Friday, May 7, 2010

ကြံ့ဖွံ့ပါတီကြီးလာချေပြီ

ရဲဘော်ဖိုးသံချောင်း
၆/ မေ ၂၀၁၀

ငယ်ငယ်တုန်းကကြည့်ခဲ့ကြတဲ့ ကောင်းဘွိုင် ရုပ်ရှင်ကားများထဲမှာ ညနေစောင်းလို့ နွားရိုင်းသွင်းချိန် ရောက်တယ် ဆိုတာနဲ့ လူဆိုး အုပ်ကြီးဟာ မြင်းတွေစီးပြီး ဖုန်တထောင်းထောင်းနဲ့ မြို့ထဲကို ၀င်လာကြတာကို မှတ်မိကြပါလိမ့်မယ်။ အခုလည်း မြန်မာပြည် နိုင်ငံရေးရဲ့နေညိုချိန်မှာ ဗိုလ်သိန်းစိန်၊ ဗိုလ်အောင်သောင်းတို့နဲ့ ကြံ့ဖွံ့ပါတီ ဆိုတာကြီး ရွေးကောက်ပွဲ ခတ်ကွင်းထဲကို ဒုန်းစိုင်း ၀င်လာတာ တွေ့ရပါတယ်။ “မဆိုင်သူမကပ်နဲ့၊ အိမ်ကမိန်းမ မုဆိုးမဖြစ်သွားမယ်” ဆိုတဲ့ အော်ဟစ် ကြုံးဝါးသံတွေလည်း ကြားနေရ သလိုလိုပါပဲ။

အခုတော့ လူအရေခြုံ နအဖဗိုလ်ချုပ်တွေက စည်းကမ်းရှိတဲ့ ဒီမိုကရေစီနဲ့ နိုင်ငံရေး လှုပ်ရှားစရာ စပေ့စ်တွေ သယ်လာပါပြီ။ အာဏာရှင် စနစ်ကနေ နောက်တလှမ်း ဆုတ်နေတယ် ဆိုတဲ့ နအဖ စစ်အုပ်စုထဲက ဗိုလ်သိန်းစိန်နဲ့ ဘယ်သူများ ယှဉ်ပြိုင် အရွေးခံရဲသလဲ။ ရွေးကောက်ပွဲဝင်ခ ငါးသိန်းနဲ့ သိန်းရာချီတဲ့ မဲဆွယ် စည်းရုံး စရိတ်တွေ အဆုံးခံနိုင်သူများ အမြန် စာရင်း ပေးကြစမ်းပါဗျာရို့။ ယှဉ်မယ့်လူ မရှိရင် ဒင်းတို့ အလိုအလျောက် အရွေးခံရပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် တခုတော့ သတိပေးပါရစေ။ ဒီခေတ် ကြံ့ဖွံ့တွေရဲ့ လက်စောင်းဟာ ငါးဇွန်မှာ ခြောက်လောင်းပြိုင် သတ်ခဲ့တဲ့ ပြူစောထီးတွေထက် မညံ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့။

တချို့လူတွေအဖို့တော့ ဗိုလ်သိန်းစိန်တို့နဲ့ ကြံ့ဖွံ့ ထွက်လာတာကြည့်ပြီး ရွေးကောက်ပွဲ ၀င်ဖို့ ပြင်ထားတာလေးတွေကို ပြန်ရုပ်ကောင်း ရုပ်သိမ်းနိုင်ပေမယ့် ပြောထားတဲ့ စကားတွေကတော့ ပြန်ရုပ်လို့ မရတော့ပါဘူး။ သမိုင်း ဖြစ်သွားပါပြီ။

လက်တွေ့အခြေအနေက ပြနေတာကတော့ နအဖစစ်ဗိုလ်တွေ အပြတ် လုပ်တော့မယ် ဆိုတာပါပဲ။ တလျှောက်လုံး ဥပဒေ အထက်မှာ နေခဲ့တဲ့ ဗိုလ်ချုပ်တွေဟာ အခုကိုပဲ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကို ခြေနဲ့ ပြန်ဖျက်တာ၊ နိုင်ငံတော်ပိုင်ငွေတွေ၊ အဓမ္မ ကောက်ခံထားတဲ့ အလှူငွေတွေနဲ့ သူတို့ရဲ့ ပါတီကိုပံ့ပိုးတာ၊ ဟိုးအရင် အစောကြီးကတည်းက ၀န်ထမ်းတွေ၊ ကျောင်းသားတွေကို ကြံ့ဖွံ့ထဲ အတင်းအကျပ် ၀င်ခိုင်းထားတာ၊ နယ်ဆင်း မဲဆွယ်နေကြတာ စတဲ့ မသမာမှု မျိုးစုံကိုလည်း တွေ့ခဲ့ကြရပါပြီ။ ဒီတကွေ့မှာ နအဖ စစ်ဗိုလ်ချုပ်တွေဟာ အရှက်အကြောက် မှန်သမျှကို စွန့်လွှတ် လိုက်ပြီဆိုတာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။ ဒီပုဆိုးဝတ်ရင် ဒီချေးပဲပါတယ် ဆိုတာလို စစ်အာဏာရှင်တွေဟာ အာဏာကို တာရှည် ဆုပ်ကိုင်ထားချင်တော့ ဗိုလ်နေ၀င်း လုပ်ဟန်အတိုင်း ဗိုလ်ကနေ ဦး ပြောင်းတာကို လုပ်ရတာပဲ မဟုတ်ပါလား။ ဒီလိမ်ဆင်ကို လူထုက နောကျေနေမှန်း သိလျက်နဲ့ လုပ်လာတာတွေဟာ နအဖ ဗိုလ်ချုပ်တွေ ဘယ့်ကလောက် မျက်နှာပြောင်တယ် ဆိုတာအပြင် ဘယ့်ကလောက် မိုက်ရမ်းတော့မယ် ဆိုတာကိုလည်း ပြနေတာ ဖြစ်ပါတယ်။

တကယ်ကျတော့ ရွေးကောက်ပွဲဆိုတာမှာ မဲဆန္ဒပေးသူတွေဟာ ဆန္ဒခံယူပွဲလို အဖြူအမည်းဆိုတဲ့ ရွေးချယ်စရာ နှစ်ခုအထဲက တခုကို ရွေးချယ် မဲထည့်ကြတာ မဟုတ်ပါဘူး။ ၀င်ယှဉ်ပြိုင်တဲ့ ပါတီ အဖွဲ့အစည်းစုံ၊ လူစုံထဲက ရွေးချယ် ကြရတာဖြစ်ပါတယ်။ နောက်ပြီး ၀င်ပြိုင် သူတွေဟာလည်း ကိုယ့်ဂုဏ်သိက္ခာ၊ ဓနငွေကြေး၊ လူအင်အား၊ စိတ်အင်အား စတာတွေ အမြောက်အမြားကို ပုံအောရင်းနှီးပြီး ၀င်ပြိုင်ကြတာ ဖြစ်ပါတယ်။ ဒီတော့ ၀င်ပြိုင်သူတွေဟာ မတရား အညစ်ခံရလို့ ကြုံတွေ့ရတဲ့ အရှုံးကို အလွယ်နဲ့ လက်ခံမှာ မဟုတ်ပါဘူး။ ဒီလို ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်အားကိုးနဲ့ လုပ်ချင်တိုင်းလုပ်ဖို့၊ ညစ်ဖို့ပြင်ထားတဲ့ နအဖရဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲက တဆင့် စပေ့စ်ရှာသူတွေ ဘယ်လို ဖြစ်ကြမယ် ဆိုတာကတော့ ငွေရောင် ပိတ်ကားကြီးပေါ်မှာ စောင့်ကြည့်ရမယ့် တကယ့် ပွဲကြီးပွဲကောင်း ဖြစ်မှာ မုချပါပဲ။

ဒီတခါရွေးကောက်ပွဲ ၀င်ပြိုင်ကြသူတွေထဲမှာ အက်စ်ဘီဆီက လက်ကိုင်ဖုန်း ရထားဖူးသူတွေ ပါသလို နအဖရဲ့ အရင်မျိုးဆက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ တစညလို စစ်အရာရှိ ဟောင်းတွေလည်း ပါပါတယ်။ အဲဒီတော့ ကြံ့ဖွံ့က ညစ်တယ်ဆိုရင် ပထမ အမျိုးအစားဟာ ဘာမှ ပြောဝံ့မှာ မဟုတ်ပေမယ့် ဒုတိယ အမျိုးအစားကတော့ ငြိမ်ခံကောင်းမှ ငြိမ်ခံနေပါလိမ့်မယ်။ ခက်တာက နအဖဘက်က ကြည့်ရင်လည်း လွှတ်တော်ထဲမှာ သူတို့ လုပ်သမျှကို မြွေမြွေချင်း ခြေမြင်သလို မြင်နေမယ့် တစည ကိုယ်စားလှယ် တွေထက် စိတ်တော်သိ ဘောင်းတော်ငြိမ့် ပထမ အမျိုးအစားတွေကို ပိုတွေ့ချင်မှာ သေချာပါတယ်။ နို့ပေမယ့် နအဖက ခွင်လုံးကျွတ် အနိုင်စာရင်းပြဖို့ ဆုံးဖြတ်ထားရင်တော့ ဆန္ဒ ခံယူပွဲနည်း လုပ်ချလိုက်မှာ သံသယဖြစ်စရာ မလိုပါဘူး။ ကြံ့ဖွံ့ကလွဲရင် အားလုံး ကန်တော့ဆွမ်းပဲ ဖြစ်တော့မှာပါ။ အဲ၊ ကံချော်မှားလို့ အနိုင်ရမိရင် ဗိုလ်သိန်းစိုး ကော်မရှင်ရဲ့ တင်းပုတ်နဲ့ လွတ်အောင် ကြည့်သာ ရှောင်ပေတော့လို့လည်း သတိပေးလိုပါတယ်။

ဒီလိုအခါမှာ ပြည်တွင်းပြည်ပက မြန်မာပြည်အရေးစိတ်ဝင်စားသူတွေဟာ ဒီရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်စောင့်ကြည့်နေကြမယ်ဆိုတာလည်း အထူးပြောစရာမလိုပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအနေနဲ့ အစကတည်းက ငါတို့မပြောလားလို့ ပြောနိုင်ကြတော့မှာပါ။ တကယ်ကျတော့ ဒီနအဖ ဒါရိုက်တာလုပ်၊ မင်းသားလုပ်၊ လူကြမ်းလုပ်တဲ့ စည်းကမ်းရှိ ဒီမိုကရေစီလွှတ်တော်ဇာတ်ကားဟာ ဒီရွေးကောက်ပွဲအဆင့်မှာပဲ ကြည့်ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာတော့ မဆလတပါတီလွှတ်တော်လိုပဲ ဘယ်သူကမှ စိတ်မ၀င်စားတဲ့ လက်မှတ်ထိုး-တံဆိပ်တုံးထုတဲ့ ရုံးတမျိုးသာဖြစ်သွားတော့မှာပါ။ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကပေးတဲ့ စပေ့စ်ဟာ လွှတ်တော်ထဲမှာ ချောင်းကျယ်ကျယ်ဆိုးခွင့်ပြုရင်ပဲ မဆိုးတော့ဘူးလို့ပြောရတဲ့ ဘ၀ရောက်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ရေရှည်သဘောအရပြောရရင်တော့ ဒီရွေးကောက်ပွဲတွေရဲ့နောက်ပိုင်းမှာ နအဖအတွင်း သွေးစည်း ညီညွတ်ရေးဟာ ပိုကောင်း လာစရာမရှိပါဘူး။ တပ်တွင်းက အထက်ပိုင်းလူနဲ့ တပ်ပြင် (အရပ်သား) အစိုးရ ထိပ်ပိုင်းက လူတွေအကြား ပခုံးချင်းယှဉ်တာ၊ အာဏာ ပြိုင်တာတွေ မုချဖြစ်လာမှာပါ။ ကြပ်ပြေး နေပြည်တော်ကို စစ်တိုင်းမှူးတွေ လာချင်ရင် အရင် ခွင့်ခံရတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပိုများလာမှာ သေချာပါတယ်။

တဖက်ကပြောရင်တော့ ကြံ့ဖွံ့ပါတီပေါ်လာတာဟာ နအဖ ဗိုလ်ချုပ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် တမတ်သားနဲ့ အားရမှာ မဟုတ်ဘူးလို့ သတိပေးတာကို လက်မခံဘဲ ဘိန်းပြောင်းအိပ်မက် မက်နေသူတွေရဲ့ကျောကို ဗိုလ်ချုပ်တွေက ဖြန်းခနဲ ချလိုက်တာဖြစ်ပါတယ်။ အာဏာရှင် စစ်ဗိုလ်ချုပ်တွေဟာ လွှတ်တော်ထဲမှာ အချေအတင် စကား ပြောနေတာမျိုးကို လုံးဝ မလိုလားပါဘူး။ မဆလခေတ် လွှတ်တော်နဲ့ ညောင်နှစ်ပင် ညီလာခံမှာလို “ဟုတ်ကဲ့” မှတပါး အခြား မကြားရပါဆိုတဲ့ အနေအထားမျိုးပဲ လိုချင်တာပါ။ အဲဒီအနေအထား မရောက် ရောက်အောင်လည်း သူတို့စိတ်ကြိုက် ကော်မရှင်နဲ့၊ သူတို့ထင်တိုင်း လုပ်နိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားပါပြီ။

နိုင်ငံရေးအာဏာဆိုတာဟာ မဲပုံးထဲကထွက်တာလား၊ သေနတ်ပြောင်းထဲက ထွက်တာလားဆိုတာ မကြာမီမှာ မြင်ကြရ ပါတော့မယ်။ ၁၉၅၀ စုနှစ်များတုန်းက တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ကပြခဲ့တဲ့ “အမတ်ရူးယိမ်း” ရဲ့ နောက်ခံ သီချင်းထဲက စာသား တကြောင်းလိုပဲ “အဝေးပြေးကြမည်၊ အမတ်ရူးကြီးများလာပြီ” လို့သာ အော်ဆို လိုက်ကြပါစို့လား။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့