Tuesday, May 4, 2010

နာဂစ်ဒေသ (၂) နှစ်ပြည့်သော်လည်း နာလန်ထူနိုင်ခြင်း မရှိသေး

မျိုးချစ်သူ/ ၄ မေ ၂ဝ၁ဝ

၂၀၀၈ ခုနှစ် မေလ (၂) ရက်နှင့် (၃) ရက်တို့တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၂၀၁၀ ပြည့်နှစ် မေ (၂) ရက်နှင့် (၃) ရက်တွင် (၂) နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သော်လည်း နာဂစ်သင့်ဒေသတွင် နာလန်ထူနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။

၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် အထိအနာဆုံးဒေသမှာ ဧရာဝတီတိုင်း ဖြစ်ပြီး ဒုတိယ အထိအနာဆုံးဒေသမှာ ရန်ကုန်တိုင်းဖြစ်သည်။

လူပေါင်း (၁) သိန်းခွဲနီးပါး သေဆုံးခဲ့ကြရကာ လူဦးရေ (၂) သန်းကျော် အိုးအိမ် မဲ့ခဲ့ကြရသည့်အတွက် ယနေ့တိုင် အဆိုပါ ဖြစ်ရပ်ဆိုးကို မည်သူမျှ မမေ့နိုင်ဘဲ ရှိနေကြခြင်းဖြစ်သည်။

“ဘယ်သူမှ မမေ့ပေမယ့် အစိုးရကတော့ အားလုံးကို မေ့ထားနေပါတယ်။ အခုဆိုရင် ရပ်ရွာတွေမှာ ရေတွေခန်းပြီး ရေ အခက်အခဲကိုလည်း ကြုံနေရပြီလေ။ မိုးမြန်မြန် ရွာစေချင်တယ်၊ ကန်တွေရေခန်းကုန်ပြီ” ဟု ဘိုကလေးမြို့နယ် ရေနက်ချောင်း ရွာသားတဦးက ပြောသည်။

နာဂစ်သင့်ဒေသတွင် ရေအခက်အခဲသာမက စားဝတ်နေရေးပြဿနာများလည်း ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။

“ဒီမှာက အဓိက ပြဿနာတွေထဲမှာ စပါးစိုက်မျိုးမှု ပြဿနာ ရှိနေပါတယ်။ မနှစ်က ဖြုတ်တွေကျလို့ စပါးထွက်တဲ့ အရေအတွက် နည်းသွားတဲ့ အတွက် လယ်သမားတွေ အရှုံးပေါ်တယ်။ လယ်စိုက်ဖို့ အတိုးနဲ့ ငွေချေးရတယ်။ ငွေကို စပါးပေါ်ချိန်မှာ ဆပ်ရမှာ ဖြစ်ပေမယ့် တချို့က ပြန်မဆပ်နိုင် ဖြစ်ကြတယ်” ဟု ဘိုကလေးမြို့နယ် ကျောင်းစုရွာမှ လယ်ပိုင်ရှင်တဦးက ပြောသည်။

စပါးစိုက်တောင်သူတို့သည် တဧက စပါးစိုက်စရိတ် ကုန်ကျငွေ (၂) သိန်းခွဲခန့်ရှိပြီး ယင်းဒေသတွင် အချွန်ခေါ် စပါးအမျိုးအစားကို စိုက်ရသောကြောင့် စပါးဈေးမရဟု ၎င်းက ရှင်းပြသည်။

နာဂစ်ဒေသတွင် ဒေသခံများ၏ လယ်ယာလုပ်ငန်းအတွက် တွဲဖက် ရုန်းကန်ခဲ့ကြရသည့် ကျွဲနွား တိရစ္ဆာန်များသည်လည်း သိန်းနှင့်ချီ သေဆုံးခဲ့ကြပြီး လယ်ယာမြေဧကများစွာမှာလည်း ဆားငန်ရေ ၀င်ရောက်ခြင်းကြောင့် ပျက်စီးခဲ့ရသည်။

ထိုအခြေအနေများကို ကျော်လွန်စေရန် ပြန်လည်ထူထောင်ရေးကာလကို (၃) နှစ်အထိ လုပ်ဆောင်ရမည် ဖြစ်သော်လည်း နအဖ စစ်အစိုးရက နာဂစ်သင့် ဒေသများတွင် လွန်စွာ ဖွံ့ဖြိုးနေပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တဆင့် ရေးသားဖော်ပြခဲ့သည်။

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာသန်း (၇၀၀) နီးပါး အကူအညီ လိုအပ်နေကြောင်း ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ (၉) ရက် ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) က တရားဝင် ပြောကြားခဲ့သည်။

ဘိုကလေးမြို့နယ် ဦးမှုန်စုရွာသူတဦးက “အရင်ကတော့ အလှူပေးတဲ့သူတွေ လာတယ်၊ အခု မလာတာ ကြာပြီ။ ဒီလိုပဲ ရုန်းရ ကန်ရတာပေါ့လေ။ မိုးရာသီဆိုရင် သူများဆီမှာ ကောက်စိုက်၊ နွေဆိုရင် ပိုက်တဲတွေဆီမှာ ငါးရွေးပေါ့” ဟု ပြောသည်။

ဧရာဝတီတိုင်းတွင် ၀မ်းရောဂါ ဖြစ်ပွားမှုကြောင့် ဆေးကုသမှုခံယူကြရကာ သေသူများလည်း ရှိနေကြောင်း သိရသည်။

ဘိုကလေးမြို့နယ် ဘုရားချောင်းရွာသည် တံငါလုပ်ငန်းဖြင့် အသက်မွေးရသူများ၊ လက်လုပ်လက်စားများ ပေါကာ သောက်သုံးရေကို ကန်မှ သောက်ရသောကြောင့် ရေမသန့်သည့်အတွက် ၀မ်းကိုက်ရောဂါ ဖြစ်ပွားကြကြောင်း ဒေသကျန်းမာရေး ဆရာမတဦးက ပြောသည်။

“အမှန်တော့ ဒီဒေသတွေမှာ ရေက ပြဿနာရှိပါတယ်။ ဒေသ အာဏာပိုင်တွေအနေနဲ့ကလည်း ဒီအချိန်မှာ ဒီရေပြဿနာ ရှိတယ် ဆိုတာကို ခေါင်းထဲမှာ ထည့်ထားဖို့ လိုပါတယ်။ အခုက ဘာသိဘာသာ နေကြတာ တွေ့ရတယ်” ဟု ယင်းဆရာမက ပြောသည်။

ဧရာဝတီတိုင်းအတွင်းတွင် နာဂစ်မုန်တိုင်းကြောင့် ရေကန်များကို ဆားငန်ရေများ လွှမ်းခဲ့သည့်နောက်ပိုင်း မိုးရာသီတကြိမ် ကြုံပြီးဖြစ်သည့်တိုင် အချို့ရေကန်များမှာ သုံးမရဘဲ ရှိနေဆဲဖြစ်သည်။

သုံးပွင့်ဆိုင်အဖွဲ့သည် လာမည့်ဇူလိုင်လတွင် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ရပ်နားတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဖြစ်သည့် အိမ်ရာနှင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်း ကဏ္ဍများတွင် ရန်ပုံငွေလိုအပ်ချက် မြင့်မားဆဲဖြစ်ကြောင်း သုံးပွင့်ဆိုင်အဖွဲ့က ပြီးခဲ့သည့် ဧပြီ (၂၀) ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့