Thursday, March 14, 2013

တားမြစ်ခံထားရသည့် ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လိုင်ဇာမြို့ရောက်ပြီ

ဖနိဒါ
မတ်လ ၁၃ ရက် ၂၀၁၃ ခုနှစ်

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် မန္တလေးနှင့် မြင်းခြံမြို့မှ လမ်းလျှောက်လာသူများ ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၂ နာ၇ီတွင် လိုင်ဇာမြို့သို့ ရောက်ရှိလာပြီး ပြည်သူလူထု ၅၀၀ ခန့် ကြိုဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ကျနော်တို့က ငြိမ်းချမ်းရေး ရလိုတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်တယ်။ ကချင်မှ မပြီးခင်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။ အဲဒီကနေ ကယား၊ ကရင် စသဖြင့် တိုက်ပွဲတွေ ကြီးထွားလာနိုင်လို့ တိုက်ပွဲတွေ ချုပ်ငြိမ်းစေချင်လို့ ဆန္ဒကို ဖော်ပြတာပါ ဆိုတာပါပဲ”ဟု မဇ္ဈိမကို ပြောသည်။

မိုင်းများ ရှိနိုင်၍ လုံခြုံမှု မရှိကြောင်း ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ဒုံခွန်းကျေးရွာရှိ အစိုးရ စစ်တပ်ဘက်မှ မတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၄ ရက်ကြာ တားမြစ်ထားရာမှ ယနေ့ နံနက်ပိုင်း တွင် ဖြတ်သန်းခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

“သူတို့က တားမြစ်ထားပြီး အစားအသောက်လာပေးရင်လည်း မစားဘဲ ဆန္ဒပြနေရာကနေ ဒီမနက်တော့ ခွင့်ပြုလိုက်တယ်။ ဒီလိုင်ဇာဘက် ဖြတ်လာဖို့ ပိတ်ထားတာတွေ ဖွင့်လိုက်လို့ သူတို့ ဖြတ်လာနိုင်တယ်လို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

လိုင်ဇာမြို့တော်ဝန်၊ ကျောင်းသားတပ်မတော်(မြန်မာပြည်မြောက်ပိုင်း) တို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက် စကားများ ပြောကြားပြီး လမ်းလျှောက်ဆန္ဒပြ ဦးဆောင်သူ ကိုသန့်ဇင်၊ ဦးဇင်းတပါးနှင့် အမျိုးသမီး တဦးတို့က ငြိမ်းချမ်းရေးရရှိလိုကြောင်း မိတ်ဆက်စကား ပြောကြားခဲ့ကြသည်ဟု ဦးဒွဲပီဆား က ပြောပြသည်။

ချီတက်လမ်းလျှောက်လာသူများအား ကြိုဆိုသည့် အခမ်းအနား ကျင်းပပြီးနောက် ညနေပိုင်းတွင် ညစာစားပွဲ ကျင်းပနေသည်ဟု သူက မဇ္စျိမကို ပြောသည်။ ၎င်းတို့သည် ကြာသပတေး နေ့တွင် စစ်ပြေး ဒုက္ခသည်စခန်းများသို့ သွားရောက် လေ့လာမည် ဖြစ်သည်။

မြစ်ကြီးနားလမ်းဘက်မှ လမ်းလျှောက်လာသည် အဖွဲ့မှာ လာမည့် ၁၅ ရက်နေ့မှ မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ချီတက်လာမည် ဖြစ်ကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့