08 May 2011
အာဆီယံအဖွဲ့၏ ခိုင်မြဲမှုနှင့် ဥရောပသမဂ္ဂကဲ့သို့ ၂၀၁၅ ခုနှစ်တွင် ဒေသတွင်း လုံခြုံရေးနှင့် စီးပွားရေး ကွန်မြူနတီ ဖြစ်လာရေး ရည်မှန်းချက်တို့မှာ များစွာ ထိခိုက်လျက် ရှိနေသည်။ ထိုင်းနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံ နယ်စပ်ရှိ ၁၁ ရာစု ဘုရားကျောင်းဝန်းကို ပိုင်ဆိုင်လိုမှု ပြဿနာနှင့် နောက်ဆက်တွဲ တိုက်ခိုက်မှု များမှာ အာဆီယံ အစည်းအဝေးခန်းမ အထိ လိုက်ပါ နှောက်ယှက် လျက်ရှိခဲ့သည်။
ဘုရားကျောင်းဝန်း တည်ရှိရာ နယ်စပ်ဒေသ စစ်ပွဲများကြောင့် လူ ၂၉ ဦး အသက်ဆုံးရှုံးခဲ့ကြရပြီး ပြည်သူ ၈၅၀၀၀ မှာ အိုးအိမ်မဲ့ ရွှေ့ပြောင်းခဲ့ကြရသည်။ ဂျာကာတာတွင် ကျင်းပသည့် အာဆီယံ ထိပ်သီး ညီလာခံ၏ အဓိက အာဂျင်ဒါတစ်ခု မဟုတ်သော်ငြားလည်း အစည်းအဝေးကို လွှမ်းမိုး နေခဲ့သည့် ကိစ္စရပ်ဖြစ်၏။
သို့သော် ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဘုံသဘောတူညီချက် ရသည်အထိ နောက်ထပ် တစ်ရက် ဆက်လက် ဆွေးနွေး သွားကြမည်ဖြစ်သည်။
ပရာဝိဟာဘုရားကျောင်း နယ်မြေကျဉ်းကျဉ်းလေး ကိစ္စ ပြဿနာ ဆွေးနွေးပွဲအပြီးတွင် ဤပြဿ နာမှာ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ အခြေအနေကို ဖျက်ဆီးနေသည်ဟူ၍ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝိတ်ချာဂျီဝက “ဒီပြဿာနာဟာ အာဆီယံရဲ့ ခိုင်မြဲမှုအပေါ် ထိခိုက် နိုင်တယ် ဆိုတာကို ကျွန်တော်လက်ခံပါတယ်။” ဟူ၍ ပြောကြားလိုက်သည်။
စနေနေ့ တံခါးပိတ် တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံက သူ၏ တိုင်းပြည်ကို ကျုးကျော် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလက ကြိုကြား တိုက်ပွဲများကို “စစ်ပွဲကြီး” ဟူ၍ သူက သုံးသပ်ခဲ့သည်။
အားနည်းသည့် အာဆီယံ အိမ်နီးချင်းနိုင်ငံအပေါ် ထိုင်းတပ်များက စစ်ပွဲ ကြာရှည်အောင် ပြုမူ နေသည်ဟုလည်း စွပ်စွဲခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ကမူ “တိုက်ပွဲဖြစ်စေလိုတဲ့ ဆန္ဒ ထိုင်းနိုင်ငံမှာ လုံးဝမရှိပါဘူး။ ဒါပေမဲ့ ၀န်ကြီးချုပ် ဟွန်ဆန်ကတော့ အခြား အဓိပ္ပါယ်တစ်မျိုးနဲ့ ပြောတာဟာ စိတ်ပျက်ဖို့ကောင်းလှပါတယ်။” ဟု တုံ့ပြန် ပြောဆိုခဲ့သည်။
ဖိလစ်ပိုင်သမ္မတ ဘန်နင်နိုအာကွီနိုကလည်း အာဆီယံ၏ ခိုင်မြဲမှုမှာ ထိခိုက်လျက်ရှိနေပြီး ပြဿနာ မှာ ပိုမို ကြီးထွားလာနိုင်သည်ဟု သတင်းထောက်များကို ရှင်းပြခဲ့သည်။
“အာဆီယံတစ်ခု၊ မိသားတစ်ခု ဆိုတာ ဘယ်လို ဖြစ်နိုင်တော့မှာလဲ။ အဓိက ၂ နိုင်ငံက သူတို့ရဲ့ ပြဿနာကို မဖြေရှင်းနိုင်သေးဘူးလေ။”
“အခြား အုပ်စုတွေနဲ့ ပြောဆိုတဲ့ အခါမှာ အာဆီယံဟာ စည်းလုံးညီညွတ်နေမှ ဖြစ်မှာပါ။ ကျွန်တော်တို့ အားလုံးကို တစ်ဖွဲ့တည်းအနေနဲ့ ပြောဆိုနိုင်မှာ ဖြစ်တယ်။” သူက ထပ်ပြောပြခဲ့သည်။
“ကျွန်တော်တို့ မညီညွတ်ဘူးဆိုရင်တော့ သူတို့က ဖိအားတွေ ပတ်ပတ်လည်က ပေးလိမ့်မယ်။”
နောက်ပြဿနာ တစ်ခုမှာ ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌ အဖြစ် မြန်မာနိုင်ငံက တာဝန် ယူရမည့်ကိစ္စကို နောက်ဆုတ် ထားလိုက်ခြင်းပင်ဖြစ်သည်။ လူ့အခွင့်အရေး အဖွဲ့အစည်းများ နှင့် အနောက်တိုင်း အစိုးရများ၏ ဆန့်ကျင် ကန့်ကွက်မှု များကြောင့်ပင်ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ဥက္ကဌ တာဝန်များကို မြန်မာနိုင်ငံက ထမ်းဆောင်ရန် အာဆီယံ၏ သဘော တူညီချက် မူကြမ်းမှာ နောက်ဆုံး ကြေညာချက်ထဲတွင်မူ စဉ်းစားနေဆဲသာလျှင် ဖြစ်ပြီး ဤအစည်း အဝေးက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို ထောက်ခံ ကြိုဆိုပါ ကြောင်းသာ ဖော်ပြခဲ့သည်။
သို့ရာတွင် အာဆီယံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားသည့် အမေရိကန်၊ သြစတြေးလျနှင့် ဥရောပ သမဂ္ဂတို့မှ ဆန်ရှင်ကို ပြန်လည် ရုတ်သိမ်းပေးစေလိုသည်။
အရှေ့တီမောနိုင်ငံမှာ အာဆီယံ၏ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာရေး ကိစ္စမှာလည်း စင်္ကာပူ နိုင်ငံများ၏ ကန့်ကွက်မှုကြောင့် အဟန့်အတား ဖြစ်နေပြန်သည်။ တီမောကို ၂၄ နှစ်ကြာ သိမ်းပိုက်အုပ်စိုး ခဲ့သည့် အင်ဒိုနီးရှားက ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
Ref;Maukkha
0 comments:
Post a Comment