Wednesday, May 5, 2010

ချိနဲ့နေဆဲ မြစ်ဝကျွန်းပေါ်

ဟိန်းဇော်
Tuesday, May 04, 2010

“တနေ့လုံး ဘာမှမစားရ သေးတော့ ဒီညနေ ပိုက်ဆံရမှ ထမင်းအမြန် ချက်စားနေရတာ”ဟု လပွတ္တာခရိုင် ဘီတွတ်ကျေးရွာ ရွာမ ကွက်သစ် (၂) တွင် နေထိုင်သော အသက် ၆၈ နှစ် အရွယ် ဒေါ်သောင်းစိန်က ဆန်လေးလုံးဝင် ဒန်အိုးတလုံးထဲသို့ ၀ါညစ်နေသော ဆန်များကို သွန်ထည့်ရင်း ဆိုသည်။

နေ့လယ် ၁၂ နာရီခန့်က စတင် ဆောက်လုပ်ကာ ပြီးစီးလုရှိနေသော ၁၄ ပေ ပတ်လည်ရှိ ဓနိမိုး ဓနိကာ အိမ်ကလး တလုံးထဲတွင် နံနက်စာကို ညနေစောင်းမှ စတင် ချက်ပြုတ် နေရခြင်းဖြစ်သည်။ နံနက်စာမှာ ညနေ ၅ နာရီခွဲ အထိ မကျက်သေး၍ မိသားစု ၈ ဦး ရှိသော ဒေါ်သောင်းစိန်တို့ အိမ်တွင် ကလေးများက ဆာလောင်ကြသောကြောင့် ဆူဆူညံညံ ဖြစ်နေတော့သည်။

“အမေကြီး ဗိုက်ဆာပြီဟ” “သားကို ထမင်းရည် နည်းနည်း တိုက်ဦး”စသည့် အရွယ် မရောက်သေးသော ကလေးငယ်များ၏ မပီကလာ ပီကလာ စကားသံများသည်လည်း စဉ်ဆက်မပြတ် ကြားနေရသည်။

နာဂစ်မုန်တိုင်းတိုက်ခိုက်မှုကြောင့် အသက်ပေါင်းများစွာ စတေးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြသော မြစ်ဝ ကျွန်းပေါ် ဧရာဝတီတိုင်း အတွင်းရှိ မိသားစုများစွာထဲတွင် ဒေါ်သောင်းစိန်တို့ မိသားစုတစုလည်း ပါဝင်သည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မုန်တိုင်းပြင်းထန်သည့် ဧရာဝတီတိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့် အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေ ပျောက်ဆုံးခဲ့ရသည်။ လူ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့် ပျက်စီးခဲ့သည် ဟု စာရင်း ဇယားများအရ သိရသည်။

အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း နာလန် မထူနိုင်သေးသည့် အပြင် စားဝတ်နေရေး ခက်ခဲနေကြဆဲ ဖြစ်သည်။

ထိုသို့ ကြေကွဲစရာအဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရပြီး ခက်ခဲကြမ်းတမ်းစွာ အသက်ရှင်နေထိုင်နေခဲ့ကြသော်လည်း စားဝတ် နေရေးသည် အချိန်ကြာလာသည်နှင့် အမျှ ခက်ခဲမှုများကြောင့် အသက်ရှင်နေထိုင်ရန်ပင် များစွာ ခက်ခဲလာကြောင်း ဒေါ်သောင်းစိန်၏ သားအကြီးဆုံး ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးလှမောင်ကလည်း ပြောပြသည်။

“မုန်တိုင်းကြောင့် ဘ၀ကို ကျန်တဲ့မိသားစုတွေနဲ့ အသစ်ကပြန်စမယ် အားမွေးလာတာ၊ ဒီနေ့အထိ မိသားစုစုံစုံလင်လင် ထမင်း၀၀ စားရတဲ့နေ့ မရှိသေးဘူး၊ အသက်ဆက် ရှင်နေရတာ ဘယ်လိုလာပြီး ကောင်းတော့လိုလဲ”ဟု ဦးလှမောင်က ဆိုသည်။

ဘီတွတ်ကျေးရွာမှ ဒေါ်အေးမော်ကလည်း“တနေကုန် အုတ်သွားသည်တဲ့ လုပ်အားခက ညနေမှရတော့ အခုမှဆန်ဝယ်ပြီး ထမင်း ချက်တာ၊ တနေကုန် ဘာမှမစားဘဲ ဒီအတိုင်းနေ ညနေကျမှ ထမင်းစားနဲ့ မုန်တိုင်းပြီး တနှစ်လောက် ကတည်းက ဒီလိုနေနေကြရ တာ၊ ဆန်ကွဲကို ချက်စားနေတဲ့ လူတွေဆို အများကြီးပဲ”ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လာရောက် အကူအညီ ပေးကြပြီး တနှစ် ၀န်းကျင်အကြာတွင် ယင်းအဖွဲ့အစည်းများ ဧရာဝတီတိုင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြရာ ဒေသခံ ဒုက္ခသည်များ အခက်အခဲ ပိုဖြစ်လာကြရသည်။

“အရင်က ပစ္စည်းတွေဘာတွေ လာဝေတဲ့ အဖွဲ့တွေဘာတွေရှိတော့ ကျနော်တို့ရွာတွေ အဆင်ပြေပြေနေနိုင်ပြီ ထင်ထားတာ၊ ဘယ် အဖွဲ့မှလည်း မရှိ၊ ကိုယ့်အလုပ်တွေ ကိုယ်ပြန်လုပ်ကြတော့လည်း ဘာအလုပ်မှ လုပ်စားလို့မရဘူး၊ ရွာမှာ အလုပ်အကိုင် တော်တော်ကို ရှားပါးကုန်တာ၊ အလုပ်တွေ အဆင်မပြေတော့ ထမင်းငတ်တဲ့ လူများလာတယ်”ဟု ကုက္ကို ကျေးရွာတွင် နေထိုင်သော နှစ်၂၀ ကြာ တံငါသည် လုပ်ကိုင်လာသော ဦးစိုးနိုင်က ပြောသည်။

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဧရာဝတီတိုင်းအတွင်းရှိ ဒေသများမှ လယ်ယာ လုပ်ငန်း၊ ရေလုပ်ငန်းနှင့် ဆားလုပ်ငန်း စသော လုပ်ငန်းကြီးသုံးခုမှာ နှစ်နှစ်ကြာချိန်အထိ အဆင်မပြေမှုကြောင့် ယင်းလုပ်ငန်းကြီးများကို မှီခိုလုပ်ကိုင်ကြသော လုပ်သား များစွာလည်း အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေး အခက်အခဲများ ယနေ့တိုင် ရင်ဆိုင်နေရ ဆဲဖြစ်သည်။

“ကျနော်တို့လည်း အကြွေးတွေနဲ့ လယ်ပြန်လုပ်နေရတာ၊ လယ်ကလည်း ထင်သလောက် မဖြစ်တဲ့အပြင် ကြွက်သောင်းကျန်းလို့ အရှုံးနဲ့ တွေ့နေရတော့ အလုပ်သမားများများ မသုံးနိုင်တော့ဘူး”ဟု ကညင်ကုန်း ကျေးရွာရှိ လယ်ပိုင်ရှင်တဦးက ဆိုသည်။

ထိုသို့ အလုပ်အကိုင်ရှားပါးလာခြင်းကြောင့် နောက်ဆက်တွဲ စားဝတ်နေရေး အခက်အခဲဖြစ်ပွားမှုသည် လက်ရှိတွင် ပိုမိုဆိုးဝါး လာရကြောင်းလည်း ဒေသခံများက ပြောပြသည်။

“အရင်ကဆို အလုပ်အရမ်းပေါတယ်၊ ဘယ်အလုပ်ပဲ ၀င်လုပ်လုပ် ပိုက်ဆံရတယ်၊ အခု ခိုင်းမဲ့လူလည်း မရှိဘူး၊ ရွာမှာ ပိုက်ဆံကို မရှိတော့ စားဖို့ အရမ်း ခက်ခဲနေတယ်”ဟု ပုံကမာ ကျေးရွာတွင် နေထိုင်သော ရေလုပ်သား ဦးခင်မောင်ဝင်း က ပြောသည်။

နာဂစ်မုန်တိုင်းစတင် တိုက်ခတ်စဉ်က ရေလုပ်သားများ ငါး ဖမ်းဆီးရရှိမှု များပြားခဲ့သော်လည်း လက်ရှိတွင် ငါးရရှိမှုလွန်စွာ လျော့ နည်းသည့် အပြင် ငါးဖမ်းဆီးခွင့် ပိတ်ပင်ထားမှုကြောင့် တံငါရွာများတွင် စားဝတ်နေရေးခက်ခဲမှု ဆိုးဝါးနေကြောင်း ဦးခင်မောင်ဝင်း က ငါးဖမ်း ပိုက်ကွန်ကို ဖာထေးရင်း ဆိုသည်။

“တံငါသည်ကို ငါးဖမ်းခွင့်ပိတ်တော့ ပိုက်သိမ်းဗိုက်မှောက် အငတ်ခံရုံပေါ့”ဟု သူက ဒေါသသံဖြင့် မာကြောကြော ပြောသည်။

ဒေသခံ မုန်တိုင်း ဒုက္ခသည် များသည် မှုရင်းအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အဆင်မပြေသည့်အတွက် လုပ်ငန်းပြောင်း လုပ်ကိုင်မှု များပြားလာကြောင်းလည်း သိရသည်။

“လယ်ပိုင်ရှင်တွေ၊ ယာပိုင်ရှင်တွေတောင် ဘောက်သမားဘ၀ရောက်ကုန်တယ်၊ ဒီနေ့ ထမင်းစားပြီးနောက်နေ့ ဆိုတာကို မစဉ်းစား ရဲဘူး၊ နာဂစ်ဒေသ နေသားကျ ပြန်ဖြစ်နေဖို့ နေနေသာသာ ဒုက္ခပိုများလာတယ်”ဟု ဆေးပြင်းလိပ်ကို ခပ်ပြင်းပြင်း ဖွာရိုက်၍ သက်ပြင်းချရင်း ဦးလှမောင်က ပြောသည်။

လက်ရှိ မုန်တိုင်းဒဏ်သင့်ဒေသများတွင် အစိုးရဆီမှ ချေးငွေဖြင့်လယ်ယာ လုပ်ကိုင်သောသူများသည်လည်း လုပ်ငန်းများ အဆင် မပြေမှုကြောင့် အတိုးများ နစ်နေကြသည် သူက ဆိုသည်။

“ထင်သလောက် ဘယ်အလုပ်မှကောင်းကောင်းမဖြစ်တော့ လုပ်နေရင်းက လူတွေလည်း စိတ်ဓာတ်ကျလာတယ်၊ ထမင်းစားဖို့ သက်သက်ကြီး ရှာနေကြတာ၊ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ၊ နောက်ဆို သူခိုးဓားပြတွေတောင် ပေါလာမှာ ဆိုးရတယ်”ဟု ဦးလှမောင်က ပြောဆိုသည်။

အဆိုပါ မုန်တိုင်းဒဏ်သင့်ဒေသသည် မုန်တိုင်းမတိုက်မီကာလများတွင် နေနိုင်စားနိုင်သော အခြေအနေရှိကြောင်း သိရသည်။

“ဆန်ကွဲချက်စားတဲ့ရက်ပေါင်းတွေလဲ မရေတွက်နိုင်တော့ဘူး၊ အလုပ်လိုချင်လို့ နေရာစုံလိုက်တောင်းတာတောင် မရဘူး”ဟု ဦးခင်မောင်ဝင်းက ပေါင်ပေါ်တွင် အိပ်စက်နေသော အရွယ်မရောက်သေးသည့် သားငယ်ကို ငုံ့ကြည့်ပြီး မျက်ရည်များ ကျဆင်းရင်း ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခိုက်မှု တနှစ်ပြည့်ချိန်တွင် ရွာတိုင်းနီးပါးက သေဆုံးသူများအတွက် တစ်နှစ်ပြည့် အလှူအတန်းလေးများ ပြုလုပ် ပေးနိုင်ကြသော်လည်း ယခုနှစ်နှစ်ပြည့်တွင် မိသားစုတစုချင်း၏ စားဝတ်နေရေး ခက်ခဲမှုများကြောင့် သေဆုံးသူများ အတွက် ကောင်းမှုကုသိုလ် မပြုလုပ်ပေးနိုင်ကြောင်း လပွတ္တာ ဒေသခံများက ပြောပြသည်။

နာဂစ်၂ နှစ် ပြည့်ချိန်တွင် ပြန်လည်ထူထောင်ရေးကာလများက တည်ဆောက်ထားသော တန်ဖိုးနည်းအိမ်ရာများ ဟောင်းနွမ်း ယိုင်နဲ့လာသကဲ့သို့ ဧရာဝတီ တိုင်းသားများ၏ ဘ၀သည်လည်း မသေချာမရေရာ ချိနဲ့နေဆဲ ဖြစ်သည်။

“ဒီည ထမင်းစားတာတော့ ဟုတ်ပါပြီ၊ မနက်ဖြန်ရော ထမင်းဘယ်အချိန် ဆက်စားရဦးမလဲနော်”ဟု ဒေါ်သောင်းစိန် က အားငယ် သံဖြင့် ညည်းညူ ပြောဆိုလိုက်ပါသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့