January 24, 2012
အံ့ဘုန်းမြတ်
ဥရောပအဖွဲ့ ဝင်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်မှု အချို့ကို ဖြေလျှော့လိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားဖြစ်စေတယ်လို့ ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ စတင်ဖြေလျှော့ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့တဲ့အပေါ် အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ကြားလိုက်တာပါ။
“ကျနော်တို့ လက်ရှိအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာပေါ့ဗျာ။ အမြင်အမျိုးမျိုးတော့ ရှိနေတာပေါ့။ နည်းတယ် များတယ်ပေါ့။ အလုပ်လည်းဖြစ်ချင်၊ လုပ်သမျှပေါ်မှာ တန်ပြန်ပြီးတော့ ပိတ်ဆို့ ဒဏ်ခတ်မှု တွေကလည်း ဖြေလျှော့သွားမယ်ဆိုတဲ့ အဓိပ္ပာယ်တွေ တွေ့ပါတယ်။ ဒီလိုဖြေလျှော့သွားခြင်းအားဖြင့်လည်း လက်ရှိအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးရာ ရောက်တယ်လို့လည်း ကျနော်တို့မြင်ပါတယ်။ တဘက်ကလည်း ဖြေလျှော့တယ်။ တဘက်ကလည်း ပြောင်းလဲမှု ပိုမို မြင့်မားအောင်လုပ်မယ်။ ပိုမိုပြီးတော့မှ ဒီဘက်ကလည်း ပိတ်ဆို့ ဒဏ်ခတ်မှုတွေက ကဏ္ဍအလိုက် အဆင့်အလိုက် ရုတ်သိမ်းသွားမှာလို့ ကျနော် အဲ့လိုပဲ ယုံကြည်ပါတယ်။”
အီးယူအဖွဲ့ ဝင်တွေထဲမှာတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အားလုံး ရုပ်သိမ်းရေးနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှု ရှိနေပြီး တချို့က ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့အချိန်ထိ စောင့်ချင်နေကြပါတယ်။
အီးယူ နိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှတန်က “သမ္မတ အပါအဝင် အစိုးရ အဖွဲ့ဝင်တွေကို ပြည်ဝင်ခွင့်ဗီဇာတွေ ပြန်လည်ခွင့်ပြုဖို့ သဘောတူခဲ့ကြပါတယ်။ လာမယ့် ဧပြီလမှာတော့ မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပြီး လုပ်ဖို့ရှိနေတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်လောက်အထိ ရိုးသားပွင့်လင်းမှု ရှိ မရှိဆိုတာတွေပေါ် မူတည်ပြီး ထပ်မံ ဖြေလျှော့သွားဖို့ စဉ်းစားသွားမယ်လို့ ပြောခဲ့တာပါ” လို့ ပြောပါတယ်။
အီးယူက အခုလို စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့လိုက်တဲ့အပေါ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။
“ဖြေလျော့ မှု စပြီဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှု အသစ်တွေကို ကြည့်ပြီးတော့ ပြောင်းလဲပေးရတော့မယ်ဆိုတဲ့ သဘောထားကို သေချာသွားပြီ။ မြန်မာနိုင်ငံက သူတို့ထင်သလို ဟိုတုန်းကလို ဖြစ်မနေတော့ဘူး။ တစတစ ကောင်းတဲ့ဘက်ကို မြှင့်လာပြီဆိုတာကို သူတို့လက်ခံလိုက်ပြီဆိုတာ ထင်ရှားပြီပေါ့။ အဲတော့ အခုစပြီး လုပ်တဲ့ဟာက နောင်ကို စီးပွားရေးပိတ်ဆို့မှုတွေ လွတ်ကင်းအောင် ဖယ်ရှားဖို့အတွက် ပထမ ထင်ရှားတဲ့ ခြေလှမ်းကြီး ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။”
မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့ (Burma Partnership) ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက “ဦးသိန်းစိန်အစိုးရက နောက်ပြန်မဆွဲတဲ့ တကယ်တမ်းမှန်ကန်တဲ့ ပြောင်းလဲမှုတွေကို လုပ်နိုင်တဲ့အချိန်မျိုး ကျမှသာလျှင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာမျိုးတွေကို ရပ်တန့်မှုတွေ ဖြစ်သွားပြီးတဲ့ အခါမှသာလျှင် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ကို ကျမတို့အနေနဲ့ အားပေးတာ အသင့်လျော်ဆုံး ဖြစ်မယ်လို့ ကျမမြင်ပါတယ်” လို့ ပြောပါတယ်။
မကြာသေးခင်က အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုကိုကြီးက “ပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်လုပ်သလဲဆိုတဲ့ အခြေအနေပေါ်မှာမူတည်ပြီးတော့ ဒီပိတ်ဆို့အရေးယူမှုတွေက တဖြည်းဖြည်းချင်း ရုတ်သိမ်း သွားမှာပါ။ အဲတော့ အဓိကက ဒီပိတ်ဆို့မှုရုတ်အောင် ကြိုးစားတဲ့ပုံစံမျိုး မဟုတ်ပဲ ကိုယ့်နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်၊ ကိုယ့်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ရှေ့ရှုတဲ့ပြုပြင် ပြောင်းလဲမှုတွေလုပ်ရင် ဒီကိစ္စက သီးခြားကြီးပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ တောင်းဆိုနေစရာ မလိုပါဘူး။ တဖြည်းဖြည်းချင်း ပြေလျော့သွားမယ့်ကိစ္စလို့ပဲ မြင်ပါတယ်” လို့ ပြောပါတယ်။
အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်လက် နက်ပစ္စည်း ဝယ်ယူခွင့်၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာတွေကို ၁၉၉၆ ခုနှစ်က စတင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ပိတ်ဆို့ ဒဏ်ခတ်မှုတွေထဲက ပထမဆုံးအနေနဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ဆက်နွယ်သူတွေကို အီးယူ နိုင်ငံတွေမှာ ခရီးသွားလာခွင့် ကန့်သတ်ထားတာတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးအပြီး စတင် ဖြေလျှော့လိုက်တာပါ။
Ref: ဒီဗွီဘီ
Wednesday, January 25, 2012
အီးယူပိတ်ဆို့မှု ဖြေလျှော့သည့်အပေါ် ပြုပြင်ပြောင်းလဲမှုကို တွန်းအားဖြစ်စေသည်ဟု အန်အယ်လ်ဒီ ပြောကြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment