Friday, March 15, 2013

မဟီဒေါ တက္ကသိုလ်တွင် နိုင်ငံတကာ သမိုင်းပညာရှင်များ ရခိုင်သမိုင်းရှင်းလင်း

သိန်းလှိုင်
မတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ်

ရခိုင်သမိုင်းနှင့်ပတ်သက်၍ နိုင်ငံတကာ သမိုင်းပညာရှင်များ၏ သမိုင်းဆိုင်ရာ ရှင်းလင်းပွဲတရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါတက္ကသိုလ်၌ မတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ ကြောင်း ရှင်းလင်းပွဲစီစဉ်သူများက သတင်းထောက် များအား ပြောကြားလိုက်သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှ လေ့လာရေး ဌာနမှ ဒေါက်တာ ဂျက်စ်ပီလေဒါ (Dr.JacquesP.Leider ) ၊ နယ်သာ လန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက စတီဗင် ဂယ်လန်( Dr. Stephan Van Galen ) ၊နှင့် ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ
ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက် ရှင်းလင်းခဲ့ကြသည်။

ရှင်းလင်းပွဲဖြစ် မြောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သောင်းက “ရှင်းလင်းပွဲကို ကျင်းပရတာဟာ ရခိုင်သမိုင်းကို နိုင်ငံတကာ သတင်းမီဒီယာများနဲ့ မိတ်ဆက်ပေးဖို့၊ ရခိုင် ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အဖြေရှာရေးမှာ အထောက်အကူဖြစ်စေနိုင်ဖို့၊ နောက်ပြီး နိုင်ငံတကာသမိုင်း ပညာရှင်တွေရဲ့ ဟောပြောချက်တွေဟာ သမိုင်း သုတေသီတွေ အတွက်ကိုးကားနိုင်လောက်တဲ့ အထောက် အထားတွေ အပြည့် အစုံနဲ့ ရခိုင်သမိုင်း စာတမ်းတစောင် ကျန်ရှိနေခဲ့ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

ရခိုင်သမိုင်းကို ရှင်းလင်းရာတွင် ရှေးဦးစွာ ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာ ဂျက်စ်ပီလေဒါ (Dr.JacquesP.Leider ) က မြန်မာဘုရင့် နိုင်ငံမှ ရခိုင်ဘုရင့်နိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က ရခိုင်ပြည်၏ သမိုင်းဆိုင်ရာ အခြေအနေများ၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အခြေအနေများကို အသေးစိတ်ရှင်းလင်းခဲ့သည်။

ထို့နောက် ပါမောက္ခ စတီဗင် ဂယ်လန် ( Dr.Stephan Van Galen )က ၁၅ရာစုမှ၁၈ရာစုအတွင်း ရခိုင်နှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းရာ၌ ၁၆၃၅ တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာကာ ဘင်္ဂလားဒေသတွင် ရခိုင်၏ ကုန်သွယ်ရေးမှာလည်း လွန်စွာ ကောင်းမွန်လာခဲ့ပြီး၊ အခွန်ဘဏ္ဍာများ တိုးတက် များပြားလာခဲ့ခြင်းနှင့် အတူ ဘင်္ဂလားဒေသအတွင်း ရခိုင်နှင့် ဒတ်ခ်ျတို့၏ ကူးသန်း ရောင်းဝယ်မှုများရှိခဲ့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျ ကုန်သည်များ ထွက်ခွာသွားခြင်းက ရခိုင်စီးပွားရေး အပေါ် သက်ရောက်မှု များစွာရှိစေခဲ့ကြောင်း ဖြင့် အသေးစိတ် ရှင်းလင်းခဲ့သည်။

၎င်းနောက် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် ခေတ်ပြိုင် သမိုင်းဖြစ်စဉ်များနှင့် တကွ ရှင်းလင်း သွားခဲ့သည်။

ရှင်းလင်းပွဲသို့တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာန များနှင့် ဖိတ်ကြားထားသူများ၊ထိုင်းနိုင်ငံဘန်ကောက်ရှိ တက္ကသိုလ်များမှရခိုင် ရဟန်း သံဃာများနှင့် ကျောင်းသားများ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့် သမိုင်းပညာရှင်များ ၊ပြည်တွင်းမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဋ္ဌများ ဖြစ်သည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်တို့ အပါ အဝင်ရခိုင် နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟီဒေါတက္ကသိုလ်၌ကျင်းပသော အဆိုပါရှင်းလင်းပွဲကို မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄း၁၀ နာရီထိ ကျင်းပခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့