Friday, October 17, 2008

အန်အယ်လ်ဒီ လူငယ် တရာကျော်နှုတ်ထွက်

ကိုသက် | အောက်တိုဘာ ၁၆၊ ၂၀၀၈

အန်အယ်လ်ဒီ ပါတီ ဥက္ကဌ ဦးအောင်ရွှေ စိတ်တိုင်းကျ ဖွဲ့စည်းလိုက်သည့် လူငယ်အဖွဲ့သစ်ကို သဘောမတူကြသဖြင့် ရန်ကုန် တိုင်းမှ လူငယ် တရာကျော်မှာ ပါတီမှ ယနေ့ နှုတ်ထွက်ကြကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီက လူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းကြောင်းကို လူငယ်တာဝန်ခံများအမည်၊ လူငယ်အကြံပေး ပုဂ္ဂိုလ်များ၏ အမည်နှင့်တကွ ဥက္ကဌ ဦးအောင်ရွှေလက်မှတ်ဖြင့် ကြေညာချက်တစောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

နှုတ်ထွက်ကြသည့် လူငယ်အများစုသည် ရန်ကုန်တိုင်းမှ ဖြစ်ကြသည်ဟု နှုတ်ထွက်သူတဦးဖြစ်သည့် ကိုနေခြည်ဝင်းက ပြောသည်။
နှုတ်ထွက်သူများထဲမှ ကိုခင်ထွန်းကလည်း “လူငယ်နဲ့ ပတ်သက်တဲ့ကိစ္စကို ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေရဲ့သဘော ထားကို ရယူပြီးမှ ဆောင်ရွက်စေချင်တယ်လို့ ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကို လူငယ်တွေက မေတ္တာရပ်ခံကြပါတယ်။ လူငယ် တွေရဲ့ တောင်းဆိုမှုဟာ သဘာဝကျတယ်၊ တရားမျှတမှုရှိတယ်။ လူငယ် တာဝန်ခံ တယောက်အနေနဲ့ ကိုယ့်လူငယ်တွေရဲ့ အဆို၊ တရားမျှတတဲ့ စိတ်ဆန္ဒကို ဆောင်ရွက်မပေးနိုင်ရင် လူငယ်တာဝန်ခံ လုပ်ရတာ ဘာအဓိပ္ပာယ်မှ ရှိမှာမဟုတ်ဘူး။ ဒီအချက်တွေပေါ် မူတည်ပြီး လူငယ်တွေနဲ့အတူ ရပ်တည်သင့်တယ်လို့ ယုံကြည်တာကြောင့် နှုတ်ထွက်လိုက်တာပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုခင်ထွန်းသည် လူငယ်ပြန်လည်ဖွဲ့စည်းရေး အောက်မြန်မာပြည် တာဝန်ခံဖြစ်ပြီး အသစ် ဖွဲ့စည်းလိုက်သည့် လူငယ်အကြံ ပေး အဖွဲ့တွင်လည်း ပါဝင်သည်။ ၎င်းအား သူ၏ဆန္ဒမပါဘဲ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လူငယ် အကြံပေးပုဂ္ဂုလ်အဖြစ် ထည့်သွင်း ရွေးချယ်ခဲ့သည်ဟုလည်း ကိုခင်ထွန်းက ပြောသည်။
လူငယ် အကြံပေးအဖွဲ့မှ ကိုထွန်းဇော်ဇော်နှင့် လူငယ်အဖွဲ့သစ်၏ အုပ်ချုပ်ရေး တာဝန်ခံဖြစ်သည့် ကိုစောမောင်သိန်း တို့လည်း နှုတ်ထွက်သူများတွင် ပါဝင်ကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက လူငယ်တရာကျော် နှုတ်ထွက်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်းအား ပြောဆိုခွင့် မပေးထားကြောင်း ဧရာဝတီကို ပြောသည်။ လူငယ် တာဝန်ခံသစ်များကလည်း ၎င်းကိစ္စအပေါ် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
လွန်ခဲ့သည့် လကတည်းက နှုတ်ထွက်ကြသည့် လူငယ်များသည် ၎င်းတို့၏ဆန္ဒသဘောထား မပါပဲ လူငယ်အဖွဲ့ကို အသစ်ဖွဲ့ စည်းပါက ပါတီဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု ပြောဆိုခဲ့ကြသည်။
“လူငယ်အဖွဲ့သစ် ဖွဲ့တာကို ဘယ်သူမှ စိတ်မ၀င်စားဘူး။ ဒီနေ့ အဖွဲ့ချုပ်ဝင်တွေနဲ့ ပြည်သူလူထု စိတ်ဝင်စားနေတာက အဖွဲ့ချုပ် က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုကျော်ဖြတ်မလဲ၊ ၂၀၁၀ မှာ ပြည်သူကို ဘယ်လိုဦးဆောင်မလဲ၊ ပြည်သူ့အတွက် ဘာတွေ ပြင်ဆင်ထားသလဲ … ဒါကိုသိချင်တာ၊ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ညှိနှိုင်းမှုတွေ များများလုပ်ရမယ်။ လိုအပ်ရင် တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ ပြည်နယ်နဲ့ တိုင်းကလူတွေ များများခေါ်တွေ့ပြီး လူထုယုံကြည်ထောက်ခံမှု ပြန်လည်ရ ရှိအောင် လုပ်ရမယ့် အချိန်ဖြစ်တယ်လို့ ကျနော် အကြံပြုခဲ့ပါတယ်” ဟု ကိုခင်ထွန်းက ပြောသည်။
ဥပဒေ ဘောင်အတွင်းမှနေ၍ တနိုင်တပိုင် လုပ်ကိုင်နိုင်သည့် လူထုအကျိုးပြု လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ပြောသည်။
“လက်ရှိ ဗဟိုအလုပ်အမှုဆောင် ဘဘတို့ကော နောက်ထပ်ဖြည့်ထားတဲ့ ဘဘဦးဝင်းတင်၊ ဆရာဦးခင်မောင်ဆွေ တို့ကို ပြောချင်တာက အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုတိုင်းမှာ ဗဟိုအလုပ်အမှုဆောင် တဖွဲ့လုံးရဲ့ ညီညွတ်တဲ့ ဆုံးဖြတ်ချက်နဲ့ ဦးဆောင်နိုင် အောင်ကြိုးစားကြပါလို့ ကျနော့်အနေနဲ့ အကြံပြုချင်တာပါ” ဟု ကိုခင်ထွန်းက ဆက်ပြောသည်။

ref: ဧရာဝတီ

0 comments:

အပေါ်သို့