Thursday, March 7, 2013

ဦးဘရန်ရှောင်၏ ဖြောင့်ချက်ယူခဲ့သူ ဒုတရားသူကြီးအား စစ်ဆေးရန် တင်ပြချက် ပယ်ချခံရ

ဖနိဒါ
မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟု စွတ်စွဲ၍ မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံနေရသူ ဦးလထော် ဘရန်ရှောင်ထံမှ ဖြောင့်ချက် ရယူခဲ့သူ မြို့နယ် တရားသူကြီး ဦးဇော်မင်း အား စစ်မေးခွင့်ပြုရန် လျှောက်ထားချက်ကို ပယ်ချလိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ဦးဇော်မင်းအား စစ်ဆေးခွင့်ပြုရန် တရားခံ ရှေ့နေ ဦးမာခါးက ယခင်ရက်သတ္တပတ်က တင်ပြခဲ့သည်ကို အင်္ဂါနေ့ မြို့နယ်တရားရုံးတွင် မြို့နယ်တရားသူကြီး ဦးမြင့်ထူး က ပယ်ချ လိုက်ခြင်း ဖြစ်သည်။

“ဦးဇော်မင်းကို စစ်ဆေးဖို့ ခေါ်ထားတာ။ မြို့နယ်တရားသူကြီးက မလိုအပ်ဘူးဆိုပြီး ပယ်လိုက်တယ်။ မစစ်ဆေးခိုင်း စေချင်လို့ နေမှာ ကျနော်တို့က အဲဒါကို ပြန်စစ်ချင်တယ်။

အမှန်တရား ပေါ်လာမှာ ကြောင့်လို့ပဲ။ တရားခံတွေဘက်က အရမ်းနစ်နာတယ်။ ကျနော်တို့အတွက် အရေးကြီးတဲ့ သက်သေပဲ” ဟု ဦးဂျီမာခါး က မဇ္စျိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့က ဒု မြို့နယ်တရားသူကြီး ဦးဇော်မင်းက ဖြောင့်ချက်ယူနေစဉ် ဦးဘရန်ရှောင်၏ မျက်နှာတွင် ဒဏ်ရာများ ရနေခြင်းနှင့် ဗိုက်တွင် အသံဖမ်းစက် ကပ်ပေးထားမှုကို စစ်ဆေးတွေ့ရှိသဖြင့် တရားသူကြီး ဦးမြင့်ထူးက ထိုနေ့မှာပင် ရုပ်သိမ်းလိုက်သည်။

လာမည့် မတ်လ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရန် တရားသူကြီး ဦးမြင့်ထူးက ပြောဆိုလာသော်လည်း လျှောက်လဲချက် မပေးဘဲ တရားသူကြီး ဦးဇော်မင်းအား စစ်ဆေး ခွင့်ပြုရန်သာ ပြည်နယ်တရားလွှတ်တော်သို့ ထပ်မံ တင်ပြသွားမည် ဖြစ်ကြောင်း ဦးဂျီမာခါး က ဆိုသည်။ ဦးဘရန်ရှောင်မှာ ကျန်းမာရေး ကောင်းမွန်နေသည်ဟုလည်းပြောသည်။

ဦးဘရန်ရှောင်အား ယမန်နှစ် ဇွန်လ ၁၂ ရက်နေ့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၃ ဖြင့် အမှတ်(၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်နှင့်အဖွဲ့က ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနား စရဖ ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် ပြန်လည် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်သည် KIO ဝန်ထမ်းဖြစ်သည်ဟု တရားခံဘက်မှ ထွက်ဆိုချက်များမှာ စစ်ကြောရေးအတွင်း ညှဉ်းပန်း နှိပ်စက်မှုဖြင့်သာ ရရှိလာသည့် ထွက်ဆိုချက်များ ဖြစ်၍ ခိုင်လုံသည့် အခြားအထောက်အထား မရှိကြောင်း ရှေ့နေ ဦးဂျီမာခါးက ပြောဆိုထားသည်။

အစိုးရတပ်နှင့် KIO တပ်များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ချိန်မှစ၍ မြစ်ကြီးနားမြို့နယ်နှင့် ရှမ်းပြည်နယ် အတွင်းရှိ ဒေသခံများ အနည်းဆုံး လူ ၇၀ ကျော်မှာ မတရားသင်း ဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရကြောင်း သိရသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့