Sunday, June 13, 2010

မြန်မာ နျူကလီးယား ဖြေရှင်းချက် ခိုင်လုံမှုမရှိ

မအေးသန္တာကျော်
စနေ, 12 ဇွန် 2010

မြန်မာစစ်အစိုးရဟာ သူတို့မှာ နျူကလီးယား အရေး ကြိုးပမ်းချက်တွေ မရှိကြောင်း ငြင်းဆိုတာဟာ သူတို့ရဲ့ လုပ်ရပ်ကို ဖုံးကွယ်မှု သက်သက်ပဲ ဖြစ်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန်သုံးသပ်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယား ဆိုင်ရာ လျှို့ဝှက် ကြိုးပမ်းမှုတွေ အကြောင်း စုံကိုတော့ နိုင်ငံတကာ ရုပ်မြင်သံကြား တခုကနေ ထုတ်လွှင့် ပြသချက်တွေ၊ မြန်မာစစ်တပ် အရာရှိဟောင်းတွေနဲ့ တွေ့ဆုံ မေးမြန်းချက်တွေဟာ သက်သက် ၀ါဒဖြန့် လုပ်ကြံ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ မြန်မာ စစ်အစိုးရဘက်က ကြေညာထုတ်ပြန် ခဲ့ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

စနေနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ - မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်ပိုင်ဆိုင်၍ စစ်အင်အားနိုင်ငံ ဖြစ်လာရန် ရည်ရွယ်ချက် မရှိ - ဆိုတဲ့ မြန်မာအစိုးရရဲ့ ကြေညာချက်ဟာ သူ့ဘက်ကနေ ခိုင်မာတဲ့ သက်သေ အထောက်အထားနဲ့ ငြင်းဆိုခြင်း မဟုတ်ဘဲနဲ့ လူထုကို အာရုံပြောင်းဖို့ ရည်ရွယ်ပြီး ပြောဆိုမှု သက်သက်သာ ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကွန်ယက်အဖွဲ့ရဲ့ သုတေသနမှူး ဦးဌေးအောင် က သုံးသပ်ပါတယ်။

“စစ်အစိုးရက ထုံးစံအတိုင်းပေါ့ဗျာ။ သူတို့ ဒါ မုံလာဥ လုပ်တဲ့ သဘောပါပဲ။ ဒီနေ့ DVB ကနေပြီးတော့ ထုတ်လွှင့်ပြသတဲ့ အချက် အလက်တွေက DVB က မပြခင်ကတည်းက ကျနော်တို့ လေ့လာ တွေ့ရှိရတဲ့အချက် တွေနဲ့ တော်တော်ကြီးကို အနီးစပ်ဆုံး တူနေတာ တွေ့ရတယ်။ DVB က ရတဲ့ အချက်တွေကတော့ တိကျတဲ့ အထောက်အထားတွေ ဖြစ်တာပေါ့။ နေပြည်တော်မှာ တည်ဆောက်နေတဲ့ မြေအောက်လှိုင်ခေါင်းတွေ အပါအ၀င်ပေါ့နော်။ သူတို့ရဲ့ FOC လို့ခေါ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ တည်ဆောက်တာတွေကို မပည လို့ခေါ်တဲ့ မြေပုံညွှန်းနဲ့ တကွ အတိအကျ မြေပုံပေါ်မှာ ပင်အပ်နဲ့ ထောက်ပြီးတော့ ပြနိုင်တဲ့ အဆင့်ထိကို အချက်အလက်တွေ ရထားတာကို ကျနော်တို့ တွေရတာရှိပါတယ်။ အဲဒီတော့ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် စစ်အစိုးရရဲ့ လျှို့ဝှက် ဖုံးကွယ်လုပ်နေတဲ့ အချက်အလက်တွေ အကုန်လုံးဟာ လုံးဝ ပေါ်ပေါက် သွားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကို ပိုပြီးတော့ သက်သေပြတာကတော့ ဗိုလ်မှူး စိုင်းသိန်းဝင်း တို့၊ ဗိုလ်မှူး အောင်လင်းထွဋ်တို့ရဲ့ ပြောကြားချက်တွေက ပိုပြီးတော့ ဒါတွေကို အတည်ပြု ပေးလိုက်တဲ့ သဘောမျိုး သက်ရောက်တာ တွေ့ရတာရှိတယ်လေ။ ဒါကြောင့်မို့လို့ စစ်တပ်ထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော် ကြီးကြီးမားမား ကယက် ရိုက်သွားတဲ့ အတွက်ကြောင့် ကြေညာချက်တွေ ထုတ်ပြီးတော့ သူတို့က သူတို့ တပ်ထဲကို ပြန်ပြီးတော့ လိမ်ညာဖို့၊ ပြည်သူလူထုကို လိမ်ညာဖို့ အဲဒီလို လုပ်တယ်လို့ပဲ ကျနော် ထင်ပါတယ်။”

မြန်မာနိုင်ငံကို အကာအကွယ်ပေးလေ့ရှိတဲ့ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်ကို နျူကလီးယား ဆိုင်ရာ နည်းပညာ သင်တန်းတွေ ပေးနေတဲ့ ရုရှားတို့ဟာလဲ မြန်မာစစ်အစိုးရက နျူကလီးယား လက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားတာကိုတော့ ထောက်ခံမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“ရုရှားတို့လို တရုတ်နိုင်ငံတို့လို နိုင်ငံကြီးတွေ အနေနဲ့ကတော့ မြန်မာစစ်အစိုးရကို သမာရိုးကျ လက်နက်တွေ ရောင်းတာမျိုးတော့ သူတို့ ရှိပါတယ်။ ဒါပေမဲ့လို့ အနုမြူလက်နက်လို အားလုံးကို အန္တရာယ် ဖြစ်စေနိုင်တဲ့ လက်နက် မျိုးကိုတော့ ဒီနိုင်ငံကြီးတွေကလည်း ရောင်းချဖို့ သူတို့မှာ လက်တွန့် နေတာမျိုး၊ ရောင်းချချင်တဲ့ ဆန္ဒ မရှိဘူးလို့ ကျနော် ထင်ပါတယ်။ နောက်တခုကလဲပဲ တရုတ်နိုင်ငံ အနေနဲ့က မြောက်ကိုရီးယားလို နိုင်ငံမျိုး၊ မြန်မာနိုင်ငံလိုပေါ့လေ စစ်အာဏာရှင်တွေ ကြီးစိုးတဲ့ နိုင်ငံမျိုးတွေကို သူတို့က ကိုင်တွယ် ထားခြင်းအားဖြင့် နိုင်ငံတကာနဲ့၊ အထူးသဖြင့် အမေရိကန်နိုင်ငံနဲ့ အလျော့အတင်း လုပ်တဲ့နေရာမှာ သူတို့က ကစားကွက်လုပ်တဲ့ နေရာမှာ ဒါတွေကို အသုံးချနေတယ်လို့ ကျနော် ထင်ပါတယ်။”

မြန်မာစစ်အစိုးရဟာ တကယ်လို့သာ သူတို့ ကြေညာချက်အတိုင်း နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ စစ်အင်အားနိုင်ငံ ဖြစ်လာဖို့ ရည်ရွယ်ချက် မရှိပါဘူးဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို သက်သေ ပြသင့်တယ်လို့လည်း ဦးဌေးအောင်က သုံးသပ်ပါတယ်။

“စစ်အစိုးရ အနေနဲ့ အခုလို နိုင်ငံတကာကနေ ဖော်ထုတ်တွေ့ရှိတဲ့ အချက်အလက်တွေ မမှန်ကန်ဘူးဆိုတာကို လက်တွေ့ သက်သေပြချင်တယ် ဆိုရင် စုံစမ်းစစ်ဆေးရေး အဖွဲ့တွေကို စုံစမ်းစစ်ဆေးခွင့် ပေးသင့်ပါတယ်။ အထူးသဖြင့် အခု နေပြည်တော်နဲ့ အနီး တ၀ိုက်မှာ အခု စစ်အစိုးရ တည်ဆောက်နေတယ် ဆိုတဲ့ မြေအောက် အမိန့်ပေး ဌာနချုပ်တွေ အပါအ၀င်ပေါ့လေ။ သူတို့ မြေအောက်မှာ ဆောက်နေတဲ့ လျှို့ဝှက်လက်နက် စက်ရုံတွေကို သွားရောက်ပြီးတော့ စစ်ဆေးခွင့် ပြုမယ်ဆိုရင် စစ်အစိုးရက အခုလိုတောင်မှပဲ ကြေညာချက်တွေ ထုတ်စရာ မလိုပါဘူး။ အားလုံးက နိုင်ငံတကာကလဲ သံသယရှင်းသွား နိုင်ပါတယ်လို့ ကျနော် ပြောချင်ပါတယ်။”

ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုကွန်ယက် (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင် ပြောသွားတာ ဖြစ်ပါတယ်။ နော်ဝေနိုင်ငံ အခြေစိုက် DVB ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ ကာတာ နိုင်ငံ အခြေစိုက် AlJazeera ရုပ်မြင်သံကြား ဌာနတို့က Myanmar’s Military Ambitions ဆိုတဲ့ မြန်မာ စစ်အစိုးရရဲ့ နျူကလီးယား ဆိုင်ရာ ကြိုးပမ်းမှုတွေ အကြောင်း သတင်းမှတ်တမ်းကို ဇွန်လအစောပိုင်းမှာ နိုင်ငံတကာကို ထုတ်လွှင့်ပြသ သွားခဲ့ပြီးနောက် အခုလို မြန်မာစစ်အစိုးရရဲ့ တုံ့ပြန်ချက် ထွက်လာ ခဲ့တာဖြစ်ပါတယ်။

Ref: VOA News

0 comments:

အပေါ်သို့