January 27, 2012
နေသွင်
မ နေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ မြန်မာပြည် စီးပွားရေးစာတမ်းမှာ မြန်မာပြည်ဟာ အာရှမှာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် ငွေလဲနှုန်းကနေစလို့ ဘဏ္ဍာရေးစနစ်တခုလုံး ခေတ်မီဖို့ လိုအပ်နေတဲ့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။
အိုင်အက်အက်ဖ်ရဲ့ အဲဒီအစီရင်ခံစာအပေါ် အခြေခံပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခ ဦးမော်သန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
“အားချင်း လုပ်ရမယ့် ဥစ္စာက ပုဂ္ဂလိက ကဏ္ဍမှာတော့ ငွေလဲနှုန်းက အစိုးရသတ်မှတ်ချက် မပြောင်းလဲလည်း ပုဂ္ဂလိက ကဏ္ဍမှာတော့ တကယ် ဈေးကွက် ပေါက်နှုန်းနဲ့ပဲ အရောင်းအဝယ်လုပ်တာ ဖြစ်နေပါတယ်။ နောက်ပြီးတော့ သိမ်ဖြူမှာရှိတဲ့ ငွေလွှဲကောင် တာတွေကလည်းပဲ အပြင်မှာ ရှိတဲ့ဈေးနဲ့ သိပ်မကွာပါဘူး။ တကယ့် Market သဘောမျိုးတွေပါပဲ။ အစိုးရသတ်မှတ်တဲ့နှုန်း ၆ ကျပ် ပတ်ဝန်းကျင် မဟုတ်ပါဘူး။ အစိုးရဌာနနဲ့ ပတ်သက်တာမှာတော့ ငွေလဲနှုန်း ပြောင်းလိုက်လို့ ရှိရင် ဌာတွေရဲ့ တင်ပြထားတဲ့ စာရင်းတွေ ပြောင်းသွားမှာပေါ့လေ။ ပြောင်းသွားတယ်ဆိုတာကလည်းပဲ လွှဲမှားနေရာကနေပြီးတော့ အမှန်အတွက် ပြောင်းတာမျိုး ဖြစ်မှာပါ။ သို့သော်လည်းပဲ ငွေလဲနှုန်း ပြောင်းလဲဖို့ဆိုတာက အစိုးရကဏ္ဍကျတော့ သူက ဘဏ္ဍာနှစ်အလိုက် သွားတာကိုး။ သဏ္ဍာနှစ်အလိုက် သွားတယ်ဆိုတော့ ငွေလဲနှုန်း ပြောင်းတဲ့ဥစ္စာကို အစိုးရ စာရင်းကိစ္စရပ် အတွက်ကတော့ ကျနော်ထင်တယ် ဘဏ္ဍာနှစ်ကို ပိုင်းခြားပြီးတော့မှ အဲဒီလို ပြောင်းလိမ့်မယ်။”
ဗမာပြည်ဘဏ္ဍာနှစ်ကတော့ ဧပြီ ၁ ရက်ကနေ စတယ်ထင်ပါတယ်။
“ဧပြီလ ၁ ရက်နေပြီးတော့ မတ်လ ၃၁ ရက်ပါ။”
လာမယ့်နှစ်ထဲမှာ ငွေလဲနှုန်းတွေ စပြောင်းမယ်ဆိုတာမျိုး ပြည်တွင်းသတင်းတွေမှာ ရေးတာ ကျနော်တို့ တွေ့ပါတယ်။
“အဲဒါဆို ကောင်းတာပေါ့၊ ဒါပေမယ့် အဲဒီသတင်းက ဘာမှ အံ့ဩစရာတော့ မရှိပါဘူး။ ငွေလဲနှုန်းနဲ့ ပတ်သက်လို့က ၆ ကျပ်ဆို တဲ့ ငွေလဲနှုန်းက သဘာဝမကျဘူး။ ငွေလဲနှုန်း ပြောင်းရမယ်ဆိုတာ တော်တော်များများ ငွေကြေးအာဏာပိုင်တွေ အနေနဲ့လည်း အသိအမှတ် ပြုပြီးသား ဖြစ်ပါတယ်။ အသိအမှတ်ပြုပြီးသား ဖြစ်တယ်ဆိုတော့ အစိုးရ ကဏ္ဍဘက်မှာကတော့ ဘဏ္ဍာနှစ်အလိုက် ပြောင်းမှာပေါ့လေ။”
ဒီလိုမျိုး ငွေလဲနှုန်းတွေကို ဘဏ္ဍာနှစ်တခုမှာ စပြောင်းပြီဆိုရင် အပြင်မှာ သာမန်ဘဝတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ ဘယ်လိုမျိုးများ သက်ရောက်မှုတွေ ရှိလာနိုင်လဲ။ အဆိုးနဲ့ အကောင်းပေါ့။
“စီးပွားရေး လုပ်ငန်းတွေအနေနဲ့ သက်ရောက်မှု ဆိုတာကတော့ ပြည်ပနဲ့ အဆက်အသွယ် ဆိုင်ရာစီးပွားရေး လုပ်ငန်းအပေါ်ပဲ သက်ရောက်မှု ရှိမယ်။ ဥပမာ နိုင်ငံခြားကနေပြီးတော့ ဗမာပြည်မှာလာပြီးတော့ မြှုပ်နှံမယ်၊ အဲဒီလို ကိစ္စရပ်မျိုးတွေ အတွက်ကတော့ တော်တော်ကို ထူးခြားသွားမယ်။”
အိုင်အမ်အက်ဖ်က ပြောတဲ့ထဲမှာ မြန်မာပြည်နဲ့ပတ်သက်လို့ စီးပွားရေး သူတို့ တော်တော် အကောင်းမြင်ထားတာ တွေ့ရပါတယ်။ မတ်လအကုန် ဘဏ္ဍာရေးနှစ်မှာတင် ဗမာပြည်ဟာ ၅.၅ လောက် တက်လာနိုင်ပြီးတော့ ရှေ့နှစ် ဘဏ္ဍာရေးနှစ်ကျရင် ၆ ရာခိုင်နှုန်းလောက်အထိ တက်လာနိုင်တယ် ဆိုတာမျိုး သူတို့ သုံးသပ်ထားတာ ရှိပါတယ်။
“၅.၅ ကနေတဆင့် ၆ ရာခိုင်နှုန်းလောက်ဆိုတာ အများကြီး ဒါဖြစ်နိုင်ပါတယ်။ တခုပဲ စိုးရိမ်မှုရှိတာ ကမ္ဘာ့စီးပွားရေးပဲလေ။ အဲဒါကိုက အကြီးအကျယ် မထိခိုက်ဘူး ဆိုရင် ၆ ရာခိုင်နှုန်းဆိုတာ အများကြီး ဖြစ်နိုင်ပါတယ်။”
ဗမာပြည်အနေနဲ့ စီးပွားရေး အလားအလာ ရှိတယ်ဆိုတာမျိုး သူတို့ သုံးသပ်ပါတယ်။
“အလားအလာ ရှိတယ် ဆိုတာက အခုဆိုရင် အတိုးနှုန်းတွေကလည်းပဲ လျှော့ထားတယ်၊ နောက်ပြီးတော့ ပို သိသာမြင်သာအောင် လုပ်လာတယ် ဆိုရင် မြန်မာပြည်အနေနဲ့ကလည်းပဲ အလားအလာ အများကြီး ရှိပါတယ်။ မူဝါဒပိုင်းဆိုင်ရာအရ မဟာ ဗျူဟာအရ ပြောင်းလဲတာတွေ ရှိတယ်။ သို့သော် ဒါဟာ အောင်မြင်ဖို့ရာအတွက် လက်တွေ့ အကောင်အထည် ဖော်မှုပေါ့လေ။ ရုံးတွေမှာ လုပ်ကိုင်ဆောင်ရွက်ရတာတွေ၊ ပြဋ္ဌာန်းထားတဲ့ ပြောင်းလဲချက်တွေအတွက် တကယ့်ကို သွက်သွက်လက်လက် ထိထိရောက်ရောက်ပေါ့လေ။ အဲဒီအပိုင်းကနေပြီးတော့ လိုက်အကောင်အထည် ဖော်နိုင်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။”
ဗဟိုဘဏ်ကိုလည်း သီးခြား လွတ်လပ်အောင်လုပ်မယ် ဆိုတာမျိုး ပြီးခဲ့တဲ့ တပတ် နှစ်ပတ်လောက်က ပြောလာပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။
“ဗဟိုဘဏ်လွတ်လပ် အောင် လုပ်မယ်ဆိုတာလည်းပဲ ဘယ်နိုင်ငံဖြစ်ဖြစ် ဗဟိုဘဏ်က သူ့ဟာသူ လွတ်လွတ်လပ်လပ် ရပ်တည် တာ ပါပဲ။ ဗဟိုဘဏ်ဆိုသည်မှာ အမှန်ကတော့ တိုင်းပြည်တပြည်ရဲ့ စီးပွားရေးရဲ့ စောင့်ရှောက်ကာကွယ်ပေးမယ့် အဖွဲ့လို ဖြစ်တယ်ပေါ့လေ။ ဗဟိုဘဏ်သည် တိုင်းပြည်စီးပွားရေးရဲ့ စောင့်ကြပ်တဲ့ အဖွဲ့အစည်းလို ဖြစ်တယ်။ စောင့်ကြပ်တဲ့ အဖွဲ့အစည်းလို ဖြစ်တော့ သူသည် လွတ်လွတ်လပ်လပ် နိုင်ငံတကာမှာ ဘယ်မှာပဲ ဖြစ်ဖြစ် ဗဟိုဘဏ်က လွတ်လွတ်လပ်လပ်ပဲ ရှိပါတယ်။ အဲဒီတော့ ဗမာ ပြည်အနေနဲ့ ဗဟိုဘဏ်ကိုလည်းပဲ လွတ်လွတ်လပ်လပ် ထားမယ်ဆိုတာ ဒါ အင်မတန်ကောင်းတဲ့ ခြေလှမ်းပါ။ ကောင်းတယ်လို့ မြင်ပါတယ်။”
Ref: ဒီဗွီဘီ
Friday, January 27, 2012
မြန်မာ့စီးပွားရေးအနာဂတ် (ဦးမော်သန်းနှင့် မေးမြန်းချက်)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment