January 25, 2012
ရွှေအောင်
ရန်ကုန်မြို့မှာ ကန်ထရိုက်တိုက်ဆောက်ရင် မြေညီထပ်ကို ကားထားဖို့ ကားပါကင် လုပ်ရမယ်ဆိုတာကြောင့် ကန်ထရိုက်တွေနဲ့ အိမ်ပိုင်ရှင်တွေ အခက်တွေ့နေကြပါတယ်။
အခုနှစ်ဆန်း စတင်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန အဆောက်အဦရဲ့ ညွှန်ကြားချက်ကြောင့် အခက်ကြုံနေကြတာပါ။
ကန်ထရိုက်တိုက် တလုံးဆောက်ရင် အောက်ဆုံး မြေညီထပ်ကို ကားထားဖို့ ကားပါကင် ဆောက်ရမယ်လို့ တိုက်ဆောက်ဖို့ ခွင့်ပြုချက် သွားတောင်းကြရာမှာ ဌာနက ပြောလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်စည်ပင် သက်ဆိုင်ရာဌာန တာဝန်ကျဝန်ထမ်းတဦးက “သက်ဆိုင်ရာ တရားဝင် စာပို့ဖို့ ရေးပြီးသွားပြီ။ အသေအချာ သိချင်ရင်တော့ ရုံးကအရာရှိတွေကို သေချာလာမေးလိုက်၊ ကျမတို့ဖြေရင် မှားသွားမှာစိုးလို့။”
ရန်ကုန်မှာ ကန်ထရိုက်တိုက်တလုံး ဆောက်ပြီးရင် မြေညီထပ်က ဈေးအများဆုံးရပြီး အိမ်ရှင်နဲ့ ကန်ထရိုက် နှစ်ဦးနှစ်ဖက်အတွက် တိုက်ခန်းခွဲဝေယူဖို့ အဆင်ပြေနေကြတာပါ။
ကားပါကင် လုပ်ရမယ်ဆိုတဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးမရှိပုံကို ကန်ထရိုက်တဦးက ခုလို ပြောပြပါတယ်။
“သူက မြေညီထပ်ကို ကားပါကင်လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ သိန်း ၃၀၀၊ ၄၀၀ ကို တပြားမှလည်း မရတော့ဘူး။ အိမ်တွေလည်း မရတော့ဘူး။ ကားပါကင် ဖြစ်သွားရော။ အကျိုးသက်ရောက်မှုကတော့ နံပါတ်တစ် ကားပါကင် ဖြစ်သွားတော့ အိမ်ရှင် လည်း အကျိုးအမြတ် မရဘူး။ ကန်ထရိုက်ကလည်း အဆင်မပြေတော့ဘူး။”
ရန်ကုန်မြို့ လယ် ၆ မြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ် အတော်များများမှာ ကန်ထရိုက်တိုက်တွေ ဆောက်လုပ်ပြီး ဖြစ်တာကြောင့် အခုအချိန်မှ ကားပါကင်ထားဖို့ လုပ်လာတာလည်း အကျိုးမရှိဘူးလို့ ဆိုပါတယ်။
“အခု ဒီဘက်မှာဖြစ်နေတဲ့ ကျောက်မြောင်း၊ စမ်းချောင်း၊ တာမွေ၊ ကြည့်မြင်တိုင်တို့ဘက်တွေမှာ လာကြည့်မယ်ဆိုရင် လမ်းတလမ်းမှာ အိမ်ခြေ ၅၀ ရှိတယ်ဆိုရင် ဥပမာ အိမ်ခြေ ၄၅ လုံးက ကန်ထရိုက်တိုက် ဆောက်ပြီးနေပြီ၊ ၅ လုံးလောက်ပဲ ကျန်တော့တယ်။ အဲဒီ ၅ လုံးကို ကားပါကင်လုပ်လိုက်တဲ့အခါမှာ အကျိုးသက်ရောက်မှုက ၅ လုံးထဲနဲ့လည်း ဘာဖြစ်မှာလဲ၊ မထူးတော့တဲ့ပုံစံ ဖြစ်နေတယ်။ ခုချိန်မှ ဒီအမိန့်ကို ထထုတ်လိုက်တဲ့အခါမှာ ဒီကားပါကင်ထဲကို ကျန်တဲ့အိမ်တွေကတော့ အဆင်ပြေတယ်။ လက်ရှိဆောက်မယ့်လူကတော့ အိမ်က ရှိတာမှ လေးငါးလုံး ကျန်တော့တယ်။ ပိုက်ဆံအဆင်မပြေလို့ ဆောက်ကာမှ ကားပါကင်က လုပ် လိုက်တဲ့ အခါကျတော့ နောက်လူခံရတာပေါ့။”
ကန်ထရိုက်တိုက် တလုံးမှာ မြေညီထပ် နှစ်ခန်းပါရှိပြီး ကာလပေါက်ဈေးက အချက်အချာကျတဲ့ လမ်းမတန်း နေရာမှာ တခန်းကို ကျပ်သိန်း ၈၀၀ လောက်၊ အတွင်းလမ်း နေရာမှာတော့ ကျပ်သိန်း ၄၀၀ လောက် ပေါက်ဈေး ရှိပါတယ်။
ကန်ထရိုက်တိုက် ဆောက်ကြရာမှာ့ ၆ ထပ် အမြင့်ဆောက်ကြပြီး အိမ်ရှင်နဲ့ ကန်ထရိုက်တို့ အခန်းတဝက်စီယူဖို့ သဘောတူ ဆောက်ကြတာ များပါတယ်။
ရန်ကုန်မြို့ မှာတော့ စမ်းချောင်းနဲ့ ကျောက်မြောင်းဘက်က ကန်ထရိုက် တိုက်ခန်းတွေကို လူကြိုက်များ လူနေများကြတာလည်း ဖြစ်ပါတယ်။
Ref: ဒီဗွီဘီ
Thursday, January 26, 2012
ကန်ထရိုက်တိုက်ဆောက်မည့်သူများ ကားပါကင်လုပ်ရမည်ဖြစ်၍ အခက်ကြုံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment