Wednesday, June 13, 2012

ပြည်သူ့တန်ဖိုးနဲ့ ပြည်သူ့တာဝန် သိစေချင်

ခိုင်မြန်မာ
ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ်

စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ဒေသခံ ပြည်သူများအပေါ်တွင် လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ပေါ် တွင်လည်း ကောင်း၊ ဘေးထွက်ဆိုးကျိုးများကို နည်းနိုင်သမျှ နည်းအောင် စီမံကိန်းလုပ်ငန်းများကို လုပ်ကိုင်ရမည်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ထုံး လုပ်နည်း များရဲ့ ရည်မှန်းချက်ကို အချို့သော စီမံကိန်းများမှ အကောင်အထည် ဖော်ဆောင်နိုင်မှု အားနည်းနေကြောင်းကို တွေ့မြင်နေရပါတယ်။

ကျမတို့ ရန်ကင်းမှာ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံကိန်းများချပြီး တိုက်ခန်းဟောင်း များမှာ နေထိုင်ကြသူတွေကို တိုက်အသစ်ကြီး များပေါ် ပြောင်းရွှေ့နေရာချထားပေးနေပါတယ်။ (ခိုင်ခန့်မှုကို စနစ်တကျ တိုင်းတာရန် မဖြစ်နိုင်သေး သော်လည်း) ကောင်းမွန်သည့် ဘဝမြှင့်တင်ရေး စီမံကိန်းများ ဖြစ်ကြောင်း မြင်သာပါတယ်။

သို့ပါသော်လည်း ရန်ကင်းဈေးအနီးမှာ ဖော်ဆောင်နေတဲ့ အိုးအိမ်စီမံကိန်းအတွက် တာဝန်ပေးထားတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီများက ၎င်းတို့အတွက် ကုန်ကျစားရိတ် သက်သာစေရန်ကိုသာ ဦးစားပေးပြီး ဒေသခံ ပြည်သူများအပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက် နေ မှုများကို လျစ်လျူရှုနေပါတယ်။

ထိုဆောက်လုပ်ရေးဝင်းအတွင်းမှာ အလုပ်သမားများကို မိသားစုများအလိုက် တဲထိုးပြီး နေထိုင်စေပါတယ်။ ဒီဝင်း အတွင်း နေထိုင်တဲ့ အလုပ်သမားတွေဟာ သူတို့၏ နေ့တွက်ကို ပြင်ပမှလာတဲ့ အလုပ်သမားတို့ထက် ကျပ် ၅ဝဝ လျှော့ ၍ ယူရပါတယ်။ ယူပျော်ပါတယ်။ ၎င်းတို့အတွက် မီး ခိုးသွယ်တန်းပေးတာ၊ ရေပိုက်လိုင်းများ ဖောက်၍ သုံးစေတာ တို့ဟာ တနေ့ ငွေကျပ် ၅၀၀ မက တန်လှပါတယ်။

ဒီအလုပ်သမားတွေရဲ့ အညစ်အကြေး စွန့်ပစ်မှုက အနီးပါတ်ဝန်းကျင်ရှိ တိုက်များနေ ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သို့သော် ဒါကို သည်းညည်းခံနိုင်ခဲ့ပါသေးတယ်။

အခု မိုးရာသီသို့ ရောက်ခဲ့ပါပြီ။ ဈေးစည်ကားချိန်ပါ မရှောင်၊ ကားကြီးတွေနဲ့ အတင်းဝင်ပြီး အုတ်သဲကျောက် ချထားမှု များကြောင့် ယာဉ်တိုက်မှုများလည်း မကြာခဏ ကြုံခဲ့ရပါတယ်။ ဒီကားကြီးများကြောင့် လမ်းတွေလည်း ချိုင့်ထပြီး ဗွက်ပေါက်နေခဲ့ပါပြီ။ ဈေးသည် တွေလည်း ဈေးကွက် ပျောက်ခဲ့ရပါပြီ။ ဒါကြောင့် မနေနိုင်တဲ့ ရပ်မိရပ်ဖများက လမ်းသွားလို့ ရအောင် ပြုပြင်ပေးဖို့ ဆောက်လုပ်ရေးဝင်း အတွင်း သွားပြောတဲ့အခါ မချေမငံ ပြန်ပြောလွှတ်ကြောင်း သိရှိရပါတယ်။

တနေ့ ကျမ ဈေးအသွား မိုးရွာထားလို့ ချော်နေတဲ့ ဈေးလမ်းပေါ်မှာ ကိုယ်ဝန်သည်တဦးက သတိကြီးစွာထား၍ လမ်းသွားနေစဉ် သဲ ကားကြီးတစီးက အတင်းချိုးဝင်တဲ့အတွက် ထိုကိုယ်ဝန်သည် အမျိုးသမီးမှာ လဲမသွားပေမယ့် ခြေချော်သွားခဲ့ ပါတယ်။ ဒီမြင်ကွင်းကို မြင်ရတဲ့ ကျမ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဈေးမှအပြန် ကျမ၏ ခြေလှမ်းတွေဟာ ထိုဆောက်လုပ်ရေးဝန်းအတွင်းကို ဦးတည် ရောက်သွားခဲ့ပါတယ်။ တဲရှေ့က လူတစုကို ဆိုဒ် တာဝန်ခံ မည်သူလဲ လို့ မေးတော့ အတွင်းမှာ ထိုင်နေသူတဦးကို လက်ညှိးထိုးပြကြပါတယ်။ အဲဒီ လူက ဒေါသတကြီးနဲ့ ထလာတဲ့ပြီး “ဘာကိစ္စလဲ၊ ပြော” လို့ မေးပါတယ်။ ကျမက ကားကြီးများဖြင့် လမ်းများဗွက်ပေါက် ၍ သွားမရအောင် ဖြစ်နေကြောင်း ပြောတဲ့အခါ ကျမ စကားကိုတောင် ဆုံးအောင်မစောင့်တော့ဘဲ “ပြင်မပေးနိုင်ဘူး။ ဒီမှာ လုပ်နေတာ ကုမ္ပဏီ ၆ ခုရှိတယ်” လို့ ဘုပြောပါတယ်။

ကျမက “ဦးလေးနာမည် ဘယ်လိုခေါ်သလဲ”လို့ မေးတဲ့အခါ “ဘာလဲ၊ တိုင်မလို့လား။ ငါ့နာမည် ------ ၊ တိုင်ချင်ရာတိုင်၊ သမ္မတကြီးကို တိုင်ချင်လည်းတိုင်၊ ဘယ်သူ့မှ ဂရုမစိုက်ဘူး” လို့ ပြောပါတယ်။ ကျမလည်း အလွန် ရိုင်းစိုင်းတဲ့သူနဲ့ ဆက် မပြောလိုတော့တာနဲ့ တဲပေါ်မှာ ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖျက်ကနဲကြည့်ပြီး လှည့်ထွက်လာခဲ့ပါတယ်။ အဲဒီ လူဟာ ------- ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံကြီး ဖြစ်ပါတယ်။

ပြည်သူနဲ့ သက်ဆိုင်တဲ့ စီမံကိန်းများကို လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေဟာ လူမှုရေး တာဝန် သိတတ်သော စီးပွားရေး လုပ်ငန်းများ (Social Responsible Businesses) ဖြစ်သင့်ပါတယ်။ ကျမတို့နိုင်ငံရဲ့ လက်ရှိအနေအထားအရ ဆူညံသံ ၏ တန်ဖိုး၊ ဘိလပ်မြေ ဖျော်စက်များမှ လွင့်လာတဲ့ ဘိလပ်မြေမှုန်များရဲ့ လေထုညစ်ညမ်းမှု တန်ဖိုးတွေအတွက် တာဝန်ခံပေးပါလို့ မပြောလိုသေးပါ။

သို့ပါသော်လည်း ဈေးနဲ့ကပ်လျက် ဆောက်လုပ်နေတဲ့အတွက် ပြည်သူများဈေးသို့ ချောမောစွာ ဝင်ထွက်နိုင်ရန် အတွက် လုပ်ကိုင် ခွင့်ရထားတဲ့ ကုမ္ပဏီတွေက တာဝန်ခံသင့်ပါတယ်။ တာဝန်ခံမ ချထားရာမှာ ဒီလို တာဝန်ခံနိုင်တဲ့ အရည်အချင်း ရှိသူကိုသာ ခန့် ထားသင့်ပါတယ်။

အဲဒီလူနဲ့ တွေ့ဆုံပြီး အိမ်အပြန်လမ်းမှာ ကျမရဲ့ရင်တွင်းကို မေးခွန်းလေးတခု ဝင်လာပါတယ်။ နိုင်ငံတော် အစိုးရက ကျမတို့ပြည်သူ ပြည်သားများကို ကောင်းမွန်လှပတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် တင်ပေးနေချိန်မှာ ကျမတို့ ပြည်သူ ပြည်သားများ ကရော ထို လမ်းကြောင်းပေါ်မှာ တာဝန်သိစွာ လျှောက်လှမ်းနိုင်ဖို့ အသင့်ဖြစ်ကြပါပြီလား။

ကျမတို့ မြန်မာနိုင်ငံသားများဟာ မိမိအတွက် အခွင့်အရေးဆိုတဲ့ Right ကိုသာ သိကြပြီး အများပြည်သူများအတွက် တာဝန်ဆိုတဲ့ Responsibility ကို လျစ်လျှူရူတတ်သူများ မဖြစ်စေရန် တင်ပြလိုက်ပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့