Friday, September 17, 2010

ကျနော်တို့နိုင်ငံမှာ တရားမျှတမှု မရှိဘူး

ဖနိဒါ
ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀

ဦးတူးရော်နှင့် တွေ့ဆုံခြင်း

ချင်းမိုင်(မဇ္စျိမ)။ ။ ကချင်ခေါင်းဆောင် ၁၄ ဦး ကချင်ပြည်နယ်တိုးတက်ရေးပါတီ KSPP တည်ထောင်ခြင်းကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြု၊ တသီးပုဂ္ဂလ ဝင်ပြိုင်မည်ကိုလည်း ပိတ်ပင်လိုက်သည်။ စစ်ဗိုလ်ချုပ်များ တပ်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲ ဝင်နေချိန်တွင် ကချင် ခေါင်းဆောင်များကို အပစ်ခတ် ရပ်စဲထားသော ကချင် လွတ်မြောက်ရေး အဖွဲ့နှင့် ဆက်သွယ်သည်ဟု ကော်မရှင်က နှုတ်ဖြင့် စွပ်စွဲ ပိတ်ပင်ထားသည်။ KSPP အတွင်းရေးမှူး ဦးတူးရော်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည်။

KSPP ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ချမပေးတဲ့အပြင် တသီးပုဂ္ဂ္ဂလ ဝင်ပြိုင်ခွင့်ကိုလည်း ပယ်ချခဲ့တယ် ကြားတယ်။ အဲဒါ ကော်မရှင်က ဘယ်လို အကြောင်းပြချက်ပေးလဲ။

ဘာအကြောင်းပြချက်မှ မပေးဘူး။ ခရိုင်ကော်မရှင်ရုံးကထွက်တဲ့ ရွေးကောက်ပွဲ ဝင်မယ့် စာရင်းမှာ ကျနော်တို့ နာမည် မပါဘူးလေ။

ဘာကြောင့် ပယ်ချခဲ့တယ် ထင်သလဲ။

KIO က နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ လက်မခံလို့ ပယ်ချလိုက်တယ် ထင်တယ်။

ဘယ်လို သက်သေ အထောက်အထားတွေ တွေ့လို့ အဲဒီလို စွပ်စွဲပြောတယ် ထင်လဲ။

သက်သေ အထောက်အထားကတော့ KIA/KIO တွေ နယ်ခြားစောင့်တပ် အသွင် ကူးပြောင်းရေး လက်မခံလို့ဘဲ။ ကျနော်တို့ KIO/KIA မဟုတ်ရင်လည်း ကချင်ဖြစ်နေလို့ ချမပေးတာ နေမှာပေါ့။

ရွေးကောက်ပွဲ ကော်မရှင်ကရော KSPP ပါတီကို လာစုံစမ်းမယ်လို့ ပြောတယ်။ အဲဒါ ဘာကြောင့် မစုံစမ်း သေးတာလဲ။

ကော်မရှင်က လာမစုံစမ်းပါဘူး။ သူတို့အလုပ်နဲ့ဘဲ လာတယ်ထင်တယ်။ ခရိုင်ကော်မရှင်က ကျနော်တို့ကို တွေ့မယ်လို့ ပြောတာက အလုပ်အရ ပြောတာ မဟုတ်ဘူး၊ လူမှုရေးအရ လာမယ်လို့ ပြောတယ်ထင်တယ်။

စစ်အစိုးရ ဝန်ကြီးတွေက လူဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပြိုင်တာ။ အန်ကယ်တို့ ကျတော့ ဘာကြောင့် မရတာလို့ ထင်သလဲ။

ဒါကတော့ KIO တွေ နယ်ခြားစောင့်တပ် လက်မခံလို့ဘဲ ထင်တယ်။

ကချင်ပြည်နယ်မှာ မဲဆန္ဒနယ် ဘယ်နှစ်နေရာရှိလဲ။ ကြံ့ဖွံ့ပါတီက ဘယ်နှစ်နေရာ ဝင်ပြိုင်မလဲ။

ကချင်ပြည်နယ်မှာက မဲဆန္ဒနယ် ၁၈ ခုရှိတော့ ၁၈ နေရာရှိတာပေါ့နော်။ ပြည်သူ့လွှတ်တော် ၁၈ ခုပေါ့၊ အမျိုးသား လွှတ်တော်က ၁၂ ခု၊ ပြည်နယ်လွှတ်တော်က ၃၆ ရှိတယ်။ အဲဒီနေရာ အားလုံးမှာ ကြံ့ဖွံ့တွေ ဝင်ပြိုင်မယ်၊ သူတို့မဝင်တဲ့ နေရာက ဦးခက်ထိန်နန်ရဲ့ ပါတီလေ။ သူတို့က မဟာမိတ် ပါတီတွေ ဆိုတော့ ခွဲပြီး ဝင်ကြတယ်။

UDPKS ပါတီအပေါ် ဘယ်လိုမြင်သလဲ။

အဲဒီပါတီကတော့ ပြည်ခိုင်ဖြိုးပါတီဖြစ်တဲ့အတွက် နာမည်ပြောင်းလိုက်ပေမယ့် ကြံ့ဖွံ့လိုဘဲ ဝင်တာဘဲ။ ဘယ်သူမှ မပေါင်းဘူး ထင်တယ်။ သူတို့က အစိုးရနဲ့ ပေါင်းတယ်ဆိုတော့ ကျနော်တို့ ပေါ်လစီနဲ့ သူတို့ ပေါ်လစီနဲ့ မတူဘူးလေ။ ကျနော်တို့က ကချင်ပြည်နယ် ကိုယ်စားပြု ဝင်ချင်တယ်ဆိုတော့ ဘယ်လောက် ထောက်ခံတယ် ဆိုတာ ကချင်ပြည်သူတွေ မဲထည့်လာတဲ့ အပေါ် မူတည်မှာပေါ့နော်။

ခု ရွေးကောက်ပွဲ မဝင်ရတော့ဘူးဆိုတော့ အန်ကယ်တို့ ရွေးကောက်ပွဲကို သပိတ်မှောက် မလား။

ကျနော်တို့ ရွေးကောက်ပွဲ ဝင်မယ်ဆိုပြီး ကြိုးစားတော့လည်း သူတို့က ခွင့်မပြုဘူး ဆိုတော့ ဒီတခါ မဝင်နိုင် တော့ဘူးပေါ့။ ပါတီကလည်း ခွင့်မပြုတော့ ပါတီဖျက်ဖို့လဲ မလိုဘူး။ အစိုးရက အသိအမှတ် မပြုတဲ့အတွက် ဒီ KSPP ပါတီက ကျနော်တို့ စိတ်ထဲမှာပဲ ရှိတော့မှာပေါ့။

KIO အဖွဲ့နဲ့ ပြန်ပူးပေါင်းမလား။ ပါတီအဖွဲ့ဝင်တွေကရော ဘာဆက်လုပ်မလဲ။

ဒေါက်တာတူးဂျာတို့ကတော့ KIO နဲ့ ပြန်မပေါင်းတော့ဘူးထင်တယ်။ သူက အရင်ကတည်းကနေ အဲဒီ အဖွဲ့ကနေ တရားဝင် နုတ်ထွက် ထားပြီဆိုတော့ ကျနော်တို့ ပါတီကို ဝင်တယ်လေ။

အန်ကယ်တို့ စိတ်ရှည် သည်းခံပြီး ရွေးကောက်ပွဲ ဝင်နိုင်ဖို့ စောင့်ဆိုင်းနေတာ ခု မရတော့ဘူး ဆိုတော့။

ကျနော်တို့ နိုင်ငံမှာ တရားမျှတမှု မရှိဘူးလို့ဘဲ ခံစားရတယ်။ ကျနော်တို့ကို ဖိနှိပ်တာဘဲ။ ကျနော်ကတော့ ဘယ်မှာ မဲထည့်ရမလဲ ဆိုတာ မသိတော့ဘူး။ မထည့်တော့ဘူးပေါ့။ ကျနော်လိုဘဲ ခံစားရတဲ့ လူတွေများမှာပါ။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့