကိုလည်း တနေ့ နှစ်ကျပ်ခွဲ ကနေ ငါးကျပ် ဖြစ်သွားတာကို မှတ်မိနေတယ်။
၁၉၉၆ ဧပြီလမှာထင်တယ်၊ ၀န်ထမ်း အားလုံး (၁၀) လစာ ကြိုတင် ထုတ်ချေး ငွေနဲ့ ထပ်ပြီး ကြုံရ ပြန်တယ်။ ကျနော်တို့ ကာကွယ်ရေး ၀န်ထမ်းတွေ ရတဲ့ ချေးငွေက (၁၀) လစာ အတွက် လစာငွေထက် နည်းနည်း ပိုများတယ်။ စစ်သည် တဦးကို တသောင်း တထောင် ကျပ်နှုန်း ရပြီး တပ်ကြပ်ကြီး တဦးကို တသောင်း ငါးထောင် ကျပ်နှုန်း ချေးငွေ ရတာပါ။ ရွှေတ ကျပ်သားကို နှစ်သောင်းကျပ် နီးပါး ရှိတဲ့ အချိန်ပေါ့။ အဲဒီတုန်းက ကျနော် ဟိုင်းကြီးကျွန်း၊ ပမ္မ၀တီ ရေတပ်စခန်းဌာန ချုပ်မှာ အမှုထမ်း နေချိန်။ ဌာနချုပ်မှူးက ဗိုလ်မှူးချုပ် မြင့်ဆွေ (နောင် ရန်ကုန်တိုင်း မထသ ကြီးကြပ်ရေးဥက္ကဋ္ဌ)၊ ဒုဌာ နချုပ်မှူးကတော့ ဗိုလ်မှူးကြီးခင်မြင့် (နောင်တရားသူကြီး အဖွဲ့ဝင်) ပါ။ ချေးငွေရတဲ့ အချိန်မှာ ဌာနချုပ် အစီအစဉ်နဲ့ တပ်သက်သာ ချောင်ချိရေး လုပ်ငန်းတခု လုပ်ခဲ့ကြတယ်။
ကျနော်မှတ်မိသလောက်ပြောရရင် ဗိုလ်မှူးစိုးလှိုင် ရန်ကုန်ကိုသွားရင်း ရေထွက်သယံဇာတပစ္စည်း ရှာဖွေထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်တခု ရလာတယ်။ အဲဒီလိုင်စင်ကို အရင်းတည်ပြီး PGE (Pammawaddy General Enterprise) လုပ် ငန်းစုတခုတည်ထောင်လိုက်တာ။ လုပ်ငန်းအစုရှယ်ယာတခုကို တထောင်ကျပ် နှုန်းသတ်မှတ်ပြီး အရာရှိ၊ စစ်သည် တွေကို အချိုးကျ ထည့်ဝင်စေပါတယ်။ အစုစပ်လုပ်ငန်းမှာ ရေထွက်ပစ္စည်းလိုင်စင်အပြင်၊ ဒေသထွက် ဆားဝယ်ယူ၊ သိုလှောင်၊ ရောင်းဝယ်ရေးလုပ်ငန်းလည်း ပါဝင်ပါတယ်။ ကျနော်တို့ ချေးငွေထုတ်ယူတော့ တပ်မှူးက လုပ်ငန်းအစု ရှယ်ယာများများ ထည့်ဝင်ကြဖို့တိုက်တွန်းဆော်သြပြီး အမှန်တကယ် အကျိုးအမြတ်ရမဲ့လုပ်ငန်းလို့ ပြောပေမယ့် ကျနော်တို့စစ်သည်တွေကတော့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ထက်သန်မှု သိပ်မရှိပါ။ တပ်မှူးစိတ်ကျေနပ်အောင် ရှယ်ယာတစု ထည့်ဝင်သူများပါတယ်။
ပြောရမယ်ဆိုရင် အစုစပ်လုပ်ငန်းလုပ်တဲ့ ပထမနှစ်မှာ ပြောထားတဲ့အတိုင်း အမြတ်အစွန်းထိုက်ထိုက်တန်တန် ခံစားရ ပါတယ်။ သို့ပေမယ့် ငွေထည့်ဝင်ပြီး (၆) လလောက်ကြာမှ အမြတ်စပြီးဝေပေးတာမို့ မစောင့်စားနိုင်သူတချို့က ရှယ် ယာလက်မှတ်ကို အရှုံးခံပြီး ပြန်ရောင်းပစ်လိုက်ကြတယ်။ လုပ်ငန်းလုပ်ပုံကတော့ ဒေသခံရေလုပ်ငန်း လုပ်သူတွေကို လိုင်စင်မိတ္တူငှားရမ်းချထားတာပဲ။ ပထမပိုင်းမှာ မျှော့ငုပ်တဲ့လှေတစီးကို တလအတွက် ငါးထောင်ကျပ်နဲ့ ငှားရမ်းပါ တယ်။ အလှကုန်မိတ်ကပ်လုပ်ရာမှာအသုံးပြုတဲ့ ဗောင်းခရု (ကြွေသားပါသော ပင်လယ်ခရုတမျိုး) ရှာဖွေတဲ့လှေအချို့ လည်းလုပ်ကြတယ်။ အရင်က ဟိုင်းကြီးဒေသမှာ ဒီလိုလုပ်ငန်းတွေ ခေတ်မစားသေးပါဘူး။ မြေစမ်းခရမ်းပျိုးသဘော မျိုး လုပ်ကိုင်ကြရင်း လုပ်ငန်းအောင်မြင်သွားလေတော့ လှေစီးရေပိုများလာပြီး ဈေးပြိုင်စနစ်ဖြစ်သွားတာ နောက်လ တွေမှာ လှေတစ်စီးကို သုံးသောင်းကျပ်အထိဈေးမြင့် သွားပါတယ်။ လှေစီးရေ ရာနဲ့ချီပြီးလုပ်ကိုင်လာကြတာမို့ PGE လုပ်ငန်းအမြတ်ငွေ သဲ့ပြီးရလိုက်ပါတယ်။ ဆားလုပ်ငန်းကတော့ အခြေအနေသိပ်မကောင်းပါ။ နှစ်ကုန်လို့ စာရင်းချုပ် လိုက်တဲ့အခါ ရှယ်ယာတစောင် အရင်းငွေ တစ်ထောင်ကျပ်အတွက် အမြတ်ငွေ ခြောက်ထောင်ကျပ်လောက် ခွဲဝေ ပေးနိုင်ခဲ့တယ် ခင်ဗျ။
ဒေသခံရေလုပ်ငန်းသမားတွေလည်း အကျိုးဖြစ်ထွန်းပါတယ်။ တချို့လုပ်ငန်းရှင်တွေဆိုရင် လုပ်ငန်း တစ်ရာသီအ တွင်းမှာ စက်လှေဝယ် အိမ်သစ်ဆောက်နိုင်ကြတဲ့အထိပါ။ မထင်မှတ်ဘဲ လုပ်ငန်းအဆင်ပြေကြတော့လည်း နောင်နှစ် ခါမှာ ဆတက်ထမ်းပိုး တိုးပြီးလုပ်ကိုင်ကြဖို့ မျှော်လင့်မိတာပေါ့။ သို့ပေမယ့် နောက်တနှစ်မှာ အဲဒီရေလုပ်ငန်းလိုင်စင်ကို အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) က ရယူသွား ပါတော့တယ်။ စစ်သည်တွေ မျှော်လင့်တကြီး ထည့်ဝင်ထား တဲ့ PGE ရှယ်ယာတွေဟာ ဆားလုပ်ငန်း တခုတည်းအပေါ်မှာသာ အမှီပြုထားရပြီး ဆားဈေးကလည်းမကောင်းတော့ ရှယ်ယာအရင်း ပြန်ပေးနိုင်ဖို့တောင် အတော်ခဲခဲယဉ်းယဉ်း ကြိုးစားရတဲ့အနေအထားကို ရောက်သွားပါလေရော။
ဒါပေမယ့် ချေးငွေကို နှစ်နှစ်အတွင်း အရစ်ကျပြန်လည်ပေးဆပ်ရတာမို့ လစာ ခြောက်ရာကျပ်ရတဲ့ စစ်သည်တဦးအ တွက် ချေးငွေက လေးရာလောက်ဆပ်နေရတော့ နှစ်ရာပဲ ကျန်တော့တာပေါ့။ ကျွေးဆပ်တဲ့ ကာလတနှစ်ပြည့်ချိန်မှာ ယာယီဆိုင်းငံ့ပေးခဲ့လို့သာ တော်သေးတာ။ ကိုယ်ချင်းစာတတ်တဲ့ အရာရှိတချို့က စစ်သည်တွေကို ပြောတယ်။ “မင်းတို့ မိသားစုတွေ ပိုက်ဆံနှစ်ရာနဲ့ တလလုံး ဘယ်လိုသုံးကြသလဲ၊ မင်းတို့ကို ချီးကျူးတယ်ကွာ၊ ငါသာဆိုရင် တပ်ကလစ်တာကြာပြီ” တဲ့။ ကျနော်တို့တပ်မှူးကဆိုရင် စစ်သည်တယောက် တပ်ကပြေးသွားကြောင်း သတင်းပို့ လိုက်တိုင်း “အေး..ကောင်းတာပေါ့ကွာ၊ တယောက်တော့ လွတ်မြောက်သွားပြန်ပြီပေါ့” လို့ အမြဲပြောလေ့ရှိတယ်။
စစ်သည်တွေဘာလုပ်ကြလဲဆိုတော့ ဟိုင်းကြီးတောင်ပေါ်တက်ပြီး ဟင်းရွက် ခူးတယ်၊ ထင်းခုတ်ရောင်းတယ်၊ လယ် ကွင်းထဲမှာ အိုင်ပက်ကြတယ်။ အိမ်ထောင်သည်လိုင်းခန်းတိုင်းမှာ ညှော်နံ့တွေ သင်းလို့။ အပြိုင်အဆိုင်မုန့်လုပ်ရောင်း ကြတာလေ။ တပ်တွင်း သက်သာလဘက်ရည်ဆိုင်တွေမှာ အလုအယက် မုန့်ပို့ကြရင်း ရန်ဖြစ်သူတွေဖြစ်ကြနဲ့ ဒီတုန်း ကတော့ စိတ်ညစ်လိုက်ရတာ ခုပြန်တွေးကြည့်တော့လည်း ရယ်ချင်စရာ။
သက္ကရာဇ် ၂၀၀၀ ရောက်တော့ လစာတစ်ခါတိုးပြန်တယ်။ ငါးဆတိတိတိုးတာပါ။ အဲဒီမှာ အထက်ဌာန အဆင့်ဆင့်က အမိန့်ညွှန်ကြားချက်တွေ တသီကြီးထွက်လာတယ်။ နိုင်ငံတော်က စေတနာထားလို့ တိုးများလာတဲ့ လစာငွေကို စစ် သည်တွေလက်ထဲ အကုန်ထုတ်ပေးလိုက်ရင် သုံးလိုက်စားလိုက်နဲ့ ကုန်သွားမှာပဲ။ ဒီတော့ နောင်ရေးအတွက်လည်း အထောက်အကူရအောင် ဦးပိုင်စီးပွားရေးလီမီတက်က ဖွင့်လှစ်ထားတဲ့ မြ၀တီဘဏ်မှာ မဖြစ်မနေ ငွေစုကြရမယ်တဲ့။
မှတ်မိပါသေးတယ်။ ကျနော်တို့တပ်မှူးက အလံတိုင်ကွင်းမှာ အရာရှိ၊စစ်သည်အားလုံးတန်းစီပြီး ချွေတာစုဆောင်း သူဋ္ဌေးလောင်း တရားဟောတယ်။ ၀င်ငွေနည်းလင့်ကစား စုဆောင်းတတ်တဲ့ အကျင့်လုပ်ရမယ်။ ခုချိန်မှာကိုယ်အမှတ် မထင်စုဆောင်းထားတဲ့ငွေတွေဟာ တနေ့ကိုယ်လိုအပ်တဲ့အခါ အရင်းအနှီး ဖြစ်လာနိုင်တယ် စသဖြင့် တရားချလိုက် တာ။ ဆရာဖေမြင့်ရေးတဲ့ “ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်” စာအုပ်ထဲက ချမ်းသာနည်းလျှို့ဝှက်ချက်တွေကိုလည်း ရွတ်ပြသွားသေးတယ်။ သူတို့စိတ်ထဲမှာ စစ်သည်တဦး လစာ သုံးထောင့်ငါးရာကျပ်ရတာကို သုံးမကုန်အောင်ပေါများ နေတယ် မှတ်သလားမသိ။ မြ၀တီဘဏ်တိုးက တနှစ်မှ ၁၃ ရာခိုင်နှုန်းပဲရတာ။ မဖြစ်မနေ တလတထောင်ကျပ် စုပေး နေရတော့ နှစ်ထောင့်ငါးရာနဲ့ မိသားစုဘယ်လို စခန်းသွားကြမှာလည်း သူတို့မစဉ်းစားကြဘူး။ တနှစ်ကို ၃၀ ရာခိုင်နှုန်း အမြတ်ရှိတဲ့ ဦးပိုင်ရှယ်ယာကိုတော့ ထည့်ဝင်ခွင့်ကန့်သတ်ပိတ်ပင်ထားတယ်။ စစ်သည်အများစုဟာ ကိုယ်ပိုင်ပိုက်ဆံ ကို တကျပ်တိုးနဲ့ ဘဏ်မှာစုပြီး ရပ်ကွက်ထဲမှာ နှစ်ဆယ်တိုးနဲ့ ပြန်ယူသုံးနေကြတဲ့ အဖြစ်တွေကို မသိမမြင်ကြဘူးထင် ပါ့။
၂၀၀၆ မှာ လစာထပ်တိုးပြန်တော့လည်း ၀န်ထမ်းတွေအသက်ရှူမချောင်နိုင်ပါဘူး။ မနားတမ်းတက်နေတဲ့ ကုန်ဈေးနှုန်း ရဲ့ ဒဏ်ကတမျိုး၊ ဟိုမှာဒီမှာ စုပါဆောင်းပါဆိုတဲ့ ညွှန်ကြားချက်တွေက တမှောင့်နဲ့ ကိုယ်ရတဲ့လစာ ကိုယ်တိုင်စီမံသုံး စွဲခွင့် ဘယ်မှာရှိလို့တုန်း။ လစာထုတ်တဲ့နေ့တိုင်း သုညပေါ်ဝလုံးထပ်နေတဲ့ ငွေစက္ကူတွေကိုကိုင်ရင်း တလတာအကြွေး စာရင်းတွေက ရှင်းလို့လင်းလို့ကို လက်စမသတ်နိုင်။ တချို့ဆိုရင် လစာကိုနှစ်ချုပ်နဲ့ ကြိုကန် (ကြိုရောင်း) ထားတာမို့ pay book မှာ လက်မှတ်သာထိုးပေးလိုက်ရပြီး အိမ်ကို ခါလီပြန်ကြရတာ။
နိုင်ငံ့ဝန်ထမ်းတွေကို လစာတိုးပေးတာက ကောင်းပါတယ်။ ၀န်ထမ်းဆိုတာ နိုင်ငံ့ဝန်ကိုထမ်းပြီး ပြည်သူ့ဘဏ္ဍာက ထုတ်နှုတ်ပေးတဲ့ လစာကို ခံစားကြရတာ။ ၀န်ထမ်းအများစုဟာ လုပ်ငန်းခွင်မှာပဲ အချိန်ကုန်ကြရတာမို့ ပြင်ပစီးပွား ရေးလုပ်ငန်းနဲ့ အခြားဝင်ငွေရှိတဲ့သူ အင်မတန်ရှားပါတယ်။ အထူးသဖြင့် အောက်ခြေအကျဆုံး ၀န်ထမ်းတွေရဲ့ ဘ၀ အာမခံချက်တွေရှိဖို့ကို အလေးပေးစဉ်းစားသင့်တာပါ။ အဲဒီအတွက် ရေရှည် တည်တံ့ဖွံ့ဖြိုးတဲ့ အမြတ်အစွန်းလည်း သေချာတဲ့ ၀န်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းတွေလုပ်ဖို့ လိုအပ်တယ်လို့ ရိုးရိုးလေးပဲ တွေးမိပါတယ်။ လစာတိုး ပေးရုံနဲ့ မလုံလောက်တာကိုတော့ အကြိမ်ကြိမ်အခါခါ လစာတိုးပေးနေရတာက သက်သေပြနေတယ် မဟုတ်ပါလား။
နေမင်းသူ
၁၉-၄-၂၀၁၁
0 comments:
Post a Comment