Wednesday, April 20, 2011

ဗမာပြည်က စစ်အာဏာရှင်များနှင့် လူထုသတင်းစာ

ရဲဘော် ဖိုးသံချောင်း


ကျနော် တခါတခါ ကိုယ့်ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ပြန်စဉ်းစား ကြည့်တဲ့အခါ၊ အထူး သဖြင့် အဖမ်းခံနေရတဲ့ ကာလ အတွင်း၊ တိုက်ထဲမှာ တယောက်တည်း နေရတုန်းမှာ ကိုယ့်အကြောင်းတွေကိုယ် ပြန်စဉ်းစား ကြည့်တဲ့အခါ ငါ့ဘဝရဲ့ အစောဆုံး ဘယ်အပိုင်းကို မှတ်မိသလဲလို့ ပြန်စဉ်းစား ကြည့်တဲ့ အခါမှာ ကျနော့် ခေါင်းထဲမှာ မှတ်မှတ်ရရ ပေါ်လာတာတခုက မန္တလေးမြို့ကို သူပုန်တွေက သိမ်းတဲ့အချိန်၊ ကျနော်တို့ မိသားစုကို သတ်ဖို့ စီစဉ်ကြတဲ့ ကိစ္စ၊ ကျနော်တို့ အိမ်က ပုံနှိပ်တိုက်ကြီးကို မိုင်းဗုံးနဲ့ ခွဲတဲ့ကိစ္စ၊ အဲဒါ ကျနော် အစောဆုံး မှတ်မိတာပဲ။ ကျနော်တို့ မိသားစုကို သတ်ဖို့ပြင်တယ် ဆိုတဲ့ကိစ္စ ဟာ အခုအခါမှာ ကြားဖူးသူ အတော် ရှားမယ်ထင်တယ်။ သိတဲ့သူလည်း နည်းမယ်ထင်တယ်။ စာတွေဘာတွေ ထဲမှာ သိပ်ပြီး မပါဖူးဘူး။ အဲဒီတုန်းက သတ်မယ် လုပ်သူဟာ အဲဒီတုန်းက မန္တလေး မြို့ထဲကို ဝင်ကြတဲ့ သူပုန်တွေ မဟုတ်ပါဘူး။ မန္တလေးမြို့ကို ဝင်တဲ့ သူပုန်တွေက မျိုးစုံပါ။ ကျနော် သိသလောက် ဆိုရင် ကွန်မြူနစ် ပါတီလည်းဝင်တယ်။ ကရင်လည်း ဝင်တယ်။ ရဲဘော်ဖြူလည်း ဝင်တယ် (ရဲဘော်ဖြူ ဆိုတာက ပြည်သူ့ ရဲဘော်ကို ပြောတာပါ) ဒါပေမဲ့ သူ တို့က သတ်ဖို့လုပ်တာ မဟုတ်ပါဘူး။ ကျနော်တို့ မိသားစုကို သတ်ဖို့ လုပ်တာက အစိုးရတပ်ပါ။

ကျနော့်မျက်စေ့ထဲက မထွက်နိုင်တဲ့ အဲဒီတုန်းက အဖြစ်အပျက်တွေကို ကျနော် ပြန်ပြောပြ ပါ့မယ်။ အဲဒီတုန်းက ကျနော်တို့ နေကြတာဟာ အခု ၈၄ လမ်း နဲ့ ၃၃ လမ်း ထောင့်က လူထု တိုက်နေရာ မဟုတ်ပါဘူး။ လက်ရှိ နေရာမှာက အဲဒီတုန်းက ဒုတိယ ကမ္ဘာစစ်တုန်းက ဗုံးကျထားတဲ့ တိုက်ပျက် အုတ်ခဲပုံကြီး။ အဲလို အုတ်ခဲပုံကြီး ပေါ်မှာ တဲလေးတလုံး ထိုးပြီး ဘလောက် လုပ်ငန်း လုပ်နေတဲ့ မြသီတာ ဘလောက်တိုက် ဆိုတာပဲ ငုတ်တုပ် ရှိပါတယ်။ ကျနော်တို့က အခု ဝင်းလိုက် ရုပ်ရှင်ရုံရဲ့ တောင်ဘက်က တအိမ်ခြား၊ နောင်မှာ ဦးချမ်း စားသောက်ဆိုင် ဆိုတာ ဖြစ်လာတဲ့ ရွှေကုန်သည် ဦးသိန်းမောင်တို့ရဲ့ တိုက်ကို အောက်ထပ်မှာ ငှားပြီး နေကြတာပါ။ သူတို့ အိမ်ရှင်များက အပေါ်ထပ်မှာ နေကြပါတယ်။ ကျနော်တို့ တိုက်မျက်နှာစာ မှာတော့ အမေတို့ အဖေတို့က စာအုပ်ဆိုင်လေးလို လုပ်ထားပါတယ်။ ကိုယ့်တိုက်က ထုတ်တဲ့ စာအုပ်တွေရော အခြား စာအုပ်တွေပါ ရောင်းပါတယ်။ ပုံနှိပ်စက်က ကျနော်တို့ နောက်ဖေး က ကျနော့် အဖိုးအဖွားများရဲ့ ဂုန္တန်ဝင်း ထဲမှာပါ။ ဝါးကပ်တဲ အရှည်ကြီး တခုထဲမှာ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်တုန်း ကပါ၊ ကျနော်ထင်တယ်(၄၉) ခုနှစ် အစောပိုင်း ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်း ဆိုတော့ အဲဒီအချိန်မှာ နွေခေါင်ခေါင်ကြီး မဟုတ်သေး ပါဘူး။ နွေဦးပေါက်စ ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျနော် အသက်သုံးနှစ် ကျော်ပေါ့၊ ဒါပေမဲ့ မန္တလေး ဆိုတော့ရာသီဥတုက နေ့လည်မှာ ပူပါတယ်။ အဲဒီ ရက်က ကျနော့်မိဘတွေက ဘယ်ကနေ ဘာသတင်းရထားတယ် ကျနော် မသိပါဘူး။ ကျနော်က သိပ်ငယ်ပါတယ်။ ကျနော်တို့ မိသားစု တစုလုံး တထိတ်ထိတ် တလန့်လန့်နဲ့ နေကြတာကိုပဲ ကျနော် မှတ်မိနေတယ်။ အဲဒီနေ့မှာကျတော့၊ ကျနော်တို့ အိမ်ထဲကို အစိုးရ စစ်သားတွေ ခဏ ခဏ ဝင်-ဝင်လာတာလည်း ကျနော် မှတ်မိနေတယ်။ နောက်တခါ ကျနော်တို့ တတွေ အဖေနဲ့ အမေအိပ်တဲ့ မင်္ဂလာဆောင်ခန်းဝင် ကုတင်ကြီးရဲ့ နောက်မှာ အားလုံးထိုင်ပြီး ပုန်း နေကြတယ်။ အဖေနဲ့ အမေတို့က မင်္ဂလာဆောင်တာ မန္တလေးမှာ ဆောင်တာ၊ ဒါပေမယ့် အဖေက ခန်းဝင်ပစ္စည်းတွေကို ရန်ကုန် ဘုံဘေဘားမား ကုမ္ပဏီ ကနေ ဝယ်လာတာ။ ခုနကပြောတဲ့ ကုတင်ကြီးက ဧရာမ ကျွန်းကုတင်ကြီး။ ခေါင်းရင်းပိုင်းက အကာဟာ ငါးပေလောက်မြင့်မယ် ထင်တယ်။ အဲဒီအကာ ကြီးနဲ့ အုတ်နံရံ အကြားမှာ ကျနော်တို့ မိသားစုခြောက်ယောက်။ အဲဒီတုန်းက ကျနော့် ညီအငယ်ဆုံး မမွေးသေးပါဘူး။
ကျနော်တို့ အားလုံး ထိုင်ပြီး ပုန်းနေကြတာ။ အတော်ကြာပါတယ်။ ဘယ်နှနာရီ ရှိမလဲတော့ မမှတ်မိတော့ဘူး။ ဒီလိုနဲ့ အစိုးရစစ်သားတွေ အိမ်ထဲကို ဝင် လာတာ ထပ်ကြားတယ်။ ကျနော်တို့တတွေ မျက်ရိပ်ပြပြီး တိတ်တိတ်ကလေး ထိုင်နေကြတယ်။ ကျနော်တို့ အခန်းက ခပ်မှောင်မှောင်ရယ်၊ ဒါပေမဲ့ အခန်း သုံးခန်းထဲသာ ရှိတဲ့ အဲဒီနေရာမှာ ကျနော်တို့ကို အဲဒီ စစ်သားတွေက ခဏနဲ့ပဲ ရှာတွေ့သွားတယ်။ သူတို့လက်ထဲမှာ သေနတ်တွေနဲ့ စစ်မြေပြင် ဆင်းတဲ့ပုံစံ အပြည့်ပဲ။ ဗိုလ်လုပ်တဲ့သူက ကျနော်တို့ အားလုံး ထွက်ခဲ့ပေါ့။ သူတို့နဲ့ လိုက်ခဲ့ဖို့ပြောတယ်။ အဲ့တော့ ပုန်းနေတဲ့ ကုတင်နဲ့ နံရံကြားက ကျဉ်း ကျဉ်းလေးမို့ အဖေတို့ အမေတို့ တယောက်ချင်း ထွက်ကြရတယ်။ ဒီအခါမှာ ကျနော်နဲ့ ကျနော့် အကိုဟာ တူတူပုန်းတဲ့ အခါ ကစားလေ့ ရှိတဲ့အတိုင်း တယောက်ကို တယောက် လှမ်းကြည့်ပြီး အဲဒီ ကုတင်ကြီးရဲ့ အောက်ထဲကို အသာလှည့်ဝင်ပြီး ပုန်းနေ လိုက်ကြတယ်။ အခန်းက ခပ်မှောင်မှောင် ဆိုတော့ စစ်သားတွေလည်း သတိမထား မိလိုက်ကြဘူး။ အဖေနဲ့အမေနဲ့၊ အမနဲ့ နှမပေါ့လေ သူတို့ကိုပဲ ခေါ်သွားပြီးတော့ ကျနော်တို့ နှစ်ယောက်တည်း ကျန်နေခဲ့ ကြတယ်။ ကျနော်တို့ နှစ်ယောက် ကုတင်အောက်မှာ တယောက်မျက်နှာ တယောက်ကြည့်ပြီး ပြုံးနေခဲ့ကြတယ်။ ဘာရယ်မဟုတ်ဘူး၊ ကလေးပြုံး ပြုံးကြတာပဲ။

နောင်မှာ ကျနော်တို့ ကြီးလာကြတော့လည်း ဒီကိစ္စ ဘာမှ ပြန်မမေးဖြစ်ဘူး။ တယောက်နဲ့ တယောက် ဒီအကြောင်း စကားမစပ် ကြတော့ဘူး။ ကျနော်တို့ မိဘတွေနဲ့တောင် ပြန်မပြောမိ ကြတော့ဘူး။ ပြန်မစဉ်းစား ချင်တော့တဲ့ ကိစ္စတခုလို ဖြစ်သွားတယ်။ ဒီလိုနဲ့ အတော်လေးနေတော့မှ “နှစ်ယောက် လိုသေးတယ်၊ နှစ်ယောက် လိုသေးတယ်” ဆိုပြီး စစ်သားတွေ ပြန်ဝင်လာတယ်။ အဲဒီကျတော့ ကျနော်တို့ ပုန်းလို့ မရတော့ဘူး။ တွေ့သွားတော့ ကျနော်တို့ နှစ်ယောက်ကို ကုတင်အောက်က ထွက်လာခိုင်းတယ်။ နောက် အပြင်ကို ထုတ်လာတော့ အပြင်မှာ ကျနော့်အဖေ၊ ကျနော့်အမေ၊ ကျနော့်အမနဲ့ ကျနော့် နှမတို့ကို တွေ့ရတယ်။ ဝင်းလိုက် ရုပ်ရှင်ရုံနဲ့ မျက်နှာချင်းဆိုင် ကျနော့်အဖိုးနဲ့ အဖွားပိုင်တဲ့ အောင်မြန်မာ စက္ကူဆိုင် ဆိုတာရှိတယ်။ တထပ်တိုက်တန်းကြီး တခုပါ။ အဲဒီ တထပ်တိုက်တန်းဟာ အုတ်ခုံ အမြင့်ခံပြီး ဆောက်ထားတာပါ။ အဲဒီအရှေ့မှာပဲ အားလုံးကို တန်းစီပြီး ရပ်ခိုင်းထားတာ တွေ့ရတယ်။ ကျနော်တို့ ညီအစ်ကိုလည်း ကျန်တဲ့ မိသားစုတွေနဲ့ ဝင်ပြီး တန်းစီရတာပေါ့။ ကလေးဆိုတော့ ကျနော်တို့ကို ပစ်သတ်ဖို့ ပြင်နေတယ် ဆိုတာ သိပ်ပြီး ရှင်းရှင်းလင်းလင်း သိတာ မဟုတ်ဘူး။ သဲသဲကွဲကွဲ သိတာ မဟုတ်ဘူး။ သဘောတော့ ပေါက်တဲ့ ပုံရှိတယ်။ ဒါပေမဲ့ ကြောက်ရမှန်း မသိတာ အမှန်ပဲ။

အစိုးရ စစ်သားတွေက သေနတ်ကို ကျည်ထိုးပြီး ပစ်မိန့်ကို စောင့်နေကြပြီ။ အဲဒီတုန်းက ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီအဖြစ် တွေကို ဝိုင်းပြီး ကြည့်နေကြတဲ့ လူ(၃ဝ-၄ဝ) လောက် ရှိမယ်ထင်တယ်။ ခဏနေတော့ အဲဒီဘေးက ကြည့်နေတဲ့သူတွေ၊ အထူးသဖြင့် သံဃာတွေက စစ်သားတွေကို ဒီလိုမလုပ်ဖို့ ဝိုင်းပြီး မေတ္တာ ရပ်ခံကြတယ်။ သူတို့ အချိန်အတော်လေး ပြောရတယ်။ ဘယ်လောက် ကြာလဲတော့ အတိအကျ မမှတ်မိတော့ဘူး။ အဓိက ဖြောင်းဖြတဲ့ အထဲ မှာက ဘုရားကြီး အနောက်ဖက်က ပေပင်ကျောင်းက ဆရာတော် ဦးကောဝိဒ ပါတယ်၊ အဲဒီတုန်းကတော့ ဦးဇင်းပေါ့။ နောက်ဆုံးကျတော့ အဲဒီစစ်ဗိုလ်က လက်ခံသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ ကျနော်တို့ မိသားစုဟာ အဲဒီ ဆရာတော်ကို တသက်လုံး ကျေးဇူးရှင်လို သဘောထားပြီး ကျနော်တို့ အိမ်က သူ့ဆီကို အပတ်တိုင်း ဆွမ်းပို့ ပေးပါတယ်။ စစ်သားက ကျနော်တို့ကို ပြန်လွှတ်ပေးတဲ့ နောက်မှာ သံဃာတော်တွေကို ကန်တော့ကြ၊ ဝိုင်းပြောပေးကြတဲ့ ရပ်ကွက်ထဲက လူတွေကို ကျေးဇူးတင်စကား ပြောကြ၊ အဲဒါတွေတော့ ကျနော် မှတ်မိနေတယ်။ အဲဒီတုန်းက ကျနော်တို့က ဘာမှပြောတတ်တာ၊ သိတတ်တာ မဟုတ်တဲ့ အခါကျတော့ အမေအဖေတို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို မျက်စေ့ အဝိုင်းသားနဲ့ ကြည့်နေကြတာ။

ကျနော်တို့အိမ်မှာ ကျနော်တို့တွေရဲ့ ဓာတ်ပုံတွေကို ထည့်ထားတဲ့ ဓာတ်ပုံ အယ်လ်ဘမ် အညိုရောင်လေး တအုပ်ရှိတယ်။ အတော့်ကို ဟောင်းနေပြီ။ အထဲက ဓာတ်ပုံတွေကလည်း ဝါတာ ဝါနေပြီ။ ကျနော်တို့ နည်းနည်းကြီးလာတဲ့ အခါကျတော့ အဲဒီ အယ်လဘမ်လေးကို မကြာခဏ လှန်ကြည့် တတ်ကြတယ်။ ဒါဘယ်သူပဲ ဒါဘယ်သူပဲ ဆိုပြီး ကိုယ့်ပုံကိုယ်လည်းကြည့် အင်မတန် စိတ်ချမ်း သာကြတာပေါ့။ အဲဒီ လူရုပ်ပုံ အမျိုးစုံပါတဲ့ အဲ့ဒီ အယ်လ်ဘမ်ထဲမှာ လက်ရေးမူ စာတစောင်ကိုလည်း ဓာတ်ပုံရိုက်ပြီးတော့ ညှပ်ထားတာ ထူးထူးခြားခြား တွေ့ရပါတယ်။ ကျနော် မှတ်မိသလောက် ဆိုရင် အဲဒီစာပါ အကြောင်း အရာက ဦးလှနဲ့ ဒေါ်အမာတို့ကို ဒုက္ခမပေးဖို့ တပ်တွေကို ညွန်ကြားထားတဲ့ ဟာပါ။ လက်မှတ် ထိုးထားတာက အဲဒီတုန်း က မန္တလေး မြို့သိမ်းတပ်မှူး ဗိုလ်မှူးကြင်ပါ။ ဗိုလ်မှူးကြင် ဆိုတာက ဆိုရှယ်လစ် ပါတီနဲ့ ဘာမှ မပတ်သက်ဘူး။ လူရိုး လူကောင်းဆိုပြီး တပ်ထဲမှာ နာမည် ကြီးတဲ့ပုဂ္ဂိုလ်။ နောက်ကျတော့ ပြည်တွင်း စစ်မှာပဲ သူ ကျဆုံးသွားတယ်။ ဗိုလ်မှူးကြင် လက်မှတ်နဲ့ အဲဒီစာလေး ရှိပါတယ်။ ဒီစာကို ကျနော်တို့ အိမ်ထဲ အစောပိုင်း ဝင်သွားတဲ့ စစ်သားတွေက ပေးသွားတာပါ။ ဒီစာရှိလျက်နဲ့ နောင်မှာ ဘာဖြစ်လို့ ထုတ်သတ်ဖို့ ဖြစ်လာလဲ ဆိုတာတော့ ကျနော်လည်း ကျနော့်အဖေ အမေကို မမေးမိလို့ မသိတော့ဘူး။

အဲဒီနောက်မှာတော့ ကျနော်တို့ လူထုသတင်းစာ တိုက်ရဲ့ စာပုံနှိပ်စက်ကို မိုင်းဗုံးနဲ့ခွဲတဲ့ ကိစ္စ ဖြစ်တာပဲ။ ကျနော် ထင်တာတော့ အထက်က အဖြစ် အပျက်တွေပြီး နောက်တနေ့လောက်လို့ ထင်တယ်။ ဆက်တိုက်ပဲ။ ကျနော်တို့ စာပုံနှိပ်စက်ကို အစိုးရတပ်က မိုင်းဗုံးနဲ့ ခွဲတော့မယ် ဆိုတဲ့အကြောင်း အိမ်ကိုကြိုတင် အကြောင်းကြား ထားတဲ့ သဘောရှိတယ်။ ကျနော်တို့ အိမ်က လူတွေအားလုံး ကြိုသိနေကြတယ်။ ဒီလိုနဲ့ နေ့လယ်ပိုင်းမှာ ကျနော်တို့ နားစွင့် နေတုန်းမှာပဲ ‘ဝုန်း’ ဆိုတဲ့ အသံကြီး တသံ ကြားလိုက်ရတယ်။ အဖေနဲ့ အမေတို့ မျက်နှာ တည်သွားတာ ကျနော် အခုထိ မှတ်မိနေတယ်။

ညနေပိုင်းကျတော့ ကျနော် အဲဒီကို သွားကြည့်တယ်။ ပုံနှိပ်စက်က ကျနော်တို့ နောက်ဖေးက ဂုန္တန်ဝင်းထဲမှာ။ အဲဒီတုန်းက ပုံနှိပ်စက် အဆောက်အဦထဲမှာ ကပ်တဲကြီး ထဲမှာက သတင်းစာ ရိုက်တဲ့ အင်္ဂလန် နိုင်ငံလုပ် ‘ပိန်း’စက်ကြီး ရှိတယ်၊ နောက် ‘ချန်’လာ’ဆိုတဲ့ ပုံနှိပ်စက် အငယ်လေးတွေ ရှိတယ်။ နောက် စက္ကူဖြတ်စက် ရှိတယ်။ နောက် စာစီခုံတွေ အများကြီး ရှိတယ်။ ကျနော် ရောက်သွားတဲ့ အခါ ကျတော့ ကပ်တဲကြီးလည်း ပြိုနေပြီ။ သတင်းစာ ရိုက်တဲ့ စက်ကြီးလည်းပျက်လို့။ စာစီခုံတွေနဲ့ ခဲစာလုံးတွေကလည်း ဖရိုဖရဲနဲ့ အင်မတန်ကို ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ ဒေါသဖြစ်စရာ ကောင်းတဲ့ မြင်ကွင်းပဲ။

ကျနော့်အသက်က ခုနကပြောခဲ့သလိုပဲ (၃)နှစ်ကျော်လေးပဲ၊ ငယ်ငယ်လေးပဲ။ ဒါပေမဲ့ ဒီလို လုပ်တာကို အနိုင် ကျင့်တာပဲလို့တော့ ခံစားမိတယ်။ ဝမ်း လည်းနည်း ဒေါသလည်း အင်မတန် ဖြစ်ခဲ့တယ်။ အခု ရေးခဲ့တာဟာ ၃-၄ နှစ်သား တဦးက ဒီအဖြစ်အပျက် တွေနဲ့ ပတ်သက်လို့ ဒါ ကျနော် မှတ်မိသလောက် လေးပဲဖြစ်တယ်။ လပ်နေတဲ့ ကွက်လပ်တွေကို ကျန်တဲ့သူတွေ၊ ခုနက ကျနော့် မိသားစုတွေ ဖြည့်နိုင် ပါလိမ့်မယ်။ အဲဒီ လပ်နေတာဟာ ကျနော် ပြောတာရဲ့ (၁ဝ) ဆ လောက် ရှိမယ်လို့ ထင်ပါတယ်။

0 comments:

အပေါ်သို့