Tuesday, January 12, 2010

အပြောင်းအလဲ တကယ်ဖြစ်ချင်တယ်ဆိုရင်

အောင်ဇံ
၁၁ ဇန်န၀ါရီ ၂၀၁၀

၂၀၀၉ ခု နှစ်ကုန်ဆုံးလို့ ၂၀၁၀ ဆိုတဲ့ သက္ကရာဇ်နှစ်တခုကို ပြောင်းခဲ့ပြန်ပါတယ်။ မြန်မာ နိုင်ငံမှာတော့ ထူးခြား သိသာတဲ့ အပြောင်းအလဲရယ်လို့ မရှိ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ် အတည်းတွေက အပြောင်းအလဲ ဖြစ်ဖို့ လိုအပ် နေပါတယ်။ ပြည်သူတွေ ကလည်း ခါးသီးတဲ့ ဘ၀ အတွေ့အကြုံတွေ အရ အပြောင်းအလဲကို မျှော်လင့် နေကြပါတယ်။ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ နှစ်တွေ၊ တိုက်ပွဲတွေ မနည်းသလို ပေးဆပ်ခဲ့ရတဲ့ ဘ၀တွေ၊ အသက်တွေကလည်း မနည်း မနောပါပဲ။ ၁၉၆၂ ခုနှစ်ရဲ့ ဒီဘက် ခေတ်ဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ဖို့ တိုက်ပွဲ ၀င်ခဲ့ကြတဲ့ ခေတ် ဖြစ်ပါတယ်။ နည်းအမျိုးမျိုးနဲ့ တိုက်ပွဲဝင် ကြိုးပမ်း ခဲ့ကြပါတယ်။

အထူးသဖြင့် ၁၉၈၈ ခု အရေးတော်ပုံကြီးဟာ ရက်ရက်စက်စက် ဖြိုခွဲ ခံမှုကြောင့် အောင်ပွဲ မရမီ ပြိုကွဲ ပြီးဆုံး ခဲ့ရပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတဲ့ တပ်ဦးပါတီ တရပ်ကိုတော့ မွေးဖွား ပေးခဲ့နိုင်ပါတယ်။ ပြည်သူတွေကလည်း တခဲနက် ထောက်ခံကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ ဆန္ဒမဲနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာဟာ မပြီးဆုံးသေးတဲ့ တိုက်ပွဲကို ဆက်လက် ဦးဆောင် တိုက်ပွဲဝင်ဖို့ ပြည်သူတွေက တာဝန် ပေးအပ်ခြင်းလည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ပြည်သူ့ လွှတ်တော် ပေါ်ပေါက်ရေး၊ ၉၀ ရလဒ် အကောင်အထည် ဖော်ရေးအတွက် အမျိုးမျိုး ကြိုးစားခဲ့သလို နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ အတွက်လည်း နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း အားထုတ်ခဲ့ပါတယ်။ သို့ပေမယ့် ကြိုးပမ်း အားထုတ်မှု မှန်သမျှဟာ န၀တ၊ နအဖ အာဏာပိုင်များရဲ့ ဟန့်တားနှောင့်ယှက်မှု ပိတ်ဆို့ အရေးယူမှုများနဲ့သာ ကြုံတွေ့ခဲ့ရပြီး အဖွဲ့ဝင်များကိုလည်း ဖမ်းဆီးထောင်ချ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများနဲ့သာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနှစ်နှစ်ဆယ်ကျော် ကြိုးပမ်း အားထုတ်မှုဟာ အရာမထင် ခရီးမရောက် ဖြစ်ခဲ့ရပါတယ်။ အခုအချိန်မှာဆိုရင် အဖွဲ့ချုပ်ရုံး တခုသာ ဖွင့်ခွင့်ရပြီး စည်းရုံး လှုပ်ရှားနိုင်မှု လုံးဝ မရှိတဲ့ အခြေအနေမှာ ရှိနေသလို အဖွဲ့ချုပ်ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့လည်း ထောင်ဒဏ် ချမှတ်ခြင်း ခံထားရပါတယ်။

ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုဖြစ်တဲ့ ဆုံးဖြတ်ချက်တွေ၊ တိုက်တွန်းချက် တွေဟာလည်း ထိရောက်မှု မရှိဘဲ ကျွဲပါးစောင်းတီး ဖြစ်ခဲ့ရသလို ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များ ဖြစ်ကြတဲ့ ဒီဆိုးတိုး၊ ရာဇာလီ အစ္စမေးလ်၊ ဂမ်ဘာရီ အစရှိတဲ့ ပုဂ္ဂိုလ်များရဲ့ မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါ လာရောက် ကြိုးပမ်းခဲ့မှုများ ဟာလည်း အရေးမပါ အရာ မရောက်တဲ့ အခြေအနေများသာ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာ့နိုင်ငံရေး အခြေအနေ အပြောင်းအလဲဖြစ်ဖို့ ကြိုးပမ်း အားထုတ်မှု များဟာလည်း အလားတူ အောင်မြင်မှု မရဘဲ ရှိနေပါတယ်။ အမေရိကန် အစိုးရဟာ မူလက အရေးယူ ပိတ်ဆို့မှုနဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေနဲ့ အပြောင်းအလဲဖြစ်ဖို့ တွန်းအား ပေးခဲ့ပါတယ်။ အိုဘားမား အစိုးရ တက်လာတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ အပေါ်မှာ ထားရှိတဲ့ မူဝါဒကို အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လက်ထားပြီးတော့ တဖက်မှာလည်း အပြုသဘော ဆက်ဆံရေးတွေနဲ့ အပြောင်းအလဲ ဖြစ်ဖို့ ချဉ်းကပ်မှု မူဝါဒကို ချမှတ်ခဲ့ပါတယ်။

ဒီမူဝါဒကို အကောင်အထည်ဖော်တဲ့ အနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကတ်ကမ်းဘဲလ် ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး အချက်အလက်ရှာဖွေတဲ့ လုပ်ငန်းစဉ်ဖြင့် စတင်ကြိုးပမ်းခဲ့ပါတယ်။ ဒီကြိုးပမ်းမှုဟာလည်း ခရီးရောက် အရာထင်မယ့်ပုံမပေါ်သလို ကတ်ကမ်းဘဲလ်အနေနဲ့ သူ့ရဲ့ခရီးစဉ် မအောင်မြင်ဘူးဆိုတဲ့ ပြောဆိုသံတွေကိုလည်း ကြားလာရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့တဲ့ စာနှစ်စောင် ပေါ်ထွက်လာပါတယ်။ ပထမစာမှာ စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားနိုင်ဖို့ သက်ဆိုင်ရာနိုင်ငံများရဲ့ သံတမန်များနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုတဲ့ စာဖြစ်ပြီး ဒုတိယစာမှာတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို နအဖခေါင်းဆောင်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ …

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးအခြေအနေမကောင်းတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် အစရှိတဲ့ ပုဂ္ဂိုလ်များကို တွေ့ဆုံဂါဝရပြုခွင့်ပေးဖို့၊

၂။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့၊

၃။ တိုင်းပြည်အတွက် အကျိုးရှိမယ့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ပြုဖို့ တောင်းဆိုတဲ့စာ ဖြစ်ပါတယ်။

ဒီစာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်၊ ဥရောပသံတမန်အချို့နဲ့ တွေ့ဆုံခွင့်ပေးခဲ့သလို ကျန်းမာရေးအခြေအနေမကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် (၃) ဦးကိုလည်း တွေ့ဆုံဂါရ၀ပြုခွင့် ပေးခဲ့ပါတယ်။ ဒီလိုလိုက်လျောမှုတွေကတဆင့် နအဖ အာဏာပိုင်များနဲ့ တွေ့ဆုံဆွေးနွေးခွင့်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရပြီး အပြန်အလှန် ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာမယ်ဆိုပါက တိုင်းပြည်အတွက် ပြည်သူတွေအတွက် အလွန်အကျိုးများမယ့် တိုးတက်မှု၊ ပြောင်းလဲမှုဖြစ်မှာ အမှန်ပါပဲ။

ဒါပေမယ့် ဒီလိုဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာကို အမှန်အတိုင်း သုံးသပ်ရှုမြင်ဖို့ လိုပါတယ်။ ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ဒီလိုဖြစ်နိုင်မယ့် အခြေအနေ၊ ဖြစ်နိုင်မယ့် အလားအလာမရှိဘူးလို့ဘဲ မြင်ပါတယ်။ ဒီလိုဆို ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကရော မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲအတွက် မျှော်လင့်ချက်တစုံတရာထားလို့ ရနိုင်မလားဆိုတာ မေးစရာရှိတယ်။ ကျနော့်အမြင်ပြောရရင် နအဖဘက်က တဖက်သတ် ရှေ့နေလိုက်ပေးနေကြတဲ့ ပုဂ္ဂိုလ်များပြောသလို အပြောင်းအလဲဖြစ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကလွဲလို့ အခြားနည်းလမ်းမရှိ ဆိုတာတို့၊ ၂၀၁၀ ရွေးကောက်ပွဲသည်သာ တခုတည်းသော ထွက်ပေါက်ဆိုတာတို့ဟာ လက်တွေ့မှာ လုံးဝဖြစ်နိုင်ခြေမရှိပါဘူး။

တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ ခု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတဲ့ ကြိုးများနဲ့ အထပ်ထပ် ချည်နှောင် တုပ်နှောင်ထားပြီး ကျင်းပမှာဖြစ်တဲ့အတွက် ပြည်သူတွေမျှော်မှန်းတဲ့ အပြောင်းအလဲဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒီလိုပြောရတာဟာ အဆိုးမြင်ဘက်ကကြည့်ပြီး ပြောခြင်းမဟုတ်ပါဘူး။ အနှစ် (၂၀) ကျော် နိုင်ငံရေးအတွေ့အကြုံများ၊ ပြီးတော့ န၀တ၊ နအဖရဲ့ ပြောဆိုချက်၊ ထုတ်ပြန်ကြေညာချက်၊ ပြဋ္ဌာန်းချက်များနဲ့တကွ အနှစ် (၂၀) ကျော်လုပ်ရပ်များကို ပကတိ အခြေအနေအတိုင်း သုံးသပ်ခြင်းဖြင့် ရရှိလာတဲ့ အမြင်သာဖြစ်ပါတယ်။

နအဖရဲ့လုပ်ရပ်တွေကို သုံးသပ်မယ်ဆိုရင် နအဖခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒ Political Will ကို ကွင်းကွင်းကွက်ကွက် မြင်ရမှာဖြစ်ပါတယ်။ နအဖ စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကတော့ စစ်တပ်ကသာ မအုပ်ချုပ်ခဲ့ရင် တိုင်းပြည်ပြိုကွဲ သွားမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နအဖ စစ်ခေါင်းဆောင်များအနေနဲ့ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် စိုးမိုးခြယ်လှယ် အုပ်ချုပ်သွားရေးဖြစ်ပါတယ်။ ဒါဟာ တချိန်က ဗိုလ်နေ၀င်း တိုင်းပြည်အာဏာသိမ်းစဉ်က တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံး အလိုမှာ ကယ်တင်ခဲ့ရပါတယ်ဆိုတဲ့ ဆင်ခြေဆင်လက်မျိုးပါပဲ။

ဒီလိုစစ်တပ်က ရာသက်ပန်အုပ်ချုပ်နိုင်ဖို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံမူ (၆) ချက်အနက် အဓိကအခြေခံ မူတရပ်အဖြစ် အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်ရေးဆိုတဲ့ အခြေခံမူကို ချမှတ်ပြဋ္ဌာန်း ခဲ့ပါတယ်။ ဒီအခြေခံမူပေါ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုလည်း တပ်မတော်မှ စိုးမိုးခြယ်လှယ်အုပ်ချုပ်နိုင်ရေး ရာသက်ပန် အုပ်ချုပ်နိုင်ရေးအတွက် ဖွဲ့စည်းပုံကို ပုံစံချ ရေးဆွဲထားတာဖြစ်ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်၍မရအောင်လည်း ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတခုဖြစ်ဖို့ဆိုရင် စစ်ခေါင်းဆောင်များရဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲအောင် မလုပ်နိုင်ဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်များက မည်သို့ပင် အလျှော့ပေး ဆွေးနွေးဖို့ တောင်းဆိုစေကာမူ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မယ့် အလားအလာ မရှိဘူးလို့ဘဲ သုံးသပ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကအပြောင်းအလဲဖြစ်ဖို့ဆိုရင်၊ စစ်ခေါင်းဆောင်များရဲ့ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ နိုင်ငံရေးဆန္ဒကို ပြောင်းလဲနိုင်ဖို့အတွက်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ်နဲ့ ဘက်ပေါင်းစုံကနေ နည်းလမ်းပေါင်းစုံကို အသုံးပြုပြီး တိုက်ပွဲဝင်ကြိုးပမ်းမှသာ စစ်မှန်တဲ့ အပြောင်းအလဲကို ရရှိနိုင်မှာဖြစ်တဲ့အကြောင်း တိုက်တွန်းရေးသားတင်ပြအပ်ပါတယ်။ ။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့