Tuesday, April 30, 2013

အမေရိကန် GSP က ချက်ချင်း အကျိုးမထူးသော်လည်း ရေရှည်အကျိုးရှိနိုင်

ခင်မျိုးသွယ်
ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အမေရိကန် အစိုးရအနေဖြင့် မြန်မာနိုင်ငံအား အခွန် သက်သာကင်းလွတ်ခွင့် (GSP) ကုန်သွယ်မှု အထူးအခွင့်အရေး ပေးမည်ဖြစ်ရာ လက်ရှိတွင် ထူးခြားစွာ သက်ရောက်မှု မရှိနိုင်သေးသော်လည်း
ရေရှည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အကျိုးဖြစ်ထွန်းစေနိုင်မည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ်ပြောဆိုကြသည်။

လတ်တလော အကျိုးသက်ရောက်မှု မရှိနိုင်သေးခြင်းမှာ ၂၀၀၃ ခုမှ စတင်သည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုကြောင့် မြန်မာ့ ပို့ကုန်နှင့် သွင်းကုန်များ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံများမှာ အာရှနိုင်ငံ များသာ ဖြစ်ခဲ့၍ ဖြစ်သည်။

“အမေရိကန်က ပေးမယ့် အခွန်သက်သာခွင့်ဟာ ကုန်သွယ်မှု ခပ်ပါးပါးပဲ ရှိခဲ့တာကြောင့် ချက်ချင်းကြီးတော့ သက်ရောက်မှု မရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာက အဓိက တင်ပို့နေတဲ့ လယ်ယာ ထွက်ကုန်ကလည်း သူတို့ဆီမှာ လုံလောက်တယ်။ ကျောက်စိမ်း ကျတော့လည်း သူတို့ မကြိုက်ဘူး။ ဒါပေမယ့် ရေရှည်အတွက်တော့ အကျိုးရှိမှာ ဖြစ်ပါတယ်” ဟု ဆရာ ခင်မောင်ညို (ဘောဂဗေဒ) က ပြောကြားသည်။

ထို့ပြင် GSP မှာ ပို့ကုန်သမားများအတွက်သာ သက်ရောက်မှုရှိနိုင်ကြောင်း “အမေရိကန်က GSP ပေးမယ်ဆိုရင် သွင်းကုန်သမားများအတွက် ထူးခြားတဲ့ သက်ရောက်မှု မရှိနိုင်သော်လည်း ပို့ကုန်သမားများ အတွက်တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် လက်ခစား အထည်လုပ်ငန်းတွေ၊ ရေထွက်ပို့ကုန်တွေ အဆင်ပြေနိုင် ပါတယ်။ သွင်းကုန်တွေအတွက် လက်ရှိ အဆင်မပြေနိုင်သေးပေ မယ့် ရေရှည် အတွက်တော့ အဆင်ပြေနိုင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အရင်က ကုန်သွယ်မှု

စီးပွားရေး ပိတ်ဆို့ထားမှုများကြောင့် မြန်မာနှင့် အမေရိကန်တို့၏ ကုန်သွယ်မှုအနေအထားမှာ လွန်စွာနည်းပါးခဲ့ရ သည်။

“အမေရိကန်နဲ့ မြန်မာ ကုန်သွယ်မှုက ၂၀၀၃ ခုနှစ်က စပြီး ၂၀၁၀-၁၁ ခုနှစ်အထိ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ မပြည့်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်” ဟု ကုန်သွယ်မှု စစ်တမ်းများကို သုတေသန ပြုခဲ့သူ ဦးသန်းထွန်းအောင် က ပြောသည်။

သို့သော် ၂၀၁၁- ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၃.၆၄ သန်း အထိ ကုန်သွယ်မှု ရှိလာခဲ့သည်။

လက်ခစား အထည်ချုပ်လုပ်ငန်းများ အခြေအနေကောင်း

အမေရိကန်၏ GSP မှာ လက်ခစား အထည်ချုပ် လုပ်ငန်းများအတွက် အလားအလာ အကောင်းဆုံး ဖြစ်လာမည် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဒုတိယ ဥက္ကဌ ဒေါက်တာအောင်ဝင်း က ခန့်မှန်းသည်။

“GSP မရသေးပေမယ့် အမေရိကန် ကုမ္ပဏီတွေက အပ်ထည်တွေကို စတင်ပို့နေရတဲ့ အနေအထား ရှိပါတယ်။ လောလောဆယ် GSP မရသေးတဲ့အတွက် အခွန်၁၅ ရာခိုင်နှုန်းဝန်းကျင် ပေးနေရသေးတယ်။ GSP သာ ရရင် သူသတ်မှတ်တဲ့ ကုန်အမျိုးအစားအလိုက် အခွန်ပေးရတာလည်း ရှိတယ်။ အခွန် မပေးရတာလည်း ရှိတယ်။ အထည်ချုပ်ကတော့ အပ်ထည် တိုးမြှင့်ရလာနိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ဆိုသည်။

GSP ကြောင့် အထည်ချုပ် ဈေးကွက်တွင် အပ်ထည် ပိုမိုရရှိလာနိုင်သလို ချုပ်ခလည်း ပိုရလာနိုင်ခြေရှိကြောင်း အဆိုပါ အသင်း၏ အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ် က ပြောသည်။

“GSP ပေးပြီဆိုတာနဲ့ အခွန်ပေးနေရတဲ့ အခြားနိုင်ငံတွေမှာရှိတဲ့ စက်ရုံတွေက အထည်တွေကို ယူပြီး အပ်လို့လည်း ရပါတယ်။ အဓိက က မြန်မာ အထည်ချုပ်စက်ရုံတွေပေါ်မှာ သူတို့ ဘယ်လောက် အပ်ချင်သလဲ ဆိုတဲ့ အနေအထား ပေါ်မှာ မူတည်ပါတယ်။ မနေ့က အမေရိကန်က Buyer (အဝယ်တော်) လာဆွေးနွေးသွားတယ်။ အခွန်ရှိတဲ့ နိုင်ငံထက် အခွန်မရှိတဲ့ နိုင်ငံတွေက စက်ရုံတွေကို ချုပ်ခ ပိုပေးနိုင်တယ်လို့ ပြောသွားတယ်။ အခွန်ပေးရတဲ့ နိုင်ငံကို ချုပ်ခ ၁ ကျပ်ပေးနိုင်ရင် အခွန်မပေးရတဲ့ နိုင်ငံရဲ့ ချုပ်ခကို ၁ ကျပ် ၂၀ ပြားလောက် ပေးနိုင်တယ်လို့ ပြောသွားတယ်” ဟု ဆိုသည်။

ရေထွက်ကုန်တွေအတွက်လည်း အကျိုးရှိနိုင်

အဆိုပါ အမေရိကန်၏ GSP ကြောင့် မြန်မာ့ ရေထွက်ကုန် တင်ပို့မှုများလည်း အကျိုးသက်ရောက်နိုင်မည်ဟု
မျှော်လင့်ရသည်။

“ပုစွန်ကို အမေရိကန်ပို့နေရတာရှိတယ်။ GSP ရတာနဲ့ အခွန် ကင်းလွတ်နိုင်တော့ မြန်မာ့ ရေထွက်ကုန်ကို တင်သွင်းသူ များလာနိုင်တယ်။ ရေထွက် ပို့ကုန်သမားတွေအနေနဲ့ ဈေးကွက်တခု ပိုရလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ပြုပြင်ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး က ဆိုသည်။

လယ်ယာ ပို့ကုန်တွေပေါ်မှာ ...

မြန်မာနိုင်ငံ၏ အဓိကပို့ကုန်မှာ လယ်ယာထွက်ကုန်များ ဖြစ်နေသဖြင့် ယင်းပို့ကုန်များအပေါ် အခွန်သက်သာခွင့် သက်ရောက်မှုနဲ့ ပတ်သက်ပြီး “လယ်ယာ ထွက်ကုန်တွေထဲက အဓိက ပို့နေတာ ပဲနဲ့ ဆန်ပါ။ အမေရိကန်အနေနဲ့ ဆန်ကို သူ့နိုင်ငံက စားဖို့ လုံလုံလောက်လောက် ထုတ်လုပ်နိုင်သလို ဆန်ကိုလည်း ပြန်ရောင်းနေတဲ့ နိုင်ငံပါ။ ဒါကြောင့် လယ်ယာပို့ကုန်တွေထဲက ဆန်အတွက်တော့ သက်ရောက်မှု သိပ်မရှိနိုင်ပါဘူး” ဟု ဆန်စပါး အသင်းချုပ်မှ ဦိးမျိုးသူရအေး က ပြောကြားသည်။

အမေရိကန်နိုင်ငံအနေဖြင့် ပဲများကို ကနေဒါနှင့် သြစတြေးလျ နိုင်ငံတို့မှ အဓိက ဝယ်ယူလျက်ရှိသည်။

“(မြန်မာ့ ပဲ) လောလောဆယ် အမေရိကန်ဈေးကွက်ကို တင်ပို့နေတာ မရှိသေးပါဘူး။ အခု စိုက်နေတဲ့ ပဲတွေက ၇၀ ရာခိုင်နှုန်းလောက်က အိန္ဒိယကို သွားနေတာပါ။ စိုက်နေတာလည်း အိန္ဒိယ ဈေးကွက် အကြိုက် ပဲတွေပါပဲ။ အခုလို GSP ပေးလိုက်တဲ့အတွက် ရေရှည်အတွက် ကောင်းပါတယ်။ အမေရိကန်က စားတဲ့ ပဲကို လေ့လာပြီး နောင်မှာ မျိုးဝယ်စိုက်သင့် စိုက်ပြီး အမေရိကန် ပြန်ပို့နိုင်မယ် ထင်ပါတယ်။ ပဲနှမ်းကိုတော့ အမေရိကန်က ဝယ်နေပါတယ်။ မြန်မာက စိုက်တာ နည်းနေပါသေးတယ်” ဟု ပဲနှမ်းကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦး က ပြောသည်။

သစ်သီးဝလံ ဈေးကွက်ကရော

မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် သစ်သီးဝလံများကို လက်ရှိအနေအထားအထိ အမေရိကန် ဈေးကွက်သို့ တင်ပို့ရောင်းချမှု မရှိခဲ့ပေ။

“အမေရိကန်က ပေးလာမယ့် GSP က သစ်သီးဝလံတွေအတွက် အကျိုးသက်ရောက်မှု မရှိသေးပါဘူ။ လာမယ့် ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာ သရက်သီးပြပွဲမှာ မြန်မာ သရက်သီးတွေ ဝင်ရောက် ပြသဖို့ ရှိပါတယ်။ အဲဒီပြပွဲမှာ ကုန်ပစ္စည်းကြိုက်လို့ ဈေးကွက် ရမယ်ဆိုရင် အခွန် သက်သာခွင့်ကလည်း ပံ့ပိုးထားရင် သရက်သီး နဲ့ပတ်သက်တဲ့ ဈေးကွက်ကြီး တခု ရနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးစိုးသန်း မင်းဒင် က ခန့်မှန်းပြောဆိုသည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့