Thursday, March 7, 2013

အောင်လံမှ ဧရာ ကျန်းမာပါစ

စောဇင်ညီ
မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

(ဆောင်းပါး) ၂၁ ကြာ တည်တံ့နေတဲ့ UKT အရက်ချက် စက်ရုံက မီးခိုးလုံးတွေက အောင်လံမြို့ကို ထွန်းညှိထားသည့် အလင်းရောင်ကို ဖုန်းကွယ် လုမတတ် ကောင်းကင်ပေါ်သို့ လွင့်တက်နေသည်။

အဆိုပါ စက်ရုံမှ အရက်ချော ကုန်ကြမ်း ၉၈ ရာခိုင်နှုန်း ပါဝင်တဲ့ အရက်ပြင်းတွေကို တရက်မှာ ပေပါ ၁၂၀ ခန့် (သို့) ပုလင်းပေါင်း ၃၆,၀၀၀ ခန့် ထုတ်လုပ်ကြောင်း စက်ရုံ လုပ်သားဟောင်း တဦးက ဆိုသည်။

“ဒီစက်ရုံက ၁၁ မိနစ်နဲ့  အရက်တစ်ပေပါကို ထုတ်နိုင်တဲ့ ကြီးမားတဲ့  စက်ရုံကြီးဖြစ်တယ်”

မြို့လည်ခေါင်ရှိ စက်ရုံရပ်ကွက်တွင်းမှ UKT အရက်ချက်စက်ရုံဝန်းကျင်တွင်မူ ချဉ်ပတ်နံ့က စူးစူးရှရှ ရှိလှသည်။

“အနံ့က တော်တော်ခံရခက်တာပါ။ ဝန်ကြီးလမ်းကြောင်းရှိလို့ စက်ရုံ မလည်ပတ်တဲ့ နေ့တွေဆို ကျနော်တို့ ပတ်ဝန်းကျင်က တော်တော် နေလို့ထိုင်လို့ ကောင်းပါတယ်” ဟု ရပ်ကွက်ထဲနေ ကိုယဲယဲ က ပြောသည်။

အောင်လံမှ လူငယ်များ စည်းရုံး၍ ဖေဖော်ဝါရီ ၁၄ ရက်နေ့က သရက် အောင်လံသို့ သွားသော မော်တော်ဆိပ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန်နှင့် ဧရာဝတီမြစ်တွင်း ရေထုညစ်ညမ်းမှုကို မီးမောင်းထိုးပြသည့် ပြရုပ် ပါဖောင့်
မန့် တခု ဖန်တီးခဲ့သည်။ ဧရာဝတီမြေပုံ ဆွဲထားသော အင်္ကျီအဖြူ ဝတ်ဆင်ကာ၊ ရေထည့် ထားသော ရေအိုးကို ခွဲပြမှု ပါဝင်သည်။

စက်ရုံမှ စွန့်ပစ်ရေများကို စက်ရုံနောက်ဘက်ရှိ ဧရာဝတီ မြစ်အတွင်းသို့  စီးဝင်နေသည့် အုန်းတောချောင်းသို့  စွန့်ပစ် မှုများ ရှိကြောင်း UKTစက်ရုံမှ မန်နေဂျာ ဦးခင်မောင်ဆွေ က သတင်းထောက်များနှင့် ဖေဖော်ဝါရီ ဒုတိယပတ် အတွင်း တွေဆုံစဉ်က ပြောကြားခဲ့သည်။

သို့သော် သူက “ကျနော်တို့ ရေစွန့်ပစ် သန့်စင်ပြီးမှ ပစ်တာပါ။ တင်လဲရေက ထွက်တဲ့ အဝါရောင်သန်းတဲ့ ရေကတော့ အနည်းငယ် ပါတာပေါ့” ဟု ဖြည့်စွက် ပြောသည်။

စက်ရုံမှ နောက်တနည်းဖြင့် ဧရာဝတီရေပိုင်နက် အောက်မှနေ၍ မြစ်အလယ်သို့ ပိုက်သွယ်တန်း၍လည်း စွန့်ပစ် ကြောင်းအသက် ၄၀ အရွယ်ရှိ စက်ရုံလုပ်သားဟောင်း တဦးက ပြောသည်။

သတင်းထောက်က သွားရောက်ကြည့်ရှု့ရာ ဧရာဝတီ မြစ်အတွင်းသောင်များဖြင့် ဖုံးလွှမ်းနေကာ ရေထုပမာဏ အဆမတန် လျော့နည်းနေသည့်အချိန် ဖြစ်၍ ရေအရောင်မှာ အဝါ သမ်းနေပြီး ချဉ်နံ့ ထွက်နေသည်။

သောင်ကုန်းများ ဖြစ်ထွန်းမှုသည် လွန်ခဲ့သော ၁၀ နှစ်ခန့်က စတင် ဖြစ်ပေါ်လာကာ သဲကျောက် ထုတ်လုပ်မှုများနှင့် လည်း ဆက်စပ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေးကြသည်။

သဲသောင်များ၏ ကြား၌ စီးဆင်းနေသော ရေများကို သောက်သုံးမိ၍ ဒေသခံ ကလေးသူငယ်နှင့် လူကြီးများမှာ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ခံစားခဲ့ရဖူးကြောင်း ရွာထောင် ရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။

“လွန်ခဲ့တဲ့ သုံးလလောက်က ရေက တော်တော်ကြီး နည်းနေတဲ့အချိန်ဆိုတော့ ငါးတွေလည်း သေတယ်။ အဲဒီငါးတွေ ကောက်ပြီးစားတဲ့ အိမ်တွေမှာ ဝမ်းပျက်ဝမ်းလျှောတွေ တော်တော် ဖြစ်ကြတယ်”

မြို့ရှိ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကြည်ဝင်း က “မြစ်ထဲကို စွန့်ပစ်ရေ ပစ်တာတော့ ဦးကန်ထွန်း (UKT စက်ရုံပိုင်ရှင်) စက်ရုံက အများဆုံးလို့ မြင်တယ်။ ကြည့်ရတာတော့ အဲဒီရေတွေ ဒေသခံတွေက မသုံးစွဲကြလောက်
ဘူး။ အဲဒီရေတွေက ညစ်ညမ်းတဲ့အတွက် ဘယ်လိုမှ ကျန်းမာရေးနဲ့ မအပ်စပ်ဘူး။ ကိုင်တွယ်လို့ကို အဆင်မပြေဘူး” ဟု ပြောသည်။

ထိုရေများ သုံးစွဲမိပါက အသည်းရောဂါ၊ အရေပြား ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားတတ်သည်ဟုလည်း ဒေါက်တာက သတိပေးသည်။

ယခုအခါ စက်ရုံရပ်ကွက်၊ စမ်းချောင်းရပ်ကွက်နှင့် ရွာထောင်ရပ်ကွက် စသည့် ရပ်ကွက်ကြီး လေးခုတွင် သောက်သုံးရေ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။

ငွေကြေး တတ်နိုင်သူများအနေဖြင့် အဝီစိတွင်း တူးခြင်း၊ မီးသတ်ကား စီးလုံးအလိုက် မြစ်၏ သန့်ရှင်းသောနေရာမှ ရေအား ဝယ်ယူ သုံးခြင်းများ ပြုလုပ်ကြသည်။

“မီးသတ်ကား တစီးကို ရေ ၁၂ ဂါလံ ပါတယ်။ တသောင်းခွဲ ပေးရတယ်။ တက်နိုင်တဲ့ သူတွေကတော့ စီးလုံးဝယ်သုံး တယ်။ မတက်နိုင်တဲ့ သူတွေကတော့ စုဝယ်ပြီး သုံးကြတယ်။ ဘာပဲဖြစ်ဖြစ် ရေအတွက် အရင်းအနှီး စိုက်ထုတ်လာရ တာပေါ့” ဟု ရပ်ကွက်နေ ကိုသက်မောင်ဝင်း က ပြောသည်။

ရေတွင်း တူးခမှာ လက်ယက်တွင်းကို ငွေကျပ် နှစ်သောင်းခွဲနှင့် စက်ဖြင့် တူးသည့် တွင်းအား ၁ ပေလျှင် ၂ ထောင် ကျပ်ခန့် ကုန်ကျကြောင်း ဒေသခံများက ဆိုသည်။ ငွေကြေး အလွန်ချို့  တဲ့သူများမှာမူ ထိုမြစ်ရေကိုပင် သုံးစွဲနေရ ကြောင်းလည်း တွေ့ရသည်။

အရက်ချက် စက်ရုံများသည် လူမှုပတ်ဝန်းကျင် မြို့ ထဲများတွင် မရှိသင့်ကြောင်း စက်မှုဇုန်များ အတွင်း၌သာ ရှိသင့်ကြောင်း ရန်ကုန်ရှိ သဘာဝ ပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်ဇင် က ဆိုသည်။

“ကမ္ဘာ အသိအမှတ်ပြု ISO14001 ရဲ့  သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ရှိပါတယ်။ ဥပမာ မီးခိုးခေါင်းတိုင်က ဘယ်လောက် မြင့်ရမယ်၊ စွန့်ပစ်ရေတွေကို ဘယ်လို ပြန်သန့်စင်ပြီး စမ်းသပ်မှုတွေ ပြုပြီး တော့မှ ပစ်ရမယ်၊ စိတ်ချရပြီဆိုမှ မြစ်ထဲ ပစ်ရမယ်”

အောင်လံမြို့မှာပင် ဧရာဝတီမြစ် အတွင်းသို့ပင် စီးဝင်နေသော အခြားသော ချောင်းတခု ဖြစ်သော ပိတောက် ကုန်းချောင်း အနားရှိ ဆီးခွဲစက်အချို့မှ စွန့်ပစ်အညစ်အကြေးကြောင့် ရေထု ညစ်ညမ်းခဲ့ဖူးသည်။ စည်ပင်၊ မြို့နယ် အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲတို့က ဆီးခွဲစက်အချို့ ကို ပိတ်သိမ်းရန် ဖိအားပေးခဲ့ပြီး အခြားစက်များအား မြို့ အပြင်၌သာ ပြုလုပ်စေခဲ့ကာ ဆီးအခွံခွာသည့် စနစ်ကိုလည်း အစိုစနစ်မှ အခြောက် စနစ်သို့ ပြောင်းလဲလုပ်ကိုင် စေခဲ့သည်။

ထိုသို့ ပိတ်သိမ်းခံရသည့် ဆီးခွဲစက်ပိုင်ရှင် ကိုနိုင်လင်းအောင် က “မြစ်ထဲကို ဆီးဖက် ပါလို့ လူတွေအတွက် အန္တရာယ် သိပ်မရှိနိုင်ဘူး ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆီးသီးက အော်ဂန်းနစ် ဖြစ်လို့ပါ” ဟု ဆိုသည်။

အာဏာပိုင်များက ဆီးခွဲစက်များကိုသာ မြို့ ပြင် လုပ်ကိုင်ရန် ဖိအားပေးခဲ့ပြီး အရက်ချက် စက်ရုံကိုမူ မြို့ တွင်းထဲ၌ ဆက်လက်လုပ်ကိုင်စေခြင်းအပေါ် ဒေသခံများနှင့် ဆီးခွဲစက် လုပ်ငန်ရှင်များက မေးခွန်ထုတ်နေကြသည်။

UKT အရက်ချက် စက်ရုံသည် ၁၉၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့ကာ ထိုအချိန်မှစ၍ ဧရာဝတီမြစ်အတွင်းသို့ စွန့်ပစ်ရေများ စွန်ထုတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သို့သော် အမည်မဖော်လိုသူ မြို့နယ် အဆင့်မြင့် အရာထမ်းတဦးကမူ “ဒီစက်ရုံဟာ စည်းကမ်းချက်နဲ့အညီ ရှိတယ်လို့ပဲ သိထားတယ်။ ယခင် နှစ်အဆက်ဆက်က တည်ထောင်လာတဲ့ စက်ရုံလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

အပူပိုင်းဒေသဖြစ်သော အောင်လံတွင် သောင်ထွန်းမှုကလည်း ဒေသခံများအတွက် တနေ့ထက်တနေ့ ရေရှားပါမှုမှာ ပိုမိုခက်ခဲလာတော့သည်။

“ကျနော်တို့ မြို့ နဲ့ နီးစပ်တဲ့ ရွာတွေမှာ ရေတွင်းတူးလို့ မရဘူး။ မြစ်ရေကလည်း သောက်သုံးလို့ မရတော့ ရေခက်ခဲတဲ့ ပြဿနာက ပိုဆိုးတာပေါ့။ နောက်လဆို ဆင်ပေါင်ဝဲက သရက်အုပ်နဲ့ သာယာကုန်းရွာတွေ ရေရှားတော့မယ်” ဟု ဒေသခံ ကိုသက်မောင်ဝင်း က ပြောသည်။

ဧရာဝတီ မြစ်အောက်ပိုင်းတွင် သဲသောင်များ ဖြစ်ထွန်းမှုသည် အောင်လံမြို့ ၏ တဖက်ကမ်း ဖြစ်သော သရက်မြို့ နှင့်ပင် ထိစပ်တောပမည်ဖြစ်၍ ဒေသခံများက အောင်လံနှင့် သရက်ကို ဆိုင်ကယ်နှင့် သွားလို့ ရတော့မည် ဟုပင် သရော်နေကြသည်။

“အရင်က ဧရာဝတီ မြစ်အောက်ပိုင်း သောင်ဖုံးမှုက အရင်က ရေထု တမိုင်လောက် ကျန်တယ်။ အခု တဖာလုံလောက်ပဲ ကျန်တော့တယ်” ဟု ဒေသခံ ကျောင်းဆရာဟောာင်း တဦးက ပြောသည်။

သောင်ထွန်းမှု အဆမတန် ကျယ်ဝန်းသည့်အတွက် အင်းအဖြစ်သို့  ရောက်ရှိသွားပြီ ဖြစ်ကြောင်း အောင်လံဒေသရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

“အင်းအနေနဲ့ မြစ်က ရောက်ရှိသွားတယ် ဆိုတော့ ရေ ညစ်ညမ်းတက်ပါတယ်။ ဓာတ်ခွဲခန်း စမ်းသတ်မှုကတော့ ရုံးချုပ်ကပဲ တင်ပြမှ လုပ်တာ။ ဒါက အင်းရေ ဖြစ်သွားပြီဆိုတော့ မလိုအပ်ဘဲနဲ့ မတင်ပြတဲ့အတွက် သူတို့ကလည်း မစမ်းသပ်ဖြစ်ဘူး။ လွန်ခဲ့တဲ့ အပတ်က သွားစစ်တော့ လက်နဲ့ ယူပြီး နမ်းကြည့်တာတော့ နံတယ်” ဟု ၎င်းဝန်ထမ်းက ပြောပြသည်။

ထိုရေအား ဓာတ်ခွဲစမ်းသပ်မှု မပြုရသေးဘဲ စက်ပစ္စည်း စုံစုံလင်လင် မရှိ၍ ဖြစ်ကြောင်း မြစ်ချောင်းဖြိုး၏ တာဝန်ရှိသူ
က ပြောသည်။

ပတ်ဝန်းကျင် ညစ်ညမ်းမှု သတင်းများ ထွက်ပေါ်ပြီး အငြင်းပွားဖွယ်ရာ အညစ်အကြေး စွန့်ထုတ်မှုနှင့် ပတ်သက်၍ မကွေးတိုင်း အစိုးရ ဝန်ကြီးများ၊ အရပ်ဖက်ဆိုင်ရာ အကြီးအကဲများ လွန်ခဲ့သောနှစ်က လာရောက် စစ်ဆေးခဲ့ကြ သော်လည်း သိသိသာသာ တိုးတက် ပြောင်းလဲလာမှု မရှိသေးကြောင်း ဒေသခံများက ပြောနေကြသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့