ရဲဘော်ဖိုးသံချောင်း
၎ ဒီဇင်ဘာ ၂၀၀၉
၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးပိုင်းကို ရောက်လာလို့ ၂ဝ၁ဝ ကို မကြာခင် ရောက်တော့မယ်။ ဒါပေမယ့် နအဖ စစ်အစိုးရဟာ သူတို့ လမ်းပြမြေပုံရဲ့ ခြေလှမ်း နံပါတ် (၅) ဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်လည်း မဖွဲ့နိုင်သေး၊ ဥပဒေလည်း မကြေညာ နိုင်သေးဘူး။ ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူတို့ရဲ့ အာပေါင်အာရင်း သံလှတဲ့ မီဒီယာတွေ ထဲမှာလည်း မောင်းခတ်သံ၊ လော်စပီကာ သံတွေ မကြားရသေးဘဲ အလိုတော်ရိ မျိုးစုံရဲ့ တောခြောက်သံနဲ့ သင်္ကြန်အမြောက် သံတွေသာ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ဆင်မည်းကြီးဟာ အမြီးမပြောနဲ့ ကိုယ်လုံးတောင် မရောက်သေး၊ ခေါင်းအလျှိုမှာတင် တစ်နေပါတယ်။
အာဏာရထားပါလျက်နဲ့ နအဖရဲ့ အခက်အခဲတွေက မသေးပါကလားလို့သာ မှတ်ချက် ချရပါတော့မယ်။
နအဖအနေနဲ့ ရွေးကောက်ပွဲကိုမြန်မြန်လုပ်၊ မြန်မြန်ပြီး၊ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံး အကောင်အထည် ပေါ်သွားတာကို မြင်ချင်လှတယ် ဆိုတာ ဘာမှသံသယ ရှိစရာမလိုပါ။ ဖွဲ့စည်းပုံ ဥပဒေ နောက်ခံရှိတယ် ဆိုတဲ့ လွှတ်တော် ပေါ်ထွက်ရင် နိုင်ငံတကာ အလယ်မှာ သူတို့အတွက် ဘယ့်ကလောက် အဓိပ္ပာယ်ရှိတယ် ဆိုတာ သူတို့သိပါတယ်။ နောက်ပြီး အမေရိကန်၊ အီးယူတို့နဲ့လည်း “မြူမှောင်ဝေကင်း” ဆက်ဆံနိုင်တော့မယ်လို့ သူတို့ တွက်ပါတယ်။ ဒီတော့ နအဖအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ မဖြစ်မနေ မုချကို လုပ်ရတော့မယ့် ကိစ္စ ဖြစ်ပါတယ်။
ဒါပေမယ့် ပြဿနာက နအဖမှာ ထုတ်ပြောလို့မရတဲ့ အကျပ်အတည်းတွေ ရှိပါတယ်။ အဲဒါက (၄) သိန်း အင်အား တပ်ကြီးနဲ့လည်း ဖြေရှင်းလို့ မရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။
အဲဒီအထဲက တခုကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရွေးကောက်ပွဲမှာ ဝင်ပါအောင် လုပ်လို့ မရတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ၁၉၉ဝ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင် ရာခိုင်နှုန်း (၈ဝ) ကျော် (၉ဝ) ရဲ့ မဲတွေရထားတဲ့ ပါတီကြီးက ဝင်မပြိုင်ဘူး ဆိုရင် အတော်ကို အဓိပ္ပာယ် မဲ့သွားမယ်ဆိုတာ သူတို့ သိပါတယ်။ အထူးသဖြင့် နိုင်ငံတကာ အမြင်မှာ ပြောစရာ ဖြစ်မှာပါ။ နအဖရဲ့ လက်သုံးတော် စာရေးဆရာ များကတော့ ဒီချုပ်မပါလည်း ဂရုစိုက်စရာ မလိုဘူးလို့ ပြောကောင်းပြော၊ ရေးကောင်း ရေးကြမှာပါ။ ဒါပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ ဘရာဇီး မပါတဲ့ ကမ္ဘာ့ဖလားပွဲထက် အများကြီး ပိုမပြည့်စုံဘူးလို့ ပြောနိုင်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တင်းခံနေတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ ဖြစ်နေတော့ နအဖ အစိုးရအဖို့ တပြားသားမှ လျှော့မပေးနိုင်တဲ့ ကိစ္စ ဖြစ်နေပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဘက်က ကြည့်ရင်လည်း ဒါလောက်လေးမှ တင်းမခံရင် သူတို့ပါတီရော၊ ဗမာပြည်ရဲ့အနာဂတ်ရော ရေစုံ မျောပြီဆိုတာ ရှင်းနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာချက်ကို ဆုပ်ကိုင်ထားသရွေ့ ရွေးကောက်ပွဲထဲကို ကျုံးသွင်းလို့ မရဘူးဆိုတာ ရှင်းနေပါတယ်။ တဖက်မှာတော့ အဖွဲ့ချုပ်ကလည်း ဒီကြေညာချက် အပေါ်မှာပဲ ခံတပ်ကို ခိုင်မာအောင် တည်ဆောက်နေတဲ့ သဘော တွေ့ရပါတယ်။ ခံတပ်တခုဟာ အတွင်းမှာ စည်းလုံး ညီညွတ်ကြမှ ခိုင်မာ တောင့်တင်းတယ် ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ နားလည်တယ်လို့ ယုံကြည်ပါတယ်။
ဘာပဲပြောပြော အခုတော့ ရွှေဂုံတိုင်ကြေညာချက်ဟာ နှစ်ဖက်နယ်ခြားမှတ်တိုင်လို ဖြစ်နေပါပြီ။
ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီတာဝန်ကို ထောင်ထဲမှာ စွန့်လွှတ်ခဲ့တဲ့ မောင်စူးစမ်းလို လူကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဈေးဆစ်နိုင်တဲ့ အင်အားမရှိဘဲ ဈေးမဆစ်နဲ့လို့ ခြိမ်းခြောက် နေပါတယ်။ ဒါကြောင့် တချိန်က လက်နက်နဲ့ ဒီမိုကရေစီလဲရေး စာတမ်း ရေးခဲ့သူကြီးဟာ အခုတော့ လက်နက်မရှိရင် နိုင်ငံရေး ဈေးဆစ် အားမရှိဘူးလို့ ပြောနေပါ ကလားလို့သာ မှတ်ချက်ချမိပါတယ်။ တကယ်ကျတော့ အထက်မှာ ပြောခဲ့သလို နအဖမှာ အခက်အခဲတွေ တွေ့ရလေလေ ဒီလိုလူတွေက အတိုက်အခံတွေ အပေါ် မာန်ဖီပြလေ ဖြစ်နေတာပါ။
နောက်ပြဿနာတခုက အပစ်ရပ် အဖွဲ့အစည်းတွေ ကိစ္စ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေဟာ နအဖထင်သလောက် မီးမသေတာတော့ ရှင်းနေပါပြီ။ ကိုးကန့်ကို နှိပ်ကွပ် ပြလိုက်လို့လည်း ပြဿနာက မပြေလည်ပါဘူး။ စကားအားဖြင့် နယ်ခြားစောင့်တပ် ဘဝကို လက်ခံတယ်လို့ ပြောနေကြပေမယ့် ဈေးဆစ် နေကြပါတယ်။ ချုပ်လိုက်ရင် သူတို့ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဿနာပါပဲ။ ညောင်နှစ်ပင် ညီလာခံတုန်းက အညစ်ခံထားရတာကို အပစ်ရပ် အဖွဲ့တွေ အနေနဲ့ အဲဒီတုန်းက ပြန်ပြောခွင့်မသာလို့ ငုံ့ခံခဲ့ရတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး အဆင့်မှာတော့ သူတို့လည်း အမောက်ထောင် ပြကြရတော့တာပါပဲ။
ဒီအထဲမှာ ပိုပြီးအခရာကျတဲ့ ပြဿနာတခုကတော့ နအဖ ထိပ်သီးပိုင်း အတွင်း ပြဿနာပါ။ သူတို့ထိပ်ပိုင်းမှာ ကျန်းမာရေး အရရော၊ အသက်အရွယ် အရပါ အပြောင်းအလဲတွေ လုပ်ကို လုပ်ရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးတို့ အနေနဲ့ ရွေးကောက်ပွဲ အကြောင်းပြပြီး ထွက်ပေးလိုက်ရင် ကောင်းမလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ ပြီးအောင်အထိ စောင့်ကြည့်ပြီးမှ ထွက်ပေးကြမလား ဆုံးဖြတ်ရ ခက်နေကြပါတယ်။ စစ်အုပ်စုတွေရဲ့ထုံးစံအတိုင်း တပ်နဲ့ ကင်းကွာသွားမှာကို သူတို့ အားလုံး လန့်ကြပါတယ်။ ဘာကောင်ကြီး ဖြစ်နေနေ တပ်နဲ့ ကင်းကွာလို့ကတော့ သုညဘဝ ရောက်တာပဲဆိုတာ သူတို့ အသိဆုံးပါ။ ဦးနေဝင်း သေပန်း မလှခဲ့တာကို သူတို့ မမေ့ပါဘူး။ သူတို့သာ လက်ရှိ ရာထူးတွေကို စွန့်လွှတ်လိုက်ရရင် လက်ရှိ စည်းစိမ်တွေဟာလည်း ရေပွက်ပမာ ဖြစ်လိမ့်မယ် ဆိုတာ သူတို့ကောင်းကောင်း သဘောပေါက်ပါတယ်။ ခက်တာက ရွေးကောက်ပွဲ ဆိုတာကြီး ပြီးသွားလို့မှ တိုင်းပြည် ခေါင်းဆောင်ဆိုတဲ့ ထိပ်ပိုင်းမှာ ဒီမျက်ခွက်ကြီးတွေပဲ ပြန်တွေ့နေရရင် လူရီစရာ ဖြစ်မယ် ဆိုတာကိုလည်း ဒီဗိုလ်ချုပ်တွေ မစဉ်းစားလို့ မဖြစ်ပါဘူး။
ဒါဖြင့် ငါလည်းထွက်မယ်၊ မင်းလည်းထွက်ဆိုပြီး ဥပမာ ဗိုလ်ရွှေမန်းလိုလူကို အာဏာ လွှဲပေးလိုက် ရင်ရော သူတို့ထဲမှာ တည်တည် ငြိမ်ငြိမ် ရှိပါ့မလား။ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းလောက် သူတို့ တပ်ထဲမှာ သြဇာ မရှိတာတော့ အမှန်ပါ (ဒါကြောင့်လည်း အခု သူတို့ အထဲမှာ ဗိုလ်သန်းရွှေ ဖြစ်စေချင်သလို ဖြစ်အောင် လုပ်လို့ မရသေးတာ ဖြစ်ပါတယ်)။ ဒါပေမယ့် နောက်လူတွေက သူ့လောက်မှ မီးမသေရင် ပိုပြီး ကသောင်းကနင်း ဖြစ်ကုန်နိုင်ပါတယ်။ အလွယ်ဆုံး ပြောရရင် ဗိုလ်ရွှေမန်းဟာ ဦးအောင်သောင်းကို အာ…မခံအောင် လုပ်နိုင်ပါ့မလား။ တခြားလည်း သူတို့ထဲမှာ အဲဒီလို တယောက်အပေါ် တယောက် နိုင်ပေါက်ကိုကိုင်ပြီး ပခုံးချင်း တိုင်းနေကြတာတွေ အများကြီး ရှိပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြားမှာ နအဖစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့် ရက်ကိုလည်း မကြေညာနိုင်၊ ရွေးကောက်ပွဲ ဥပေဒဆိုတာလည်း ထုတ်မပြောနိုင် ဖြစ်နေတော့ ဒီချုပ်အခက် ဒို့အကွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ဖို့ ခဲထားသူတွေ၊ ဗမာပြည်သားတွေကို ရွေးကောက်ပွဲမှာ မဲပေးနည်း သင်တန်းပေးမယ်လို့ အားခဲထားသူတွေ၊ ဒီရွေးကောက်ပွဲကနေ ပေါ်လာတဲ့ “စပေ့စ်” ထဲမှာ မျောက်က…ကရမယ်လို့ တရားဟောနေသူတွေ အားလုံးပဲ စိတ်မရှည်နိုင်အောင် ဖြစ်လာကြပါတယ်။ နောက်ပြီး သူတို့မှာ ပြောစရာတွေကလည်း ကုန်လာတယ်ဆိုတော့ စောင့်ရုံမှတပါး အခြားမရှိလို ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ တချို့ကတော့ နအဖကိုတောင် စောင်းပါး ရိပ်ခြည်၊ ချိတ်ပြီး ဝေဖန်တာတွေ တွေ့လာရပါတယ်။
ပြန်ချုပ်ပါ့မယ်။ အခက်အခဲဟာ တဖက်တည်းမှာ ရှိနေတာ မဟုတ်ပါဘူး။ အားလုံးမှာ ရှိနေတာပါ။ အတိုက်အခံတွေမှာချည့် အခက်အခဲ တွေ့နေရတယ်၊ အမေရိကန်ရဲ့ ယက်တော သံတမန်ရေးကြောင့် ဗမာပြည် နိုင်ငံရေး ပြောင်းသွားပြီဆိုပြီး ကိုယ့်နိုင်ငံရေး ဘဝတခုလုံးကို ရွေးကောက်ပွဲထဲမှာ ပုံအောလိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် ဒီမိုက်ရေစီ ပိုဝေးသွားမယ်လို့ တချို့က ဆိုနေပါတယ်။ အဲဒီလို ပြောနေသူတွေ ထဲမှာ ရွေးကောက်ပွဲ မလုပ်ဘဲ နအဖ ဆက်မင်းမူနေရင် ဒီမိုကရေစီနဲ့ ပိုဝေးလိမ့်မယ်လို့ စေတနာကောင်းနဲ့ စိုးရိမ်သူများလည်း ပါပါတယ်။ ဒါပေမယ့် ၂ဝဝ၈ အခြေခံဥပဒေနဲ့ ဒီမိုကရေစီကို ရယူမယ်ဆိုတာက ပေါက်နေတဲ့ ရေဘူးနဲ့ ရေပါအောင် ယူမယ် ဆိုတာထက်တောင် ဆိုးပါတယ်။ ‘ထိုင်နေအကောင်းသား’ မုချဖြစ်မှာပါ။
Ref: ခေတ်ပြိုင်
Friday, December 4, 2009
သေနတ်ကြားက မဲတပြား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment