Tuesday, July 13, 2010

စာပေဝေဖန်ရေး အဓိပ္ပါယ်များ

ဒဂုန်တာရာ
Monday, 12 July 2010

(၁၉၈၂)၊ အောက်တိုဘာလ၊ ရှုမဝမဂ္ဂဇင်းပါ ဆရာမင်းသုဝဏ်၏ 'စာပေမှတ်တိုင် ကလေးများ' ဆောင်းပါးတွင်
''ထိုနောက်ပိုင်းတွင်ကား ကျွန်တော်၏ အသိ အမြင် အယူအဆနှင့် မကိုက်ညီသော အချက်အလက်များကို အထောက်အထား များနှင့် တိုက်ဆိုင် ညှိနှိုင်းကာ ထင်မြင်ချက် ပေးခဲ့ပါသည်။ (ဝါ) ဝေဖန် ခဲ့ပါသည်။ ကိုဌေးမြိုင်က သူ့ 'မေ' ဝတ္ထုကို ဤကဲ့သို့ ဝေဖန်စေချင် သလား။ ကျွန်တော်မသိပါ။ သူတောင်းသော ထင်မြင်ချက်ကို ရေးပေးခဲ့သလား။ ကျွန်တော် မမှတ်မိပါ။ ရေးပေးခဲ့လျှင်လည်း ဘာတွေကိုများ ဘယ်လို ရေးပေးခဲ့ သလဲ။ ကျွန်တော် မပြောတတ်ပါ။ ကိုဌေးမြိုင်ကကော ဘယ်လို လက်ခံခဲ့သလဲ။ ယခု ရင့်ကျက်သော အခါ ဘယ်လို သဘောပြောင်းသလဲ။ ကိုဌေးမြိုင် ပြောပြမှ သိရပါသည်။ ဤစာပေမှတ်တိုင် ကလေးများကို ကျွန်တော် တစ်ဦးတည်း နိဂုံးချုပ်နိုင်စွမ်း မရှိပါ။ စုပေါင်း ညှိနှိုင်းတိုင်ပင် ၍ ပြေပြေပြစ်ပြစ် ဆောင်ရွက်ကြပါမှ သင့်မြတ်သော နိဂုံးကမ္ပတ် ဖြစ်နိုင်စရာ အကြောင်းရှိပါသည်'' . . . .စသည်ဖြင့် ဖော်ပြထားပါသည်။

ယင်းဆောင်းပါးမှာ လွန်ခဲ့သော အနှစ်လေး ဆယ်ကျော် (၁၉၄၁)၊ သြဂုတ်လ (၂၁)ရက်နေ့စွဲဖြင့် ဆရာ မင်းသုဝဏ်ထံ ကျွန်တော် ရေးလိုက်သောစာကို အခြေပြု၍ ထိုခေတ်က စာပေဝေဖန်ရေး အခြေအနေ အစအန တစ်ရပ်ကို သရုပ်ဖော် ထားခြင်းဟု ဆိုနိုင်ပါသည်။

မင်းသုဝဏ်ထံပေးသောစာတွင် ကျွန်တော်က . . . .''မေ ကိုဖတ်၍ ဆရာ့ထင်မြင်ချက်ကို သိချင်ပါသည်။ ဆရာ့ရဲ့ ထင်မြင်ချက်ကို ရေး၍ နဂါးနီ အယ်ဒီတာထံသို့ ပို့ပေး စေချင်ပါသည်။ ဆရာ့ရဲ့ ယင်း review ကို နဂါးနီတွင် ထည့်သွင်း ပုံနှိပ်ရန် ဖြစ်ပါသည်'' စသည်ဖြင့် ရေးခဲ့ပါသည်။

ဆရာ မင်းသုဝဏ်က '' . . . .ကိုဌေးမြိုင်က မေဝတ္ထုအတွက် ထင်မြင်ချက် တောင်းပါသည်။ အင်္ဂလိပ် လို review ဟု သူခေါ်ပါသည်။ ဝေဖန်စာ criticism ဟု မခေါ်ပါ။ နှစ်ပေါင်း (၄ဝ) ကျော် အတွင်းတွင် criticism ဆိုသော အနောက်တိုင်း စကားလုံး နှင့် လုပ်ငန်းတစ်ရပ်သည် မည်သို့ ပြောင်းလဲရွေ့လျားခဲ့ပုံကို လေ့လာရန် ကိစ္စတစ်ရပ် ဖြစ်နေပါပြီ။ မှန်ပါသည်။ ကျွန်တော် အကြောင်း ဆိုက်သောအခါများ၌ မျက်မှောက်ခေတ် ပေါ်ထွက်လာသော စာအုပ်များ အကြောင်းကို ထင်မြင်ချက် ပေးတတ်ပါသည်'' စသည်ဖြင့် စာပေဝေဖန်ရေး သမိုင်းကြောင်း အစအနကို လင်းပြလိုက်သလို ရှိပါသည်။

( ခ )
ကျွန်တော်သည် ရှုမဝမဂ္ဂဇင်းတွင် (၁၉၈ဝ)အောက်တိုဘာလက စတင်၍ ကျွန်တော် ရေးသားခဲ့သော စကားပြေပိုင်း၊ စာပေဝေဖန်ရေး ကဏ္ဍအကြောင်း စတင် ရေးလာခဲ့သည်။ (၁၉၃၇၊ ၁၉၃၈)ကာလ လောက်ကစ၍ အစ ကောက်ခဲ့ပါသည်။

ဆရာမင်းသုဝဏ်သည် စစ်ကြိုခေတ်ကာလ စာပေလောက၊ စာပေဖန်ရေးသမိုင်း ပင့်ကူအိမ်ထဲမှ အစရှာခြင်း ဖြစ်ရာ ကျွန်တော်သုံးခဲ့သော ''ထင်မြင်ချက်''နှင့် review ဟူသော စကားလုံးကို သွားတွေ့ခြင်း ဖြစ်သည်။ မေဝတ္ထုမှာ နဂါးနီ စာအုပ်တိုက်မှ အထူး ထုတ်ဖြစ်ရာ (၁၉၄၁)သြဂုတ်လတွင် ထွက်သည်။ နဂါးနီ ဂျာနယ် အယ်ဒီတာ ဆရာကိုထွန်းရွှေ (ပန်းဝတ်ရွှေ)က ''မင်းဝတ္ထုနဲ့ပတ်သက်ပြီး ဆရာ့ဆရာတွေ ဆီက ထင်မြင်ချက်တောင်း၊ ဂျာနယ်မှာထည့်ပေးမယ်''ဟု အကြံပေး၍ ဆရာမင်းသုဝဏ် အပြင် ကိုသိန်းဖေ (တက်ဘုန်းကြီး သိန်းဖေ)၊ ဒဂုန်ခင်ခင်လေး၊ ကိုတက်တိုးတို့ ထံမှ တောင်းခြင်းဖြစ်သည်။ ဆရာ ကိုထွန်းရွှေမှာ မေဝတ္ထု အမြန်ထွက်အောင် လုပ်ပေးသူဖြစ်သည်။ နဂါးနီ လစဉ်ထုတ် ဆိုလျှင် စောင့်ရတာကြာမည်။ တစ်နှစ်ကျော်စောင့်ရဦးမည်။ မင်းက စက္ကူဝယ်ပေး။ တို့က ရိုက်ပေးမည်။ အထူးထုတ်အဖြစ် ထုတ်မည်ဟု ဆရာကိုထွန်းရွှေက စီစဉ်ပေး၍ (၁၉၄၁)သြဂုတ်လတွင် ထုတ်ဖြစ်ခြင်းဖြစ်သည်။ လစဉ်ထုတ်သာ စောင့်နေရလျှင် စစ်ကြီးဖြစ် လာသည်နှင့် မေဝတ္ထုထွက်ဖြစ်မည်မဟုတ်ပေ။ ထိုအခါ သူသည် Underground Unit ခေါ် တော်လှန်ရေး လျှို့ဝှက်အဖွဲ့တွင် ဆောင်ရွက်နေသည်။ အဖမ်းခံရပြီး ကလကတ္တား ထောင်သို့ အင်္ဂလိပ် အစိုးရကအပို့ ထောင်ထဲတွင် ကွယ်လွန်ခဲ့သည်။ သူ့ကို စစ်တွေထောင်မှ ကယ်ရန် ဘီအိုင်အေခေါ် မြန်မာ့ လွတ်လပ်ရေး တပ်မတော် တက်လာသော အခါ ဗိုလ်ရန်အောင် ရခိုင်ပြည်သို့ အရောက် သွားသေးသည်။ သို့သော် မမီလိုက်တော့ပေ။ စစ်တွေ ထောင်မှ ကာလကတ္တား ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။ သူသည် ရဲဘော်သုံးကျိပ် ဂျပန် ပြည်သို့ ပို့ရာတွင် အောက်ခြေက လုပ်ဆောင် ပေးခဲ့သည်။

ဆရာမင်းသုဝဏ်ထံမှ ရရှိသော ထင်မြင်ချက် (review ဟူ၍ ခေါ်သလား၊ မခေါ်သလားမှာ အောက်ပါအတိုင်း ဖြစ်သည်။) ' . . . . . ''မေ လှုပ်ရှားသော အမူအရာတိုင်းသည် ကျက်သရေရှိရမည်။ မေပြော လိုက်သော စကားတိုင်းသည် ကဗျာဆန်ရမည်''။ ဤသို့ မေဝတ္ထုစာဆို ဒဂုန်တာရာက မေ့သတ္တိကို တိုတိုနှင့် ရေးထားသည်။ မေလုပ်သမျှ အကြံ၊ မေပြောသမျှ စကားတို့သည် ပုထုဇဉ် ဥမ္မတကောတို့၏ အမှားကိုညွှန်ကာ အမှန်သို့ ပြလျက် ရှိပါသည်ဟူ၍ ဆက်လက် ရေးလျှင် မမှားတန်ရာဟု အောက်မေ့ မိပါသည်။'

ယင်းစကားပိုဒ်တွင် ဝတ္ထုစာဆို၊ မေ့သတ္တိများ မမှားတန်ရာစသော စကားလုံး အသုံးအနှုန်းတို့ကို သတိပြုမိ ပါသည်။ မြန်မာပီသသော စကားလုံးနှင့် ''ဝေဖန်သူ'' သို့မဟုတ် ''ထင်မြင်ချက်'' ရေးသူ၏ ထိုခေတ်က စိတ်ဓာတ်တို့ကို သိရှိနိုင်ပါသည်။ ''မမှားတန်ရာ''ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။ ကျွန်တော်၏ ပေးစာမူရင်းကို ဖော်ပြသည်ကိုပင် ''မင်းများစိတ်ဆိုး မလား''ဟု ဆရာက တောင်းပန်နေပါသည်။ ကျွန်တော့်ကို ထိခိုက်မှာ စိုးနေသည်။ အနှစ် လေးဆယ်ကျော်က အရေးအသား အမူအရာကို ပြန်လည်တွေ့ရှိရ၍ လွမ်းစရာ ကောင်းပါသည်။ ကျွန်တော့်စာကိုဖတ်ပြီး တူမလေး တစ်ယောက်က ''မင်းသုဝဏ်ဆီပေးတဲ့ ဦးလေးစာ ဖတ်ပြီး ရယ်ရသေးတယ်။ ဦးလေးစာထဲမှာ ကျေးဇူးတင်ပါတယ် ဘာညာရေး ထားတာလေ။ ဦးလေးက ကျေးဇူးတင်တယ် ပြောရင် မကြိုက်ဘူး မဟုတ်လား။ နောက်ပြီး Yours Sincerely တွေလည်းရေးလို့''ဟု ပြုံးကာဆိုသည်။ ကျွန်တော်က ''ဟိုတုန်းက ဒီလိုပဲ''ဟု ပြောလိုက်သည်။

ကျွန်တော့်မှာ ဆရာမင်းသုဝဏ်၏ မြန်မာစာအတန်းကို တက်ခဲ့ရသည်။ ဆရာက လက်ထောက် ကထိက ကိုးခန်းပျို့သင်သည်။ အချို့စာလုံးများကို ''ဒါတော့ဆရာ မသိဘူး'' ဟု ရိုးသား ပွင့်လင်းစွာ ပြောသည်။ ဒါကို ကျွန်တော်တို့က ကြိုက်နေသည်။

ဆရာမင်းသုဝဏ်ကိုစတွေ့သည်ကား ဂျူဗလီဟော။ (၁၉၃၉)။ ညတစ်ည။ ဒီဇင်ဘာ လဖြစ်မည်ထင်သည်။ ထိုညက တက္ကသိုလ် ဓမ္မာရုံ ရန်ပုံငွေအတွက် ကပြသော ပဒေသာ ကပွဲည။ တက္ကသိုလ် ဗုဒ္ဓဘာသာ အသင်းမှ ကမကထ ပြုလုပ်ခြင်းဖြစ်သည်။ ထိုနှစ်က ကျွန်တော်သည် တက္ကသိုလ် ဗုဒ္ဓဘာသာအသင်း အမှုဆောင် တစ်ဦးလည်းဖြစ်သည်။ ကျွန်တော် အင်းလျားဆောင် အမျိုးသမီး ယိမ်းအကတွင် စန္ဒရား တီးပေးရသည်။ ထိုညက ဆရာသည် အနောက်တိုင်း ဝတ်စုံနက်ကို ဝတ်ဆင်ထားသည်ကို မှတ်မိနေသည်။ မိတ်ဆက်သောအခါ ကျွန်တော့်ကို လက်ဆွဲနှုတ် ဆက်လိုက်သည်။ ထိုနှစ်ကပင် အင်္ဂလန်မှ ပြန်လာခြင်းဖြစ်သည်။ ထိုအခါက ဘိလပ်ပြန် ဟုခေါ်ကြသည်။ ထိုအကြောင်းကို ကျွန်တော်က ပြန်ပြောပြသော အခါ ဆရာက ''ဟုတ်ရဲ့လား။ ဆရာတော့ မမှတ်မိတော့ဘူး''ဟု ဆိုသည်။ ကျွန်တော်က ''ဆရာက ဘိလပ်ပြန်ကို''ဟု စလိုက်သည်။ ထိုညက အနောက်တိုင်း ညဝတ်စုံ အနက်ကို ဝတ်ထားသော ဆရာ၏ ဘေးတွင် ကျောင်းသူများကို တွေ့ရပါသည်။ ဤကား လွန်ခဲ့သော နှစ်လေးဆယ်ကျော်က မြင်ကွင်း။ ကျွန်တော်က ရွှေမျက်မှန်၊ (၈၈ဝဝ)ပိုး အပေါ်ဖုံး၊ ဘန်ကောက် လုံချည်နှင့်။

( ဂ )
ထိုအခါက ဆရာမင်းသုဝဏ်သည်လည်း ဝေဖန်စာများ ရေးခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သခင်ဋီကာ၊ ကိုသိန်းဖေ(ဦးသိန်းဖေမြင့်)၏ ဆရာလွန်းအတ္ထု ပ္ပတ္တိတို့ကို ဝေဖန်ခဲ့သည်ကို ဖတ်ရသည်။ ဆရာလွန်း အတ္ထုပ္ပတ္ထိကို ဝေဖန်ရာတွင်ကား ကိုသိန်းဖေ၏ ဆရာကြီးအပေါ်မြင်ပုံ၊ ယူဆပုံတို့ကို ထောက်ပြထားသည်။ ဆရာမင်းသုဝဏ်က သူ၏ မေဝတ္ထုအပေါ် ဝေဖန်ချက် နှင့်ပတ်သက်၍ ကျွန်တော့်အား ''ယခု ရင့်ကျက်သော အခါ ဘယ်လို သဘောပြောင်းသလဲ။ ကိုဌေးမြိုင် ပြောပြမှ သိရပါမည်''ဟု ဖော်ပြထားသည်။ ရင့်ကျက်လာသည် မလာသည်ကို ကျွန်တော်မသိပါ။ ကျွန်တော်သိသည်မှာ အရွယ် ရင့်လာသည့် အလျောက် အတွေ့အကြုံ များလာသည် ဆိုခြင်းပင်ဖြစ်သည်။ ကျွန်တော် တို့သည် စာပေ ဝေဖန်ရေး ခေတ်များကို ဖြတ်သန်း လာခဲ့ရသည်။ ထိုအခါ ''ဝေဖန်ရေး'' ဟူသော စကားလုံးပင် အသုံး နည်းလှပါသည်။ အင်္ဂလိပ်ဘာသာဖြင့် Review ဟု အသုံးများပါသည်။ ရန်ကုန်ဂေဇက်၊ ဂန္ထလောကစသော သတင်းစာ၊ မဂ္ဂဇင်းတို့တွင် Review ဟုသာ သုံးကြပါသည်။ ''ဝေဖန်စာ''တို့တွင် ခပ်ပျော့ပျော့ပင် ဖော်ပြလေ့ရှိပါသည်။ ပြင်းပြင်း ထန်ထန် မရေးကြပါ။ စစ်ပြီးခေတ်ရောက်မှ ဝေဖန်ရေးသည် ပို၍တက် ကြွလာသည်။ လှုပ်ရှားလာသည်ဟု ဆိုချင်ပါသည်။ ဆရာမင်းသုဝဏ်နှင့် ကျွန်တော်တို့သည် ပြောင်းလဲ ရွေ့လျားလျက် ရှိသော သမိုင်းများကို ဖြတ်သန်းခဲ့ကြရာ သမိုင်း၏ ရိုက်ခတ်ပုံချင်း မတူကြပါ။ ဆရာမင်းသုဝဏ် အင်္ဂလန်တွင် ပညာတော်သင် အဖြစ် ဘာသာဗေဒ ဆည်းပူးနေစဉ် ကျွန်တော်သည် ဥပစာတန်း ကျောင်းသား အဖြစ် (၁၃ဝဝ) ပြည့် အရေးတော်ပုံကို တွေ့ကြုံ ခံစားလျက် ရှိနေသည်။ စစ်ပြီးခေတ်တွင် ကျွန်တော်သည် စာပေ ဝေဖန်စာများရေး ဖြစ်သည်။ ဆရာ မင်းသုဝဏ် သည် စစ်ပြီးခေတ်တွင် စာပေ ဝေဖန်စာဘက်တွင် စိတ်ဝင်စားမှု နည်းလာသည်ဟု ထင်မိပါသည်။ ယခု စာပေမှတ်တိုင်များကို လွမ်းလာဟန် ရှိပါသည်။ ကျွန်တော်၏ ဆောင်းပါးများမှာ ကျွန်တော်၏ စာပေဝေဖန်ရေး အတွေ့အကြုံကို ဖော်ပြ နေခြင်းဖြစ်သည်။ ယင်းသို့ဖြင့် အမှတ်မထင် သမိုင်းသဘော သက်ဝင်လာရသည်။ တစ်ယောက်အတွေ့အကြုံနှင့် တစ်ယောက် အတွေ့အကြုံ မတူကြပါ။ အနုပညာရေး၊ နိုင်ငံရေး နောက်ခံကားချင်း အတွေ့အကြုံများ စုပေါင်း လိုက်သောအခါ မြင်ကွင်းကျယ် စာပေလောက၏ ပုံကားချပ် ပေါ်လာသည်ဟု ထင်ပါသည်။ ငယ်ငယ်ကတော့ ''စာထဲမှစာ'' (စာအုပ်များဖတ်ပြီး စာအုပ်ထဲမှ ဆောင်းပါးစာကိုးခြင်းမျိုး) ထုတ်ကာ ရေးဖူးပါသည်။ ယခုတော့ အတွေ့အကြုံကိုသာ ဖော်ပြချင်လာသည်။ သမိုင်းကို တွေးခေါ်ချင်လာသည်။

ဒဂုန်တာရာ၊ ၁၁-၁၁-၈၂

Ref: လျှက်တပြက်

0 comments:

အပေါ်သို့