Thursday, March 14, 2013

လူ့အခွင့်အရေးနေ့ အခမ်းအနား ဒေလီတွင် ကျင်းပ

နေမျိုး
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

ငွေရတု တိုင်ပြီဖြစ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဗုဒ္ဓဟူးနေ့တွင် ကျင်းပခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့က ရန်ကုန် စက်မှုတက္ကသိုလ် (RIT) ပဉ္စမနှစ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့မှာ အဓိကရုဏ်း နှိမ်နင်းရေး လုံထိန်းရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ရသည်။ ထိုနေ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများက မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ရှိနေတဲ့ လူ့အခွင့်အရေး အခြေအနေမျိုးကနေ သိသိသာသာ တရားဝင် ပြောင်းလဲလာတဲ့၊ အများပြည်သူတွေရဲ့ ဆန္ဒရှိသလောက် ပြောင်းလဲလာတဲ့ အပြောင်းအလဲမျိုး လုံးဝ မရှိသေးဘူး ဆိုတာ ထင်ရှား နေတယ်လို့ ပြောချင်တယ်” ဟု ၁၉၈၈ ခုနှစ်၊ အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့သူ လက်ရှိ ABSDF ကျောင်းသား
ခေါင်း ဆောင် ကိုဇင်နိုင် က မဇ္စျိမ ကို ပြောသည်။

ထိုအချိန်က အာဏာရ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရက ကိုဖုန်းမော် သေဆုံးမှုရမှာ RIT အနီးဝန်းကျင်နေ အရပ်သားများနှင့် ကျောင်းသားများ ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးရခြင်း ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာများမှ သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် “ကြို့ကုန်းရပ်ကွက်နဲ့ အင်းစိန် RITကျောင်းက ဟိုဘက် ကမ်း ဒီဘက်ကမ်းပဲ ဆိုတော့ သူတို့ကြားထဲမှာ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းလို ပေါင်းနေတဲ့ သူလည်း ရှိတာပဲ။ ရပ်ကွက် သားတွေ အနေနဲ့ ကျောင်းသားတွေကို ပေါင်းသင်းနေတဲ့ သူရှိသ လို ကျောင်းသားတွေကလည်း ရပ်ကွက်သားတွေနဲ့ ပေါင်းနေတာပဲ။ တကယ်ဖြစ်ခဲ့တာက ရပ်ကွက်ထဲက လူတွေနဲ့ ဘာပြဿနာမှ မရှိဘူး။ ရပ်ကွက်ထဲမှာ ဗိုလ်ကျနေတဲ့ မဆလ အာဏာပိုင်တွေရဲ့ သားသမီးတွေကတော့ ဗိုလ်ကျခဲ့တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်မှ ကိုကျော်သန်း က အခမ်းအနား တွင် ထည့်သွင်း ပြောဆိုသွားသည်။

ထိုနှစ် မတ်လက ဗိုလ်ချုပ်ကြီး (ဦး)နေဝင်း ဦးဆောင်သည့် မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက တိုင်းပြည်တွင်း လှည့်လည်သုံးစွဲနေသည့် ကျပ်ငွေများ တရားမဝင်ကြောင်း ကြေညာရာမှ မကျေမနပ်ဖြစ်ကာ ပြဿနာ စတင် ကြောင်း ကိုဇင်နိုင် က ဆက်ပြောသည်။

“ပိုက်ဆံ သိမ်းတဲ့ကိစ္စ မြန်မာ့အသံ ရေဒီယို မနက် ၁၁ နာရီ သတင်းမှာ ကြေညာတယ်။ ညနေ ကျတော့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်တယ်။ အဲဒီမှာ ကျောင်းသားတွေ စာမေးပွဲဖြေနေရတဲ့ ကာလ ငါတို့တော့ ပိုက်ဆံမရှိဘူး။ မနက်ဖြန်ကျရင် စားဖို့ သောက်ဖို့ ဘယ်လိုလုပ်ကြမလဲဆိုပြီးတော့ ပြောရင်းပြောရင်း စဖြစ်လာတာ” ဟု ပြန်ပြောပြသည်။

ထိုမှတဆင့် စက်မှုတက္ကသိုလ် ကျောင်းသားများသာမက အခြား တက္ကသိုလ်များမှ ကျောင်းသားများ စုစည်းဆန္ဒပြကြ ရာမှ မတ်လ ၁၆ ရက် “တံတားနီ”အရေးအခင်း အကြမ်း ဖက်ဖြိုခွင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ဇွန်လ အရေးအခင်းနှင့် တဆက်တည်း သြဂုတ်လတွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ပြန့်ခဲ့ကာ ၈၈ အရေးအခင်းဟူ၍ ဖြစ်ပွားလာခဲ့ရ
သည်။

ထိုအရေးအခင်းတွင် သမ္မတ သုံးယောက် ဆက်တိုက် ဖြုတ်ချခဲ့နိုင်ပြီး ရဟန်းရှင်လူ ပြည်သူများမှာလည်း အာဏာပိုင် များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ထောင်နှင့်ချီ၍ အသက်ပေးခဲ့ကြရသည်။

ထို ၈၈၈၈ အရေးတော်၏ အစဖြစ်သည့် မူလက “ဖုန်းမော်နေ့”ဟု ခေါ်တွင်ခဲ့သည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့” အခမ်းအနားသို့ ဒေလီမြို့ရှိ ဒီမိုကရေစီအင်အားစု ၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လက်ရှိနိုင်ငံရေးအခြေအနေ သုံးသပ်စကားဝိုင်းတစ်ခုကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကြသည်။

အလားတူ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား တခုကို ထိုင်း-မြန်မာနယ်စပ် မဲ့ဆောက်မြို့တွင်လည်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့