Wednesday, June 16, 2010

အန်ဒီအက်ဖ်ပါတီ မှတ်ပုံတင်ကျပြီ

စိုးမိုး / ၁၅ ဇွန် ၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်) ကို ယမန်နေ့ညက မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်ဖွဲ့စည်းလိုက်သည့် အန်ဒီအက်ဖ် ပါတီက တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

“ပါတီလိုင်းနဲ့ နိုင်ငံရေးလိုင်းလို့ ခွဲထားပါတယ်။ နိုင်ငံရေး ဦးဆောင်ကော်မတီမှာ အန်ကယ်က ခေါင်းဆောင် ယူထားပါတယ်။ ပါတီလိုင်းမှာ ဒေါက်တာသန်းငြိမ်းက ဥက္ကဋ္ဌ တာဝန်ယူသွားမှာ ဖြစ်ပါတယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

လူမှုအခြေပြု လွတ်လပ်ခွင့်ဝါဒကို ပါတီ၏ နိုင်ငံရေးမူဝါဒအဖြစ် ထားရှိပြီး စီးပွားရေးမူဝါဒအဖြစ် အစိုးရပါဝင်သည့် ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“ပြည်သူတွေဟာ နာကျင်မှုတွေ၊ လူမှုရေး နာကျင်မှုတွေ အများကြီးရှိပါတယ်။ လယ်ယာကဏ္ဍကနေ စပြီးတော့ စက်ရုံကဏ္ဍ အထိ ကျနော်တို့ လူမှုရေး နာကျင်မှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ လက်ငုတ်လက်ရင်း ပျောက်သွားတဲ့ ပုဂ္ဂိုလ်တွေ နောက်ပြီးမှ အန္တရာယ် အလွန်များမယ့် သင်ထားတဲ့ တတ်ထားတဲ့ပညာနဲ့ မကိုက်ညီဘဲ လုပ်နေရတဲ့ အလုပ်ခွင်ပျောက်နေတဲ့ ပုဂ္ဂိုလ်တွေကို ဒီလို မားကက် အီကိုနော်မီကသာလျှင် ထိန်းသိမ်းဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်းစဉ်ကို ကျနော်တို့ ချမှတ်ထားပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ပါတီရန်ပုံငွေအဖြစ် ထူထောင်သူ (၂၀) ဦးထံမှ ကျပ်သိန်း (၂၀) ဖြင့် စတင်ထူထောင်ထားပြီး ယခု ပါတီမှတ်ပုံတင် ကျလာပြီးနောက် အလှူငွေများ ပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြသည်။

တနိုင်ငံလုံး မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော်လည်း တိုင်းဒေသများကို ဦးစားပေး ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ပါတီမှတ်ပုံတင် ကျလာသော်လည်း စည်းရုံးရေးကာလအဖြစ် ရွေးကောက်ပွဲကော်မရှင်က တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးသည့်အပြင် နိုင်ငံရေးပါတီများ သဘောထားကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ပါ မရှိသေးသည့်အတွက် စည်းရုံးရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သေးကြောင်း သိရသည်။

“ပြည်နယ်တွေမှာတော့ ပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားတွေက ကျနော်တို့ အန်ဒီအက်ဖ်ကို ပူပေါင်းပြီး ပါဝင်လာမယ့် ပုဂ္ဂိုလ်တွေ ရှိနေပါတယ်။ ရှိနေတဲ့လူတွေကိုတော့ အန်ဒီအက်ဖ်အနေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ ပြည်နယ်တွေကိုတော့ ကျယ်ကျယ်ပြန့်ပြန့် ယှဉ်ပြိုင်ဖို့ အခြေအနေ မပေးသေးပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

အန်ဒီအက်ဖ်ပါတီ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသန်းငြိမ်းက ပါတီရေးရာကိစ္စများဖြစ်သော စည်းရုံးရေး၊ ဖော်ဆောင်ရေး၊ ရွေးကောက်ပွဲကိစ္စ စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဦးဆောင်ကော်မတီမှ ဦးခင်မောင်ဆွေက နိုင်ငံရေး မူဝါဒများ ချမှတ်ခြင်းကို ဦးဆောင်ဦးရွက်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: ခေတ်ပြိုင်

0 comments:

အပေါ်သို့