Friday, June 5, 2009

သခင်ကိုယ်တော်မှိုင်းနဲ့ တိုင်းရင်းသားအရေး

ဂါမဏိ


သခင်ကိုယ်တော်မှိုင်း
(ပုံတူ - ပန်းချီဝသုန်)

သခင်ကိုယ်တော်မှိုင်းကို မြန်မာနိုင်ငံထဲမှာ စာပေယဉ်ကျေးမှု နယ်ပယ်က တပ်မှူးကြီး၊ သတင်းစာ ဘိုးအေကြီး အဖြစ်တင်မက အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းထက် မြင့်တဲ့ လွတ်လပ်ရေး ဘိုးအေကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီးအဖြစ် အာဏာရ အုပ်စိုးသူ အဆက်ဆက်၊ အထူးသဖြင့် စစ်အာဏာရှင်တွေ ကလွဲလို့ အားလုံးက သတ်မှတ် လက်ခံ ထားကြပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသ အပါအ၀င် တချို့ တိုင်းရင်းသားတွေ ကြားမှာတော့ သခင်ကိုယ်တော်မှိုင်းကို မဟာ လူမျိုးကြီးဝါဒီ တယောက်၊ လူမျိုး ခွဲခြားရေးသမား တယောက်အဖြစ် မြင်နေကြပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ ကိုယ်၌က အဲသလို မြင်နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စရဲ့အကြောင်းရင်းကတော့ ဒီနယ်စပ်ဒေသဘက်မှာ တချိန်က ပျံ့နှံ့ ခဲ့ဖူးတဲ့ “သခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာ” ဆိုတဲ့ စာတမ်း တခုကြောင့် ဖြစ်ပါတယ်။ ဒီ “သေတမ်းစာ” ဆိုတာထဲမှာ ရခိုင်နဲ့ ပတ်သက်လို့ “သမိုင်း ကြွေးမဆပ်နိုင်အောင်၊ နလံ မထူနိုင်အောင် မင်းတို့တတွေ စွမ်းဆောင်တတ်ရမယ်။ ... ရှမ်းဆိုတဲ့ လူတွေလည်း တောင်ပေါ်သား အသိထက် မကျော်လွှား မိစေဖို့ ကြပ်ကြပ် သတိထားရမယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ကြီးထွားလာခဲ့ရင်၊ ဒါဟာ ဗမာ့ရန်သူပဲ၊ ပြတ်သားတဲ့နည်းကို ကျင့်သုံးရမယ်။ ... ကရင်ဆိုတာလည်း ရန်သူတမျိုးပဲ။ ဘ၀ကို မြေတောင် မြှောက်မပေးနှင့်။ လက်မြန် ခြေမြန် ၀ါဒရှိတယ်။ သတိလစ်ရင် လစ်သလို ဗမာတွေ အသက်ရှူကျပ် လိမ့်မယ်။” ကချင်လူမျိုးများနဲ့ ပတ်သက်လို့ “ဘယ်လိုပဲ ဆိုဆို ငါတို့တတွေဟာ လက်ဦးထားဖို့က အရေးကြီးတယ်။ မညှာနဲ့၊ ညှာရင်နာမယ်။ ဗမာတွေ သတိထားကြ။” ... မွန်တိုင်းရင်းသား အပေါ် သဘောထားအဖြစ်လည်း “အတိတ်က သူပိုင်တယ်၊ ငါပိုင်တယ်ဆိုတာ ဗမာတွေ နားမလည်ဘူး။ လက်ရှိမှာ ဘယ်လို ရှိနေသလဲ၊ ရှိနေသလိုပဲ ထိန်းထားတတ်ရမယ်” စသဖြင့် မြန်မာပြည်ရဲ့ အဓိက တိုင်းရင်းသား လူမျိုးစုတွေအပေါ် ဖိနှိပ် ချိုးနှိမ်ရေး တရားတွေ ဟောထားပါတယ်။ “ဗမာဟာ မဟာဗမာဖြစ်ဖို့ အဓိကပဲ”လို့ အဲဒီ “သေတမ်းစာ” ဆိုတာထဲ မှာ နောက်ဆုံး နိဂုံးချုပ် မှာကြားထားပါတယ်။

ဒီ “သေတမ်းစာ” ပါ သဘောထားအမြင်တွေဟာ အင်မတန်မှ ဆိုးဝါးလှပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ တသက်တာပတ်လုံး ရပ်တည် လှုပ်ရှားချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဒါကြောင့် ဒီသေတမ်းစာဟာ တကယ် အမှန် အကန် ဟုတ်မဟုတ် စိစစ်ဖို့ လိုလာပါတယ်။

သခင်ကိုယ်တော်မှိုင်းရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက် အမှန်ကို သိရအောင် သူ့ဘ၀ တသက်တာထဲက ဖြစ်ရပ်တွေ ကို လေ့လာကြည့်တဲ့အခါ အခုလို တွေ့ရပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီဘ၀မှာ နိုင်ငံလွတ်လပ်ရေး အတွက် စည်းရုံးရေး အနေနဲ့ ဇာတိမာန် မျိုးချစ်စိတ် တက်ကြွစေဖို့ အနော်ရထာ၊ ကျန်စစ်သား၊ တပင်ရွှေထီး၊ အလောင်းဘုရား စတဲ့ နာမည်ကျော် ဗမာဘုရင်တွေကို အမွှမ်းတင် ချီးမြှောက်တာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီခေတ်ဟောင်း ဘုရင်တွေလို စတုတ္ထ မြန်မာနိုင်ငံ ထူထောင်ရေး၊ မဟာဗမာ အင်ပါယာ ထူထောင်ရေး စိတ်ဓာတ်တွေကိုတော့ အမွေ မဆက်ခံခဲ့ပါဘူး။

ရှေးရိုးစွဲ ခေတ်ဟောင်းအတွေးအခေါ် မရှိတဲ့အကြောင်းကို ၁၉၂၇ ခုနှစ်ဆန်းက ဖြစ်ခဲ့တဲ့ “ဆယ်ကုဋေကျော် အရေးတော်ပုံ” ဆိုတဲ့ ဖြစ်ရပ်မှာ စတွေ့နိုင်ပါတယ်။ ၁၉၂၆ နှစ်ကုန်ပိုင်းက သူရိယ သတင်းစာထဲ ပါတဲ့ ဦးဘဖေရဲ့ ဆောင်းပါး တပုဒ်မှာ ဗမာပြည်ဟာ ဘုန်းကြီးပျံတွေ၊ ဘုရားပွဲတွေကြောင့် တနှစ်ကို ကျပ်ငွေ ဆယ်ကုဋေကျော် (ကျပ်သန်း ၁၀၀ ကျော်) ကုန်ကျနေတဲ့ အကြောင်း၊ တိုင်းသူပြည်သားတွေ ဆင်းရဲလှတဲ့ နိုင်ငံမှာ ဒီလိုမျိုး ငွေဖြုန်းတီးမယ့် အစား ဆင်းရဲသား လူထုအကျိုးရှိမယ့် တခြားလုပ်ငန်းတွေမှာ သုံးသင့်ကြောင်း ရေးထားလို့ သံဃာတွေ အပါအ၀င် ဘာသာရေး သမားတွေကြားမှာ ဆူပွက်သွားခဲ့ပါတယ်။ ဒီဆောင်းပါးကို ဆန့်ကျင်တဲ့ ဘက်နဲ့ ထောက်ခံတဲ့ဘက် အပြန်အလှန် အပြင်းအထန် ရေးကြ ဟောပြောကြလို့ ဆယ်ကုဋေကျော် အရေးတော်ပုံ သို့မဟုတ် ဆယ်ကုဋေကျော် တိုက်ပွဲ ဆိုပြီး နာမည် ကျော်သွားပါတယ်။ အဲဒီတိုက်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော် မှိုင်းဟာ ဦးဘဖေကို ထောက်ခံပြီး မလိုအပ်တဲ့ ဖြုန်းတီးမှု ဆန့်ကျင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ သံဃာတော် တွေက အကြီးအကျယ် ရှုတ်ချ တိုက်ခိုက်တာ ခံခဲ့ရပေမယ့်လည်း မိမိအယူအဆကိုပဲ ခိုင်ခိုင်မာမာ ကိုင်စွဲခဲ့ပါ တယ်။ ဒါကိုကြည့်ရင် ဆရာကြီးမှိုင်းဟာ ခေတ်ဟောင်း ပဒေသရာဇ် ၀ါဒစွဲ၊ ဘာသာရေးစွဲ၊ လူမျိုးရေးစွဲ မရှိတာ သိသာပါတယ်။

၁၉၃၃ ခုမှာ ခွဲရေး-တွဲရေးကိစ္စ ပေါ်လာတဲ့အခါမှာလည်း ဗမာပြည်ကို အိန္ဒိယပြည်နဲ့ ခွဲရေးကို ဆရာကြီးက ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလိပ်ကျွန် ဖြစ်ရတာချင်း အတူတူ လူမျိုးရေးအရ ခွဲတာကို မလိုလားဘဲ အဖိနှိပ်ခံချင်း ရိုင်းပင်းလက်တွဲ တိုက်ပွဲဝင်ရေးဘက်က ရပ်တည်ခဲ့ပါတယ်။ ဒီထက် ပိုထင်ရှားတဲ့ အဖြစ်ကတော့ ၁၉၃၈ ခု ကုလား-ဗမာ အဓိကရုဏ်းမှာ ကုလားဆန့်ကျင်ရေး မဟာဗမာ လူမျိုးရေးကို အတိအလင်း ဆန့်ကျင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီတုန်းက သခင်ကိုယ်တော်မှိုင်းရဲ့ “ကုလားအရေးလောက်ကိုဖြင့်၊ ဓားသွေးလောက်တယ် ဆရာမထင်လို့မို့ ...” ဆိုတဲ့ လေးချိုး ကဗျာစာသားဟာ ထင်ရှား ကျော်ကြားပြီး ထိမိခဲ့လှပါတယ်။

၁၉၃၇ ခုမှာ သခင်ကိုယ်တော်မှိုင်းဟာ တိုးတက်ရေး မဂ္ဂဇင်းထဲမှာ ဆရာစံ သူပုန်ကို ထောက်ခံတဲ့ “ပုန်ကန်ခြင်း” ဆောင်းပါးကို ရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ ရာဇ၀င်ထဲက “အပြစ်လွတ်သော ပုန်ကန်ခြင်း” ဥပမာတွေကို ထောက်ပြရာမှာ မွန်အမတ် ငရန်မန်ကန်းက ဗမာဘုရင် စောလူးမင်းကို ပုန်ကန်တာကို အပြစ်လွတ်တဲ့ ပုန်ကန်ခြင်း၊ အခုခေတ် စကားနဲ့ပြောရရင် တရားတဲ့ တော်လှန်စစ်အဖြစ် ဖော်ပြခဲ့ပါတယ်။ ဗမာပြည်မှာ ဟိုးအရင် ပဒေ သရာဇ်ခေတ်၊ အင်္ဂလိပ်ခေတ်ကရော၊ အခု နအဖခေတ်အထိပါ အများသိထားတာက ငရန်မန်ကန်းဟာ ပထမ မြန်မာနိုင်ငံတော်ကို ဖျက်ဆီးဖို့ကြံတဲ့ ဆူပူသောင်းကျန်းသူ ဗီလိန်အဖြစ် သိထားကြ၊ ၀ါဒ ဖြန့်နေကြတာ ဖြစ်ပါ တယ်။ အဲဒီ အယူအဆကနေ ခွဲထွက်ပြီး ငရမန်ကန်းကို မှန်ကန် တိုးတက်တဲ့ တော်လှန်ရေးသမား အဖြစ် သတ်မှတ်တာဟာ ကျနော်သိသလောက် သခင်ကိုယ်တော်မှိုင်းက ပထမဆုံး ဖြစ်ပါတယ်။ ငရန်မန်ကန်း ပုန်ကန်မှုကို ပထမဆုံး မွန်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးအဖြစ် ဂုဏ်ပြု သတ်မှတ်ခဲ့တဲ့ ဒုတိယမြောက် ဗမာနိုင် ငံရေးသမား၊ စာပေသမားကတော့ ဆရာ ဗန်းမော်တင်အောင် ဖြစ်ပြီး “မြန်မာနိုင်ငံတော်သမိုင်း” စာအုပ်မှာ သုံးသပ် ခဲ့တာဖြစ်ပါတယ်။

၁၉၄၈ ခုလွတ်လပ်ရေးရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ တော်လှန်သော ဗမာ့တပ်မတော်တို့ ပုန်ကန် တော်လှန်ပြီးနောက် ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း ၁၉၄၉ ခုနှစ်ဆန်းမှာ တော်လှန်ရေး စတဲ့အတွက် ရွက်စုံ တက်စုံ ပြည်တွင်းစစ်ကြီး ဖြစ်လာတဲ့အခါ ဒီလို မဖြစ်ရအောင် စောစောကတည်းက နိုင်ငံရေးအရ ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းဖို့ သခင်ကိုယ်တော်မှိုင်း ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့တဲ့ အကြောင်းကို “လောကတခွင်မှာနော်ကွယ်၊ ဟောမရ ပြောမရတာတွေကြောင့်၊ သောကပူပင် ...” စသဖြင့် ဖဆ ပလခေါင်းဆောင်တွေကို ရှုတ်ချတဲ့ ကဗျာစပ် ရင်ဖွင့်ခဲ့ပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ လက်ဝဲသူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ်၊ တိုင်းရင်းသား သူပုန်တွေနဲ့ တိုက်တာဖြစ်ဖြစ် ပြည်တွင်းစစ် အားလုံးကို ဆန့်ကျင်ခဲ့တဲ့ ငြိမ်းချမ်းရေး သမားစစ်စစ်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စိုးသူတွေက ဘယ်လောက် မတရားလုပ်လုပ် ငုံ့ခံရေး အယူအဆရှိတဲ့ ရွှေပြည်အေး ငြိမ်းချမ်းရေးသမား Pacifist တော့ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် ဆွေးနွေး ညှိနှိုင်းပြီး အာဃာတ မထားရေး၊ သူမနာ-ကိုယ်မနာ ငြိမ်းချမ်းရေး ရဖို့ ရပ်တည်သူ ဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောနေတဲ့ သင်ပုန်းချေရေး၊ စေ့စပ်ဆွေးနွေးရေး ဆိုတာတွေကို ဗမာပြည်မှာ ပထမဆုံး စပြောခဲ့သူ ဖြစ်ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းဟာ ဗမာပြည်အနှံ့ ခရီးထွက် စည်းရုံး ခဲ့ရာမှာ ၁၉၅၄၊ ၅၆- ၅၇၊ ၆၁ ခုမှာ မြစ်ဝကျွန်းပေါ်ဒေသ၊ ၁၉၅၆ ခုမှာ ကချင်ပြည်၊ ၁၉၅၇ ခုမှာ ရခိုင်ပြည်တို့ကို သွားခဲ့ပါတယ်။ ဗမာ တွေတင်မက ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်တိုင်းရင်းသား လူထုတွေက အကြီးအကျယ် အုတ်အော်သောင်းနင်း ကြိုဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လာတုန်းက မကြိုဆိုခဲ့တဲ့ ရခိုင် တိုင်းရင်းသားတွေဟာ သခင် ကိုယ်တော်မှိုင်းကိုတော့ အကြီးအကျယ် ကြိုခဲ့ကြပါတယ်။ ရခိုင် တိုင်းရင်းသားတွေ အကြီးအကျယ် ကြိုဆိုထောက်ခံတဲ့ ဗမာခေါင်းဆောင်ဆိုတာ သခင်ကိုယ်တော်မှိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်ပဲ ရှိမယ်ထင်ပါတယ်။ ဗမာ အမျိုးသမီးတွေ တင်မက တိုင်းရင်းသူ အမျိုးသမီးတွေကပါ သခင်ကိုယ်တော်မှိုင်း သွားရာလမ်းမှာ ဆံပင်ဖြန့် ခင်းပေးတာတွေ ဖြစ်ခဲ့ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်တွင်းက တိုင်းရင်းသားတွေနဲ့ သခင်ကိုယ် တော်မှိုင်း ဆက်ဆံရေး အနေအထားကို အလွယ်တကူ သိနိုင်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လှည့်လည် စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေး သမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့ တွဲခဲ့ပါတယ်။ ဒေါက်တာဆင်ဖိုးဟာ ဆရာကြီးရဲ့ကျန်းမာရေးကို တောက်လျှောက် အနီးကပ် တာဝန် ယူခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီးဟာ ကရင်ခေါင်းဆောင် မန်းဒါဝိတ်နဲ့ အထူးရင်းနှီးလှပြီး ဆရာတပည့်လို၊ သားအဖလို နေထိုင် လက်တွဲခဲ့ပါတယ်။ မန်းဒါဝိတ်ဟာ မြေပေါ် ကရင်အမျိုးသား ခေါင်းဆောင်တယောက် ဖြစ်ရုံမက ကေအဲန်ယူရဲ့ ယူဂျီခေါင်းဆောင် တယောက်ဖြစ်ပြီး မဆလခေတ်မှာ နှစ်ကြိမ်၊ န၀တခေတ်မှာ တကြိမ် ထောင်ကျခဲ့ပါတယ်။ ၁၉၉၂ ခုမှာ အင်းစိန်ထောင်မှာပဲ ကျဆုံးသွားခဲ့ပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီမှာ သခင်ကိုယ်တော်မှိုင်းနဲ့ လက်တွဲ လှုပ်ရှားခဲ့တဲ့ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဆရာကြီးရဲ့ တိုင်းရင်းသား လူမျိုးတွေအပေါ် သဘောထားကို ၂၀၀၇ ခုနှစ်တုန်းက ဒီလို ပြောပြခဲ့ဖူးပါတယ်။ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ် ဆွေးနွေးတဲ့ နည်းနဲ့ ငြိမ်းချမ်းရေး ရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လှည့်လည်ရာမှာ မြစ်ဝကျွန်းပေါ် ကရင်များက အထူးကြည်ညို လေးစားကြတယ်။ ကရင်ရွာများကို သွားရောက် ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေး နှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီး ကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာ ဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာ ဆိုတာမျိုး လုံးဝ မရှိခဲ့ဘူးလို့ ကျနော် သေချာပြောရဲတယ်။ ဒါ့ အပြင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာ ထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး” လို့ ဗိုလ်ကျော်ဇောက ခိုင်ခိုင်မာမာ ပြောပြပါတယ်။

၁၉၆၁ ခု ဇွန်လမှာ တိုင်းရင်းသားခေါင်းဆောင်တွေ တောင်ကြီး ညီလာခံ ကျင်းပပြီး ၁၉၄၇ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဖက်ဒရယ်မူ (ခေါ်) ရှမ်းမူကို ဖော်ထုတ်ခဲ့တဲ့ အခါ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၊ ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းအစ်ကို)၊ ဦးသိန်းဖေမြင့်တို့က ထောက်ခံခဲ့ကြပါတယ်။ သူတို့ နောက်ကွယ်မှာ သခင်ကိုယ်တော်မှိုင်း ရှိနေတာ ယုံမှားစရာ မရှိပါဘူး။

အကယ်၍သာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ မဟာဗမာဝါဒီ တယောက်၊ တိုင်းရင်းသား ဖိနှိပ်ရေးသမား တယောက်ဖြစ်ခဲ့ရင် ဗြောင်အတိအလင်း ဖက်ဒရယ်ဆန့်ကျင်ရေး စတုတ္ထ မဟာဗမာ အင်ပါယာ ထူထောင်ရေး ဗမာ အမျိုးသားရေး သက်သက် ၀ါဒသမားတွေဖြစ်တဲ့ သခင်ဗစိန်၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဦးကျော်ငြိမ်းတို့နဲ့ တသားတည်း တွဲမိခဲ့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီလူတွေဟာ ဆရာကြီးအပေါ် အခါးသီးဆုံး ရန်ဘက်တွေ လိုပဲ သဘောထား ခဲ့ကြပါတယ်။ ဒါ့အပြင် ကိုယ့်အာဏာအတွက် တိုင်းရင်းသားတွေကို လိုရင်လိုသလို အသုံးချ သွားတဲ့ ပါလီမန် ဒီမိုကရေစီ ၀န်ကြီးချုပ်ဟောင်း ဦးနု၊ ဖက်ဒရယ် ဆန့်ကျင်ရေး စစ်အာဏာရှင် ဗိုလ်နေ၀င်းတို့နဲ့လည်း ဘယ်လိုမှ အစေးမကပ်ခဲ့ပါဘူး။ ဒါကြောင့် န၀တ-နအဖ တို့ကလည်း သခင်ကိုယ်တော်မှိုင်း အခန်းကဏ္ဍ ကို ဘယ်လိုမှ နေရာမပေး အသိအမှတ် မပြုကြတာ ဖြစ်ပါတယ်။

ဒါကြောင့် “သခင်ကိုယ်တော်မှိုင်းသေတမ်းစာ”ဆိုတဲ့ စာတမ်းဟာ တန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးတွေနဲ့ ရိုးသန့်စင်ကြယ်တဲ့ ဗမာလူမျိုး ဒီမိုကရေစီသမားတွေ ပေါင်းစည်း ညီညွတ် မိသွားမှာကို စိုးရိမ်တဲ့ အာဏာရှင် ဘက်တော်သားတွေရဲ့ လုပ်ကြံ လီဆယ်မှု သက်သက်ပဲ ဖြစ်ပါတယ်။

ဂါမဏိ

0 comments:

အပေါ်သို့