Monday, September 13, 2010

ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်

Monday, September 13, 2010

လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ၀န်ကြီးဌာနပိုင် နေ့စဉ်သတင်းစာများကို ပထမဆုံး ထုတ်ဝေရန် စီစဉ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ရွေးကောက်ပွဲအပြီး ၃ လခန့်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများက နေ့စဉ်သတင်းစာ ထုတ်ဝေသွားမည်ဟု အဆိုပါ ဝန်ကြီးဌာန သတင်းရပ်ကွက်များက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန မြ၀တီ စာပေနှင့် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းက မြ၀တီသတင်းစာ အပါအ၀င် နေ့စဉ်ထုတ် သတင်းစာ ၃ စောင်ခန့်ထုတ်ဝေရန် ရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ ကတည်းက သတင်းထောက် များခေါ်ယူစုဆောင်းပြီးဖြစ်သည်ဟု သတင်းဂျာနယ် အသိုင်းအ၀န်းမှ သိရသည်။

“ထင်ထင်ပေါ်ပေါ်ကြီး ကြေညာပြီးခေါ်တာမျိုးတော့မဟုတ်ဘူး။ တဆင့်စကားနဲ့သိကြတာ။ လက်ရှိဂျာနယ်တွေက သတင်းထောက် တော်တော်များများ သွားလျှောက်ကြပေမယ့် နေပြည်တော်မှာ လုပ်ရမယ်ဆိုတာနဲ့ မလုပ်ဖြစ်ကြဘူး” ဟု မြ၀တီသတင်းစာတိုက် အတွက် သတင်းထောက်သွားရောက် လျှောက်ထားခဲ့ဖူးသူ ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

မြဝတီသတင်းစာတိုက်အတွက် အလုပ်လျှောက်ရာတွင် ရန်ကင်းမြို့နယ် ကျောက်ကုန်း လိပ်စာဖြင့် လျှောက်ရကြောင်း သိရသည်။


“သူတို့က စစ်တပ်က ထုတ်မှာလို့ပြောတယ်။ သတင်းထောက်တွေကိုလည်း တပ်ကြပ်၊ အရာခံဗိုလ် ရာထူးတွေ ပေးပြီး ခန့်မယ်လို့ပြောတယ်။ အရင်ဆုံး မြ၀တီသတင်းစာ နာမည်နဲ့ စထုတ်ပြီးတော့ နောက်ထပ်လည်း သတင်းစာ ၂ စောင်လောက် ထပ်ထုတ်မယ်လို့ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း Home အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင် ထုတ်ဝေမည် ဖြစ်ပြီး အဆိုပါ သတင်းစာတွင် မှုခင်းသတင်းများကို ဦးစားပေးထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ရဲမှူးကြီးတဦးက ပြောသည်။

“၀န်ကြီးလက်မှတ်နဲ့ ကြေညာချက်ထွက်လာတာပါ။ ဘယ်တော့ထွက်မယ်ဆိုတာ သေသေချာချာမသိ သေးပါဘူး။ တို့ဌာနက ထုတ်မယ်ဆိုရင်တော့ မှုခင်းသတင်းတွေပဲ ပါမှာပေါ့” ဟု အဆိုပါ ရဲမှူးကြီးက ဆိုသည်။

ယခုလက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော New Light of Myanmar သတင်းစာ စသည့် သတင်းစာ ၃ စောင်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော်သတင်းစာ၊ မန္တလေးမြို့ အခြေစိုက် ရတနာပုံ သတင်းစာတို့ထုတ်ဝေလျက် ရှိသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (လယ်ဆည်) ၀န်ကြီးဌာနမှ Farmers Daily အမည်ဖြင့် နေ့စဉ်ထုတ်သတင်းစာ တစောင် ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အဆင့်မြင့် အရာရှိတဦးက အတည်ပြုပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ်တဦးဖြစ်သူ လယ်ဆည်ဝန်ကြီး ဦးဌေးဦးက ထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ပြီး လယ်သမား အရေးကိစ္စများကို ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။

“၀န်ကြီး အမိန့်နဲ့ ထုတ်ဖို့စီစဉ်တာပါ။ ရွေးကောက်ပွဲပြီး နောက်သုံးလလောက်တော့ ကြာဦးမယ် ထင်တယ်။ အခု လယ်ဆည်က ထုတ်နေတဲ့ လယ်ယာစီးပွား ဂျာနယ်အယ်ဒီတာ အဖွဲ့ကို အခြေခံထုတ်မှာပါ။ ရုံးခန်းကိုတော့ နေပြည်တော်ကို ပြောင်းပြီး ထုတ်ဖြစ်ဖို့များတယ်”ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီးဌာနတို့က ထုတ်ဝေလျက်ရှိသည့် ကနောင် စက်မှုလက်မှုဂျာနယ်ကိုလည်း အသွင်ပြောင်းလဲကာ နေ့စဉ်ထုတ် စက်မှုလက်မှု သတင်းစာအသွင်ဖြင့် ထုတ်ဝေမည်ဟု ကနောင် ဂျာနယ် အယ်ဒီတာအဖွဲ့နှင့် နီးစပ်သူတဦးက ဆိုသည်။


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသည့် တော်ဝင်ပန်းဂျာနယ်က နေ့စဉ်ထုတ်အဖြစ် ပြောင်းလဲထုတ်ဝေရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေးဟုဆိုသည်။

စာပေစိစစ်ရေးကလည်း ရွေးကောက်ပွဲလွန်ကာလတွင် မီဒီယာများကို ထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ သတင်းစာထုတ်ဝေသည့် ပုံစံများနှင့် မီဒီယာ ထိန်းချုပ်သည့် ပုံစံများကို ၀န်ကြီးဌာနသို့ တင်ပြထားရသည်ဟု စာစစ်မှူးတဦးက ဆိုသည်။

“၀န်ကြီးက တင်ပြပါဆိုလို့ တော်တော်လေ့လာလိုက်ရတယ်။ အင်တာနက်က ဖတ်ရတယ်။ အဲဒီနိုင်ငံတွေက သတင်းစာ လုပ်ငန်းကို သွားလေ့လာဖူးတဲ့ အယ်ဒီတာတွေကိုခေါ်မေးရတယ်။ ပုံစံ ၄ မျိုး တင်လိုက်ရတယ်”ဟု အဆိုပါ စာစစ်မှူးက ပြောသည်။

အထက်ပါ နိုင်ငံများသည် နေ့စဉ်ထုတ် သတင်းစာ အများအပြား ထုတ်ဝေလျက်ရှိသော်လည်း အားလုံးနီးပါးကို အစိုးရနှင့် ၀န်ကြီးဌာနများကသာ ပိုင်ဆိုင်ကြသည်ဟု ပြည်ပ အတွေ့အကြုံရှိ အယ်ဒီတာ တဦးက ဆိုသည်။

“ဗီယက်နမ်လောက်အထိ ဖွင့်ပေးလာမယ် ဆိုရင်တော့ မဆိုးပါဘူး။ သူတို့က ကွန်မြူနစ် အစိုးရ အုပ်ချုပ်တဲ့ တပါတီစနစ်ဆိုပေမယ့် သတင်းစာတွေကို ဗဟိုအစိုးရကို ဝေဖန်တဲ့ကိစ္စကလွဲပြီး တော်တော်များများ ရေးသားခွင့်ပေးတယ်” ဟု ဗီယက်နမ်နိုင်ငံ သတင်းစာ လုပ်ငန်း သွားရောက်လေ့လာခဲ့ဖူးသူ အဆိုပါ အယ်ဒီတာက သုံးသပ်သည်။

လက်ရှိ ထုတ်ဝေလျက်ရှိသော ပုဂ္ဂလိက သတင်းဂျာနယ် အများစုမှာ ရွေးကောက်ပွဲလွန်ကာလတွင် နေ့စဉ်ထုတ် သတင်းစာ များအဖြစ် ပြောင်းလဲထုတ်ဝေခွင့်ရရန် မျှော်မှန်းလျက်ရှိသော်လည်း လက်တွေ့တွင် ၀န်ကြီးဌာနပိုင် နေ့စဉ်ထုတ် သတင်းစာများသာ အရင်ထွက်ရှိ လာဖွယ်ရှိကြောင်း ကြားသိရသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များထဲမှ Myanmar Times ဂျာနယ်၊ ပေါ်ပြူလာ သတင်းဂျာနယ်၊ Weekly Eleven ဂျာနယ်နှင့် Yangon Times ဂျာနယ်တို့မှာ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန် ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ကာယကံရှင် အသီးသီးက ငြင်းဆိုခဲ့ကြသည်။

Ref: ဧရာဝတီ်

0 comments:

အပေါ်သို့