Tuesday, June 5, 2012

တံဆိပ်ခေါင်းခွန်တိုး၍ နွမ်းပါးသူများ တရားစရိတ်အခက်အခဲရှိလာ

အောင်ကိုကိုလတ် (မြစ်မခ)
5 Jun, 2012

နိုင်ငံတော်မှ တံဆိပ်ခေါင်းအခွန်နှင့် ရုံးခွန်နှုန်းထားများအား တိုးမြှင့်လိုက်ခြင်းကြောင့် ဆင်းရဲသည့် ပြည်သူများ အနေဖြင့် တရားရင်ဆိုင်သည့်အခါတွင် စရိတ်အခက်အခဲပြဿနာများဖြစ်ပေါ်နိုင်ကြောင်း ဥပဒေပညာရှင်များ က သုံးသပ်သည်။

“အက်ဥပဒေပြင်ဆင်တိုင်း ပြင်ဆင်တိုင်း အခွန်နှုန်းတော့ နည်းနည်းပြောင်းကောက်ပါတယ်။ ခေတ်ကာလနဲ့ လည်းအညီ နောက် ငွေကြေးအခက်အခဲရှိတဲ့ သူတွေအတွက်လဲ တရားရင်ဆိုင်နိုင်တဲ့ အခွန်နူန်းထားဖြစ်တယ်။ အခုကအဲဒီလို မဟုတ်တော့ဘူး။ ပိုက်ဆံမရှိတဲ့သူက မှန်တော့လည်း တရားမစွဲနိုင် မလုပ် နိုင်တာနဲ့ ပိုက်ဆံနဲ့ ရင်ဆိုင်နိုင်တဲ့ သူကနိုင်ပြီး မတရားတာတွေ ဖြစ်နေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။


အဆိုပါ အခွန်နူန်းများ ပြောင်းလဲတိုးမြှင့်ခြင်းအား ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး ၁၁/၂၀၁၂ သဘောတူခွင့်ပြုချက်အရ ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၁၂၂/၂၀၁၂ ဖြင့် ၂၀၁၂ မတ်လ(၁၅)ရက်နေ့နေ့စွဲဖြင့် တံဆိပ်ခေါင်း ခွန်များအား အဆ (၁၀၀)တိုးလိုက်ကြောင်း၊ ထိုနောက် (၁၁/၂၀၁၂) အစည်းအဝေးသဘောတူခွင့်ပြုချက်အရ ၂၀၁၂ မတ်လ(၁၅ )ရက်နေ့မှာပင် ရုံးခွန်အမိန့်ကြေညာ စာအမှတ် ၁၂၃/၂၀၁၂ ဖြင့် ရုံးခွန်များအား အဆ(၁၀၀)တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရှေ့နေတွေတော် ရုံးခွန်နဲ့ တံဆိပ်ခေါင်းခွန် တိုးတားတောင်မသိလိုက်ဘူး။ အဲလိုပြောင်းလဲမယ် ဆိုရင်လည်း ပြည်သူတွေကို ကြိုပြီး အကြောင်း ကြားသင့်တယ်။ အခုပြည်သူတွေအနေနဲ့ အမှုတစ်ခုဖြစ်ပြီဆိုရင် မှန်နေလဲ ပိုက်ဆံမရှိရင် တရားစွဲဖို့ အဆင်မပြေဘူး။ တရားစွဲတယ်ဆိုတာ တံဆိပ်ခေါင်းတက်ပြီးစွဲရတာ။ အခု တံဆိပ်ခေါင်းခွန်တွေကို အဆ (၁၀၀)လောက်တိုးပြီးသတ်မှတ်လိုက်တော့ ပြည်သူတွေအတွက် တော်တော်လေး နစ်နာမှု တွေ ဆုံးရှုံးမှုတွေဖြစ်လာတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။

ပြောင်းလဲလိုက်သော ရုံးခွန်များတွင် ရှေ့နေကိုယ်စားလှယ်စာမှာ ယခင် (၅)ကျပ်မှ ယခု (၅၀၀)ကျပ်သို့ လည်းကောင်း၊ ရုံးသို့လျှောက် လွှာမှာ ယခင် (၅)ကျပ်မှ ယခု (၅၀၀)ကျပ်သို့လည်းကောင်း၊ တရားမမှုစွဲဆိုပါက (အများဆုံး)ယခင် ကျပ်(၁၅၀၀၀) မှ ယခု ကျပ်(၁၅၀၀၀၀၀) သို့လည်းကောင်း ပြောင်း လဲသွားကြောင်းနှင့် အလားတူ တံဆိပ်ခေါင်းခွန်များကိုလည်း အဆ ၁၀၀ အထိ (ဥပမာ- သဘောတူစာချုပ် ယခင်(၆)ကျပ်မှ ယခု ၆၀၀ကျပ်)ထိုးမြှင့်မူ များရှိကြောင်း သိရသည်။

“ကျွန်တော့် သူငယ်ချင်းအသိုင်းဝိုင်းထဲက အမှုတစ်ခု ဖွင့်မလို့ဆိုပြီး တရားရုံးတော့ ရောက်ခဲ့ဘူးတယ်။ ရှေ့နေ တွေကလည်း တရားစွဲရင်တံဆိပ်ခေါင်း တပ်ပြီးဆွဲ ရတယ်။ အဲတံဆိပ်ခေါင်းကြေး ဘယ်လောက်၊ ရုံးခွန်ကဘယ် လောက်ဆိုပြီး ရှင်းပြတယ်။ အဲဒါနဲ့ သူငယ်ချင်းက ကုန်ကျမယ့် ပိုက်ဆံတွက်ပြီး တော့ မတိုင်ခဲ့ရပဲ ပြန်လာခဲ့ရ တာမျိုးတော့ ကြုံခဲ့ဘူးတယ်” ဟု တာမွေမြို့နယ်မှ ကိုဇော်မင်းဌေးက ပြောသည်။

မြန်မာနိုင်ငံတော်၏ ရုံးခွန်အက်ဥပဒေကို ၁၈၇၀ ခုနှစ် ဧပြီ(၁)ရက်နေ့နှင့် တံဆိပ်ခေါင်ခွန်အက်ဥပဒေကို ၁၈၉၉ ခုနှစ်ဇူလိုင်လ(၁)ရက်နေ့တွင် ပြဌာန်းခဲ့ ခြင်း ဖြစ်ပြီး (၁၉၅၇) ခုနှစ်၌ အဆိုပါအက်ဥပဒေများကို အနည်းငယ် ပြင်ဆင်ကာ (၁၉၅၈)ခုနှစ်တွင် တံဆိပ်ခေါင်းခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း(လုံးဝ)မပြုဘဲ ရုံးခွန်အက်ဥပေဒ ကိုသာ အပိုဒ်(၂)တွင် အနည်းငယ်တိုးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုနောက် ရုံးခွန်အက်ဥပဒေနှင့် တံဆိပ်ခေါင်း အက်ဥပဒေပြင်ဆင်ခြင်းများကို (၁၉၆၂)ခုနှစ် မှ (၁၉၈၈)ခုနှစ် အထိ ပြင်ဆင်မူလုံးဝမတွေ့ရှိခဲ့ရပဲ ၁၉၉၀ ခုနှစ်တွင်သာ ဥပဒေအမှတ် ၆/၉၀ နှင့် ၇/၉၀ အရ အဆိုပါ အက် ဥပဒေများအား ပြင်ဆင်ခဲ့ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့