Friday, January 8, 2010

၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး၏ အဖြေမဟုတ်

ဇင်လင်း
၇ ဇန်န၀ါရီ ၂၀၁၀

၂၀၁၀ ခုနှစ်ဆန်းပေပြီ။ မြန်မာ့နိုင်ငံရေးမြင်ကွင်းကား အမှောင်ဖုံးနေဆဲ။ “အာဃာတ ကင်းစင်သော အထွေထွေ သဟဇာတ ဖြစ်ရေးမူ” ကို တာဝန်ရှိ နိုင်ငံခေါင်းဆောင် အသီးသီး လေးနက်စွာ နှလုံးမသွင်းသရွေ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် အလှမ်း ဝေးနေပေဦးမည်။ တိုင်းပြည်လူထု ဆင်းရဲဒုက္ခ နွံအတွင်းမှ လွတ်မြောက်ရေးလည်း မျှော်တိုင်း ဝေးနေကြရဦးမည်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအား သွေးမြေကျအောင် လူ့အခွင့်အရေး ချိုးဖောက်၊ အကြမ်းဖက် နှိမ်နင်းခြင်း၏ အကျိုးဆက်အဖြစ် နအဖ စစ်အုပ်စုသည်လည်း နိုင်ငံရေး အကျဉ်းအကျပ် အတွင်း၌ ချောင်ပိတ်မိနေသည်။ (၁၄) နှစ်ကြာ စည်းမျဉ်းစည်းကမ်း တိတိကျကျမရှိဘဲ အချိန်ဆွဲ ကျင်းပခဲ့သည့် ညောင်နှစ်ပင် အမျိုးသား ညီလာခံကို တက်သုတ်ရိုက် နိဂုံးသတ်ကာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း (၂၀၀၈) ဆိုသည်ကို ထုတ်ပြန်ခဲ့သည်။ ထို့နောက် နာဂစ် မုန်တိုင်းဒဏ်ကြောင့် ပြည်သူလူထု ဆင်းရဲ ဒုက္ခရောက်နေချိန် ၂၀၀၈ ခုနှစ် မေလတွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ မည်ကာမတ္တ လူထုဆန္ဒ ခံယူပွဲဖြင့် ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံမူကြမ်းကို မျက်နှာပြောင်တိုက် အတည်ပြုခဲ့သည်။ (၉၂) ရာခိုင်နှုန်းကျော် လူထုဆန္ဒမဲ ထောက်ခံမှုအရ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း အရှက်ကင်းမဲ့စွာ ကြေညာခဲ့သည်။ ဆက်လက်၍ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဟုလည်း အခြေအမြစ်မဲ့စွာ ကြေညာခဲ့သည်။

သို့သော် ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် လူထုဆန္ဒမဲ (၈၂) ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပါလီမန်တွင် စစ်ဗိုလ် တမတ်သား အလိုအလျောက် ပါဝင်မည့် နအဖ၏ ၂၀၀၈ ညောင်နှစ်ပင် ဖွဲ့စည်းပုံ အခြေခံဥပေဒေသည် ဒီမိုကရေစီ နည်းမကျသဖြင့် ပြန်လည် သုံးသပ် ပြင်ဆင်ရန် လိုသည်ဟု ၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ‘ရွှေဂုံတိုင်ကြေညာစာတမ်း’ ၌ ဝေဖန် ထောက်ပြခဲ့သည်။ ထိုအချက်ကို နအဖက လက်ခံမှသာ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် စဉ်းစားမည်ဟုလည်း တောင်းဆိုခဲ့သည်။ အန်အယ်လ်ဒီ၏ ‘ရွှေဂုံတိုင်ကြေညာ စာတမ်း’ ကို ပြည်တွင်း ပြည်ပရှိ အတိုက်အခံ အင်အားစုများကလည်း သဘောတူ ထောက်ခံခဲ့ကြသည်။ စင်စစ် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာသည် ရွေးကောက်ပွဲကျင်းပ အဖြေထုတ်ယူရမည့် အဆင့်အထိ မရောက်သေးပေ။ လက်ငင်း ရှာရမည့်အဖြေမှာ တိုင်းရင်းသား ပြည်သူလူထု အများစုကြီးက သဘောတူ လက်ခံနိုင်မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတရပ် ပေါ်ထွန်းရေးဖြစ်သည်။ ထို့ကြောင့်လည်း အန်အယ်လ်ဒီနှင့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများက ရွေးကောက်ပွဲမကျင်းပမီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရန် တောင်းဆို နေကြခြင်းဖြစ်သည်။

ရွေးကောက်ပွဲဟု ဆိုလိုက်သည်နှင့် နိုင်ငံသားတဦးချင်းစီ၏ ရွေးချယ်ပိုင်ခွင့်ကို လမ်းဖွင့်ပေးသည့် အစီအစဉ် ဖြစ်သဖြင့် ကောင်းသည်ဟု ယေဘုယျ ဆိုကြသော်လည်း လွတ်လပ်မျှတသည့် ရွေးကောက်ပွဲလား၊ အတုအယောင် ရွေးကောက်ပွဲလား၊ အရောင်အသွေးစုံ ပါဝင်ခွင့်ရှိသည့် ရွေးကောက်ပွဲလား၊ နိုင်ငံတကာ လေ့လာ အကဲခတ်သမားများ၏ ရှေ့မှောက်၌ မြင်သာထင်သာ ကျင်းပသည့် ရွေးကောက်ပွဲလား၊ တံခါးပိတ်ကျင်းပသည့် ရွေးကောက်ပွဲလား စသည်ဖြင့် မဆန်းစစ်ဘဲ ‘ကောင်းသည်’ ဟု မျက်စိမှိတ် မဆိုနိုင်ပေ။ ဒီမိုကရေစီ ဖြစ်စဉ်တွင် ‘ရွေးကောက်ပွဲ’ သည် ပဓာန ကျသော်လည်း၊ ပြည်သူလူထု၏ လိုအင်ဆန္ဒကို အကောင်အထည် ဖော်ဆောင် မပေးနိုင်လျှင် ယင်းရွေးကောက်ပွဲကား အချည်းနှီးသာ ဖြစ်လိမ့်မည်။

ပြည်သူလူထု၏ အခြေခံရပိုင်ခွင့်တို့ကို အာမခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုသည်မှာ လူထု၏ အခွင့်အာဏာ (Mandate) ကို ရယူ ကျင့်သုံးမည့် အစိုးရနှင့် ပြည်သူလူထုတို့ အကြား သဘောတူ ချုပ်ဆိုထားသော လူမှု အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Social Contract) ဖြစ်သည်။ ယနေ့ (နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်စေရမည်) ဆိုသော အချက်ကို အစိုးရအာဏာ ရယူကျင့်သုံးနေသူများက နည်းအမျိုးမျိုးဖြင့် မှေးမှိန်အောင် ပြုလုပ်ထားကြသည်။ မြန်မာ စစ်အာဏာရှင် တို့ကမူ နိုင်ငံသားများက ပိုင်ဆိုင်သည့် အချုပ်အခြာ အာဏာကို သူတို့၏ ဘိုးဘွားမိဘပိုင် ပစ္စည်းသဖွယ် ထင်ရာစိုင်း ကျင့်သုံး နေကြသဖြင့် ပို၍ဆိုးပေသည်။ ဥပမာအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်လျက် အာဏာ ဆက်သိမ်းထားသည်မှာ ပြည်သူလူထုနှင့် တကွ ဒီမိုကရေစီ ကျင့်စဉ်ကို သရော်မော်ကား လုပ်ခြင်းဖြစ်သည်။

စင်စစ် ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီကျင့်စဉ်၏ အစိတ်အပိုင်း ဖြစ်ရုံမျှမက လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်လည်း ဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ အပိုဒ် (၂၁) တွင် ယခုကဲ့သို့ ဖော်ပြထားသည်။

(၁) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အစိုးရဆိုင်ရာလုပ်ငန်းများတွင် တိုက်ရိုက်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ထားသော ကိုယ်စားလှယ်များမှ တဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်အရေးရှိသည်။

(၂) လူတိုင်းသည် မိမိတို့နိုင်ငံ၏ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ညီမျှစွာ ရယူ ခံစားပိုင်ခွင့် ရှိစေရမည်။

(၃) ပြည်သူအများ၏ဆန္ဒသည် အစိုးရအာဏာပိုင်စိုးမှု၏ အခြေခံအုတ်မြစ် ဖြစ်စေရမည်။ ဤဆန္ဒများကို ပုံမှန်အချိန် အပိုင်း အခြားအလိုက် ကျင်းပသော၊ ‘စစ်မှန်သော ရွေးကောက်ပွဲများ’ ဖြင့် ဖော်ပြရမည်ဖြစ်ပြီး ဤ ရွေးကောက်ပွဲများတွင် လူတိုင်း မခွဲမခြား မဲပေးခွင့်ရှိ၍ လျှို့ဝှက် မဲပေးစနစ်ဖြင့်ဖြစ်စေ သို့မဟုတ် အလားတူ ညီမျှသော လွတ်လပ်သည့် မဲဆန္ဒပေးနိုင်သည့် လုပ်ငန်းစဉ်များဖြင့် ဖြစ်စေ ကျင်းပပေးရမည်။

‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ သည် လူ့အခွင့်အရေး ဆိုင်ရာ စံပြု သတ်မှတ်ထားသော အခြေခံ ကတိ က၀တ်များလည်း ဖြစ်သည်။ ထို့ပြင် “ကုလသမဂ္ဂ နိုင်ငံသား အခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများ ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်” (UN International Convenant on Civil and Political Rights - ICCPR) ၏ အပိုဒ် (၂၅) တွင်လည်း နိုင်ငံသားတိုင်းအား ခွဲခြားကန့်သတ်မှု မရှိစေရဘဲ၊ ‘မဲပေးခွင့် အခွင့်အရေးနှင့် အခွင့်အလမ်း’ ရှိစေရမည်ဖြစ်ပြီး ‘ရွေးချယ်ခံပိုင်ခွင့်’ လည်း ရှိစေရမည်ဟု ဖော်ပြထားသည်။

ဤနေရာ၌ ‘ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့’ (The Organization for Security and Co-operation in Europe – OSCE) ၏ သဘောတူညီချက် မှတ်တမ်းများအား ကိုးကားလျက် ရွေးကောက်ပွဲ ကျင့်ဝတ်များနှင့် စပ်လျဉ်း၍ နိုင်ငံအများ လိုက်နာရမည့် အချက်အလက် အနှစ်ချုပ်ကို ဖော်ပြလိုသည်။

● သင့်လျော်သော ကာလအပိုင်းအခြားတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရမည်။

● ဥပဒေပြုလွှတ်တော်တွင် ကိုယ်စားလှယ်နေရာအားလုံးကို လူထုအများစု၏ ဆန္ဒမဲဖြင့် ရွေးချယ် တင်မြှောက်ရမည်။

● လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံ ခံရခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိရန် အာမခံရမည်။

● ဆန္ဒမဲများကို လျှို့ဝှက်စနစ်ဖြင့် ပေးနိုင်အောင် စီမံ ဆောင်ရွက်ပေးရမည်။

● ရိုးသားဖြောင့်မတ်စွာ မဲရေတွက်၍ အစီရင်ခံတင်ပြရမည်။ ရလဒ်ကို အများပြည်သူသိရှိ နိုင်ရန်လည်း ကြေညာ ပေးရမည်။

● အစိုးရအာဏာပိုင်များ၊ တာဝန်ရှိသူများက နိုင်ငံသားများ၏ ရွေးချယ်ခံပိုင်ခွင့်ကို လေးစား အသိအမှတ် ပြုရမည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့် အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော် မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။

● သတင်းမီဒီယာကို အကန့်အသတ်မရှိ၊ ခွဲခြားမှုမရှိ၊ လွတ်လပ်စွာ တန်းတူ အသုံးပြုခွင့် ပေးရမည်။

● မဲအရေအတွက် ပြည့်မီသည့် အနိုင်ရ ကိုယ်စားလှယ်များအား သက်ဆိုင်သည့် အခွင့် အာဏာကို အပ်နှင်းရမည်။

● နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်စာတမ်းများတွင် တိုင်းရင်းသား လူနည်းစု အုပ်စုများကို ကာကွယ် စောင့်ရှောက်ရေးနှင့် ထိုအုပ်စုဝင် လူသားတိုင်းအား တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားပြီး ဖြစ်သည်။ ‘ကုလသမဂ္ဂ၏ လူမျိုးရေး ခွဲခြားဖိနှိပ်မှု ပုံသဏ္ဌာန်အားလုံး ဖျက်သိမ်း ဖယ်ရှားရေး နိုင်ငံတကာ သဘောတူညီချက်’ (UN Convention on the Elimination of All Forms of Racial Discrimination) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကို မှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တိုင်းရင်းသား လူနည်းစုများအား တန်းတူနိုင်ငံရေး ရပိုင်ခွင့်များ ပေးရန် ဖော်ပြထားကြောင်း တွေ့နိုင်သည်။ ဆိုလိုသည်မှာ ရွေးကောက်ပွဲသည် လူ့အခွင့်အရေး ဆိုင်ရာ ရပိုင်ခွင့်ဖြစ်သည့် အလျောက် တိုင်းရင်းသား လူနည်းစုများအားလည်း တန်းတူ နိုင်ငံရေး ရပိုင်ခွင့်များ ပေးရမည်။

● နောက်ထပ် အရေးကြီးသော ကိစ္စတရပ်မှာ အစိုးရနှင့် ပြည်သူ့ လုပ်ငန်းဆောင်တာ များတွင် ‘အမျိုးသမီးများ’ ပိုမိုတိုးတက် ပါဝင် ဆောင်ရွက်ခွင့် ရရှိရေးဖြစ်သည်။ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’ နှင့် အခြား နိုင်ငံတကာ စာချုပ် စာတမ်းများတွင် လူမျိုး၊ အသားအရောင်၊ ကိုးကွယ်မှု၊ လိင် အစရှိသော အကြောင်းပြချက်များဖြင့် ခွဲခြား ဆက်ဆံခံရံခြင်း မရှိစေဘဲ နိုင်ငံသားတိုင်း တန်းတူညီမျှ မဲပေးနိုင်ခွင့်နှင့် ရွေးချယ်ခံပိုင်ခွင့် အခွင့်အရေးများ ရရှိစေရမည်ဟု ဖော်ပြထားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ‘ကုလသမဂ္ဂ အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်’ (UN Convention for the Elimination of Discrimination Against Women – CEDAW) နှင့် (OSCE) ၏ ‘၁၉၉၁ ခုနှစ် ရှုထောင့်ဆိုင်ရာ မော်စကိုမှတ်တမ်းများ’ (1991 Moscow Document on the Human Dimension) တွင် တွေ့နိုင်သည်။

ဤသဘောတူညီချက် မှတ်တမ်းများအရ ‘ရွေးကောက်ပွဲ’ သည် ‘လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်’ တွင် အကျုံးဝင်သဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ အသီးသီးအနေဖြင့် ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ကို လိုက်နာရန် တာဝန်ရှိသည်။ ‘နိုင်ငံတကာ စံချိန်စံညွှန်းများ’ ၏ သဘောသည် ကျယ်ပြန့်၍ ယေဘုယျဆန်ကာ နိုင်ငံအများ လိုက်နာ အကောင်အထည် ဖော်နိုင်စေမည့် မူဘောင်များဟု ဆိုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပကြရာတွင် ထိုစံချိန် စံညွှန်းများကို လိုက်နာ ကျင့်ကြံရန် လိုအပ်ပေသည်။

နိုင်ငံများသည် ယင်းရွေးကောက်ပွဲ စံချိန်များကို မည်၍မည်မျှ လိုက်နာကြသနည်း ဆိုသည်ကို သိရှိနိုင်ရန် လေ့လာ စောင့်ကြည့် သူများ ထားရှိဖို့လည်း လိုအပ်ပြန်သည်။ ၁၉၉၀ ခုနှစ်က ‘ကိုပင်ဟေဂင်’ ၌ ကျင်းပသော (The Organization for Security and Co-operation in Europe) OSCE ညီလာခံတွင် ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ၏ အခန်းကဏ္ဍကို ထည့်သွင်း ဖေါ်ပြခဲ့သည်။ နိုင်ငံတကာ (သို့မဟုတ်) ပြည်တွင်းမှ ‘ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများ’ ရှိနေခြင်းအားဖြင့် ရွေးကောက်ပွဲ၏ လွတ်လပ်မှု၊ တရားမျှတမှု ဆိုင်ရာ ယုံကြည် ကိုးစားနိုင်မှု အခြေအနေ နှုန်းစံများကို ပိုမို မြင့်မားစေမည်ဖြစ်သည်။ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်မှု လုပ်ငန်းစဉ်သည် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်ခြင်းနှင့်လည်း တိုက်ရိုက် ဆက်စပ် နေသည်။

ပြည်တွင်း၌ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့များ ရှိခြင်းအားဖြင့် ဥပဒေ ချိုးဖောက်မှုများကို ထိန်းကျောင်း ပေးနိုင်၍ ရွေးကောက်ပွဲ ရလဒ်အပေါ် လူထု၏ ယုံကြည်အလေးထားမှုကို ရရှိစေသည်။ ရွေးကောက်ပွဲတွင် လူထု၏ ပူးပေါင်းပါဝင်မှုကိုလည်း ပိုမိုအားပေးရာ ရောက်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲတွင် ‘အစိုးရ မဟုတ်သော ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့’ မျိုးကို စောင့်ကြည့်ခွင့် မပြုခဲ့။ ထူးခြားချက်မှာ လူထုက စည်းလုံး ညီညွတ်စွာ ရွေးကောက်ပွဲ စောင့်ကြည့်တာဝန်ကို ယူခဲ့ကြခြင်းဖြစ်သည်။ အခြား အခြေအနေ တခုမှာ စစ်အာဏာရှင် တို့၏ ဥပဒေမဲ့ ဖိနှိပ်မှုများ အဆမတန် များခြင်းမှာလည်း လူထု၏ နိုင်ငံရေး အသိနှင့် ဆုံးဖြတ်ချက်တို့ကို ပိုမို ခိုင်မာပြတ်သား လာစေသည့် အကြောင်းဟု ဆိုနိုင်သည်။ ထိုအချက်ကြောင့်ပင် လူထုက ရွေးကောက်ပွဲ၌ မည်သူအား ဆန္ဒမဲ ပေးရမည် ဆိုခြင်းကို တွေဝေမှု မရှိဘဲ ဆုံးဖြတ်နိုင်ခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ပုံအော မဲထည့်ခဲ့ကြသည်။

အထူးအလေးအနက် ပြောစရာကိစ္စအချို့ ရှိသေးသည်။ နိုင်ငံတကာ သဘောတူ စာချုပ်များတွင် အောက်ပါ အချက်တို့ကို အထပ်ထပ် အဖန်ဖန် လိုက်နာရန် တိုက်တွန်း ထားသည်ကို တည်ဆဲ အစိုးရများအနေဖြင့် လေးစားလိုက်နာ စောင့်ထိန်းကြရမည့် ၀တ္တရားရှိသည်။

● နိုင်ငံရေးပါတီများတည်ထောင်ခွင့်ကို လေးစားအသိအမှတ်ပြု၍ ပါတီအားလုံးကို ဥပဒေရှေ့မှောက်၌ တန်းတူ အခွင့်အရေးများ ပေးကာ ယှဉ်ပြိုင်စေရမည်။ အာဏာပိုင်များက ပါတီအားလုံးကို မခွဲမခြား တန်းတူ ဆက်ဆံရမည်။

● ပါတီများအား လွတ်လပ်ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေးစည်းရုံးမှုများ ဆောင်ရွက်ခွင့် ပေးရမည်။ နိုင်ငံရေး ပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့ နေရသည့် အခြေအနေများ မရှိစေရ။

သို့သော် ယင်းကတိက၀တ်တို့ကို မြန်မာစစ်အစိုးရက မသိကျိုးကျွန်ပြုလျက် ရှိကြောင်း သက်သေ သာဓကများ တွေ့ခဲ့ရပြီး တွေ့နေရဆဲ ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်လျှင်လည်း စစ်အစိုးရက ကျောထောက် နောက်ခံ ပေးထားသော ‘တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည)’ က ငွေကြေး အင်အား တောင့်တင်းစွာဖြင့် မဲနိုင်ရေး အားထုတ်ခဲ့သည်။ တစညပါတီ၏ အဓိက အမှားမှာ မဆလ၏ ငွေကြေးနှင့် ပစ္စည်းပစ္စယ အမြောက်အမြားကို အမွေခံယူခဲ့ခြင်း ဖြစ်သည်။ ထိုအမွေများသည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာများဖြစ်သည်။ ယင်း ဘဏ္ဍာငွေကြေးတို့ကို အသုံးပြု၍ ပါတီအမာခံများ မွေးခြင်း၊ ကျွေးမွေး ဧည့်ခံပွဲများဖြင့် မဲဆွယ် ဟောပြောပွဲများ ပြုလုပ်ခြင်း၊ အတိုက်အခံ ပါတီခေါင်းဆောင်များအား အပုပ်ချသည့် စာရွက် စာတမ်းများ ဖြန့်ဝေခြင်း အစရှိသော မရိုးမဖြောင့်၊ ဥပဒေနှင့် မညီသည့် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း တွေ့ခဲ့ရသည်။ တစည၏ အဆိုးဆုံးအမှားမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရလဒ်မှာ လူထုက တစညပါတီကို ပိုမိုရွံရှာလာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ပိုမို ထောက်ခံလာခဲ့သည်။

ယခုလည်း နအဖစစ်အစိုးရသည် ထို ‘ကရွတ်ကင်းလျှောက် အမှားသံသရာ’ အတွင်း ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်သည်။ ဒီပဲယင်း နိုင်ငံရေး လုပ်ကြံမှုမှာ အလွန်ထင်ရှားသည်။ နိုင်ငံပိုင် သတင်းစာနှင့် မီဒီယာများကို တဖက်သတ် အလွဲသုံးစားပြုလျက် အန်အယ်လ်ဒီနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအပုပ်ချ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်မြဲ ပြုလုပ်နေသည်။ ထို့ပြင် နအဖသည် ‘ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို မထုတ်ပြန်သေးဘဲ လက်ဝေခံများ၊ ကြံ့ဖွံ့နှင့် တစည ကိုယ်စားပြုသူများကို မဲဆွယ်လှုပ်ရှားမှုများ လုပ်ခွင့် ပေးထားပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုမူ အမှုမရှိ အမှုရှာ ချုပ်နှောင် ထားဆဲရှိသည်။ ယင်းလုပ်ရပ်များသည် နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကတိက၀တ်များကို ဗြောင်ကျကျ ချိုးဖောက်ခြင်း ဖြစ်သည်။

ပြည်သူလူထု အထူးသတိပြု မှတ်သားသင့်သည့်အချက်မှာ န၀တ၏ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအမှတ် (၁၄/ ၈၉) ကို ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်း ခဲ့ခြင်းဖြစ်သည်။ ၁၉၉၀ မေ (၂၇) ရွေးကောက်ပွဲမတိုင်မီ (၁) နှစ်တိတိ ဖြစ်သည်။ ယင်းဥပမာအရ ဆိုလျှင် ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပရေး ကိစ္စကို ဆက်လက် ဆောင်ရွက်ခြင်း မပြုသင့်ချေ။ ‘ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ’ နှင့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ’ များကို ယခုထိ မထုတ်ပြန်သေးဘဲ ၂၀၁၀ တွင် ရွေးကောက်ပွဲ လုပ်မည်ဆိုပါက အတိုက်အခံပါတီများအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် မပေးလိုသော သဘောဖြစ်ပေမည်။ ထိုလုပ်ရပ်သည် အထက်တွင် ဆိုခဲ့သည့်အတိုင်း နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း ဖြစ်သည်။ လက်ငင်း မြန်မာ့ နိုင်ငံရေး ပြဿနာမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံမည့် ဖွဲ့စည်းပုံ ဖြစ်ပေါ်ရေးဖြစ်သည်။ သို့မှသာ လူထုဆန္ဒကို မှန်ကန်စွာ ကိုယ်စားပြုမည့် ပြည်သူ့ လွှတ်တော် တရပ်ကို ထူထောင်နိုင်မည် ဖြစ်သည်။

လက်ရှိနိုင်ငံရေးရာသီဥတုအခြေအနေမှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း’၊ ‘အပိုဒ်၂၁’ ကို ဖော်ဆောင်နိုင်မည့် အနေအထားမရှိ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အဆိုပါ လူ့အခွင့်အရေး ရပိုင်ခွင့်နှင့် ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်နေသည်။ ထို့ကြောင့် လူ့အခွင့်အရေး ကြေညာစာတမ်း ‘အပိုဒ်-၂၁’ နှင့် ဆီလျော်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ် ပြင်ဆင်ရမည်။ အတိုက်အခံ ပါတီများအပါအ၀င် နိုင်ငံရေး ပါတီ အသီးသီးအား လုံလောက်သည့် ပြင်ဆင် စည်းရုံးချိန် ပေးရမည်။ ပါတီများအား လွတ်လပ် ပွင့်လင်းသော ၀န်းကျင်တွင် နိုင်ငံရေး စည်းရုံးမှုများ ဆောင်ရွက်ခွင့်ပေးရမည်။ နိုင်ငံရေးပါတီများ အပေါ်၌ဖြစ်စေ၊ ကိုယ်စားလှယ်များ အပေါ်၌ဖြစ်စေ၊ မဲဆန္ဒရှင် ပြည်သူများ အပေါ်၌ဖြစ်စေ၊ အာဏာပိုင်များက မလျော်မကန်ပြုမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှု၊ လက်စားချေမှုများ ပြုလုပ်မည်ကို ကြောက်ရွံ့နေရသည့် အခြေအနေများ မရှိစေရ။ ယင်းသို့သော နိုင်ငံရေး ရေခံမြေခံမျိုး ဖန်တီးပြီးနောက်မှ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပေးရမည်။ ထို့နောက် အနည်းဆုံး တနှစ်အချိန်ပေးမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်စရာ ရှိသည်။ နိဂုံးချုပ်ရလျှင် ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရန်မသင့်။ လက်ရှိ အခြေအနေနှင့် အချိန်ကာလ အောက်တွင် လူ့အခွင့်အရေး အာမခံချက် မရှိသော ၂၀၁၀ ရွေးကောက်ပွဲကို တိုင်းရင်းသား ပြည်သူတရပ်လုံးက သွေးစည်း ညီညွတ်စွာ ၀ိုင်းဝန်း ဆန့်ကျင်ကြရန် တာဝန်ရှိပေသည်။

ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
(၃) ပြည်တွင်းရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရေးအတွက် လက်စွဲ။ OSCE ၏ ဒီမိုကရေစီ အဖွဲ့ အစည်းများနှင့် လူ့အခွင့်အရေး ဆိုင်ရာရုံး ODIHR မှ ထုတ်ဝေ ဖြန့်ချီသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့