Tuesday, December 1, 2009

အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်ရန် ၀ါရင့် နိုင်ငံရေး သမားကြီးများ တိုက်တွန်း

မင်းနိုင်သူ / ၃၀ နိုဝင်ဘာ ၂၀၀၉

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့ထားသည့် စာကို အခြေခံကာ ၀ါရင့် နိုင်ငံရေးသမား ကြီးများက ၎င်းတို့၏ သဘောထား တရပ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ နိုဝင်ဘာ (၂၈) ရက်တွင် ပေးပို့ခဲ့သည်။

“အဓိကကတော့ အစိုးရအနေနဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် အမြန်ဆုံး တက်လာဖို့ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ အနေနဲ့ ဆန္ဒရှိတယ် ဆိုတာကို ဖော်ပြ လိုက်တာပါ” ဟု ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသာဘန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားမှုများကို ရုပ်သိမ်းရေး ကိစ္စ နောက်ဆက်တွဲ ဟူသော ပေးစာ နိုဝင်ဘာ (၁၁) ရက်တွင် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့ခဲ့ပြီး သူ့အနေဖြင့် နိုင်ငံ အကျိုးရှိစေမည့် ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်နိုင်ရန် အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါစာနှင့်စပ်လျဉ်း၍ နအဖစစ်အစိုးရဘက်မှ သီတင်း (၂) ပတ်ကျော်အကြာ တုံ့ပြန်မှု တစုံတရာ မရှိခဲ့သည့်နောက် ၀ါရင့် နိုင်ငံရေးသမား ကြီးများက ၎င်းတို့၏ သဘောထားကို ထုတ်ဖော် ပြောကြား လိုက်ကြခြင်းဖြစ်သည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏စာတွင် ၀ါရင့်အဖွဲ့အနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အကြံပေးခြင်း၊ ပန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ပေးနိုင်မည့် စာတစောင် ဖြစ်နေကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့်လည်း ဗုဒ္ဓ အဆုံးအမများနှင့် အညီ မေတ္တာတရား ရှေးရှုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက် သွားသင့်ကြောင်း တို့ကို ရေးသားထားကြောင်း ဦးသာဘန်းက ပြောသည်။

“၀ါရင့်အဖွဲ့အနေနဲ့ အစဉ်တစိုက် တိုက်တွန်းနေတာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ပါပဲ။ လိုအပ်ရင် လိုအပ်သလို စာရေးသား တိုက်တွန်း နေတာပါ။ နအဖ အစိုးရဘက်က တုံ့ပြန်မှုရှိတာ မရှိတာက သူ့အပိုင်းလေ။ တို့ လုပ်စရာရှိတာ၊ ပြောစရာရှိတာကို လုပ်တာ ပြောရမှာက တို့အပိုင်းလေ” ဟုလည်း ၎င်းက ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့ကို လွတ်လပ်ရေးအတွက် တိုက်ပွဲ ၀င်ခဲ့ကြသော သခင်ဟောင်းများ၊ ပြည်သူ့ ရဲဘော်ဟောင်းများက ဦးဆောင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး စတင်ဖွဲ့စည်းစဉ်က (၂၃) ဦး ပါဝင်သော်လည်း ယခုအခါ (၁၀) ဦးခန့် သာ ကျန်းမာရေး ကောင်းမွန်စွာ ရှိနေကြောင်း သိရသည်။

“ဗိုလ်မှူးအောင်တို့၊ သခင်သိန်းဖေတို့ စဖွဲ့ခဲ့တာပါ။ နောက်တော့ တချို့တွေလည်း ကွယ်လွန်ကုန်ကြ။ တချို့တွေလည်း ကျန်းမာရေး ညံ့ကုန်ကြနဲ့။ အခု သွားလာလှုပ်ရှား ပြောနိုင်ဆိုနိုင်တာက (၇) ဦး၊ (၈) ဦးလောက်ပဲ ရှိပါတော့တယ်” ဟု ဦးသာဘန်းက ပြောသည်။


Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့