Wednesday, December 2, 2009

မခိုင်ရွှန်းလဲ့ရည် သေဆုံးမှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှု စတင်ပြီ

အောင်သက်ဝိုင်း
Tuesday, 01 December 2009 16:19

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် မခိုင်ရွှန်းလဲ့ရည် ဆိုသည့် ကျောင်းသူတဦး သေဆုံး ခဲ့ရခြင်းနှင့် ပတ်သက်၍ ပြည်တွင်း သတင်း ဂျာနယ်များက အကျယ်တ၀င့် ရေးသား ဖော်ပြပြီးနောက် သက်ဆိုင်ရာ ဆေးခန်းနှင့် အထူးကု ဆရာဝန်ကြီး တို့ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဆေးကောင်စီက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဟု သိရှိရသည်။

ယင်းသို့ ပြည်တွင်းသတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် ဆေးခန်းနှင့် ဆရာဝန်တို့၏ လုပ်ရပ်သည် တာဝန်မဲ့သည်ဟု ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ပေါ်ထွက်လာသည့်အတွက် ထိုသို့ စုံစမ်း စစ်ဆေးမှုများ စတင်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

“စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီလ၂၆ ရက်နေ့မှာ အထူးအစည်းအဝေး ခေါ်ပြီး ဖွဲ့တယ်၊ စစ်ဆေးမှုတွေ စလုပ်ပြီ”ဟု ၎င်းက ဆိုသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ဆေးပညာ ဆိုင်ရာ အငြိမ်းစား ပါမောက္ခ၊ ဌာနမှူးများနှင့် လက်ရှိ တာဝန် ထမ်းဆောင်နေဆဲ ဆရာဝန်ကြီး များပါဝင်ကာ စုံစမ်းစစ်ဆေးမှုများကို သီတင်းတပတ် ပြုလုပ်မည်ဟုလည်း သိရှိရသည်။

အကယ်၍ မခိုင်ရွှန်းလဲ့ရည်အမှုတွင် ဆေးကုသမှုမှားယွင်းကြောင်း စစ်ဆေး တွေ့ရှိပါက လူနာကို ကုသပေးခဲ့သော အထူးကု ဆရာဝန်ကြီး၏ ဆေးကုသခွင့် လိုင်စင် အသိမ်းခံရမည် ဖြစ်ပြီး ရွှေဂုံတိုင် အထူးကုဆေးခန်း (SSC) သည် တရားဝင် ၀န်ချ တောင်းပန်မှု ပြုလုပ်ကာ လူနာရှင်ကို လျော်ကြေး ပေးရဖွယ် ရှိကြောင်း ဆေးကောင်စီ တာဝန်ရှိသူက ဆိုသည်။

“တကယ်ပဲ ဆေးကုသမှု မှားယွင်းတယ်ဆိုရင်တော့ အထူးကု ဆရာဝန် (ဆမ) အသိမ်းခံရပြီး ဆေးခန်းကလည်း လူနာရှင်ကို လျော်ကြေး ပေးရတာမျိုး ဖြစ်နိုင်တယ်၊ စုံစမ်းလို့ရတဲ့ ရလဒ် အပေါ် မူတည်ပြီး ဘယ်လို အရေးယူမလဲ ဆိုတာ အစည်းအဝေးခေါ် ဆုံးဖြတ်မယ်” ဟု ၄င်းကပြောသည်။

အဆိုပါ အသက် ၁၅ နှစ်အရွယ် ၉တန်းကျောင်းသူ မခိုင်းရွှန်းလဲ့ရည်သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၀မ်းဗိုက်နာသော ဝေဒနာဖြင့် ရွှေဂုံတိုင် ဆေးခန်းသို့ ရောက်ရှိလာရာ ဆေးခန်းမှ အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် အထူးကု ဆရာဝန်ကြီးက အူအတက်ရောင် ရောဂါ ဖြစ်နေသည်ဟု ပြောဆိုပြီး ခွဲစိတ်ကုသရာမှ အောက်တိုဘာလ ၂၇ ရက်နေ့တွင် သေဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မခိုင်ရွှန်းလဲ့ရည်ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရ၏ ညံ့ဖျင်းသော ပြည်သူ့ ကျန်းမာရေး စီမံခန့်ခွဲမှုများ ရှိနေသည်ကို မီးမောင်း ထိုးပြသော ဖြစ်စဉ်တခု ဖြစ်ကြောင်း၊ မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်ရပ်မျိုး တွေ့ကြုံ ခံစားရမှုများ ပုဂ္ဂလိက ဆေးရုံများနှင့် အစိုးရ ဆေးရုံများတွင် နှစ်ပေါင်းများစွာ ကပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ ပြည်တွင်း သတင်းဂျာနယ်များ၏ သတင်းဖော်ပြမှုကြောင့် လူအများ သိရှိခြင်း ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍတွင် ပိုမို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း အငြိမ်းစား ကျန်းမာရေး ၀န်ထမ်းတဦးက ဝေဖန် ပြောဆိုသည်။

ယခုအခါ ပြည်တွင်းရှိ ပုဂ္ဂလိဆေးရုံ၊ ဆေးခန်းများ အားလုံး ၂၀၀၇ ခုနှစ် ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်း ဥပဒေအရ တရားဝင် လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ပြီး မခိုင်ရွှန်းလဲ့ရည် ကဲ့သို့သော ဖြစ်စဉ်မျိုး ဖြစ်ပွားလာပါက ကုသသည့် ဆေးခန်းနှင့် ဆရာဝန်များကို တရားစွဲဆို၍ ဥပဒေအရ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့