Wednesday, January 5, 2011

လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံး ရှိတယ်

လူထုစိန်ဝင်း

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းမှာ ရေးသားခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

‘ မြန်မာတွေ ဒီမိုကရေစီအတွက် အဆင်သင့်ဖြစ်ရဲ့လား’ နိုင်ငံခြားသား မဟုတ်တဲ့ မြန်မာ လူမျိုး တစ်ယောက်ရဲ့ ပါးစပ်က ဒီလိုမေးခွန်းမျိုး ထွက်လာတာ ကြားရတော့ ပြုံးလိုက်မိတယ်။ ‘ ဒီပုတ် ထဲက ဒီပဲတွေချည့် ပါပဲလား’ လို့လည်း ကောက်ချက် ချလိုက်တယ်။

ပညာရေချိန်နိမ့်သေးလို့
‘မြန်မာတွေ လွတ်လပ်ရေးနဲ့ မတန်သေးဘူး’ လွန်ခဲ့တဲ့နှစ်ပေါင်း ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် တုန်းကလည်း ဒီစကားမျိုးတွေ ပြောခဲ့ ကြဖူးတယ်။ နိုင်ငံခြားသား ကိုလိုနီနယ်ချဲ့ သမားတွေက ပြောခဲ့တာ မဟုတ်ဘူး။ မြန်မာ လူမျိုးတွေ ပါးစပ်က ပြောခဲ့ကြတာ။ နယ်ချဲ့ သမားတွေက လက်သပ် မွေးထားတဲ့ ဘိလပ်ပြန်တွေ၊ မြို့အုပ် ၀န်ထောက်တွေက ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာ လူမျိုးတွေ ပညာရေ နိမ့်ကျနေသေးလို့ ရာနှုန်းပြည့် လွတ်လပ်ရေးနဲ့ မထိုက်တန် သေးဘူး။ ဟုမ္မရူးလို ဘုရင်ခံရဲ့ လက်အောက်ခံ အုပ်ချုပ်ရေးလို စနစ်မျိုးကိုသာ တောင်းသင့်တယ်လို့ ဆိုခဲ့ ကြတယ်။ နယ်ချဲ့ အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို ကိုင်လှုပ်ခဲ့တဲ့ တောင်သူ လယ်သမား သူပုန် ထမှုကြီးကို နယ်ချဲ့ အစိုးရက သောင်းကျန်းသူ ဓားပြတွေလို့ တံဆိပ် တပ်ခဲ့သလို၊ အလို တော်ရိ မြန်မာ အရာရှိတွေ ကလည်း ဘုရင်ရူး ရူးနေသူ တစ်ယောက်ရဲ့ လှုံ့ဆော်မှု နောက်ကို လိုက်ပါ သွားခဲ့ကြတဲ့ ပညာမဲ့ တောသားများရဲ့ သောင်းကျန်းမှုလို့ ခေါ်ခဲ့ကြတယ်။

သေဒဏ်ပေးခဲ့တာ မြန်မာ
ဆရာစံ ခေါင်းဆောင်တဲ့မျိုးချစ် သူပုန်တွေကို ရုံးတင်စစ်ဆေးပြီး သေဒဏ် ပေးခဲ့တာလည်း မြန်မာတွေ ဖြစ်တယ်။ အဲဒီခေတ် ဘိလပ်ပြန် တွေနဲ့ မြို့အုပ် ၀န်ထောက် စတဲ့ ရေပေါ်ဆီ လူတန်းစား အားလုံး လိုလိုက နယ်ချဲ့ အစိုးရ ဆက်လက် အုပ်ချုပ် နေတာကိုပဲ လိုလားကြတယ်။ လွတ်လပ်ရေး ရသွားရင် သူတို့ မျက်စိ ဆံပင်မွှေး စူးနေတဲ့ သခင် ပေါက်စတွေက သူတို့ အထက်က နေပြီး အစိုးရ တက်လုပ် ကြမှာကို နည်းနည်းလေးမှ မရှုဆိတ်နိုင်ကြဘူး။ အဲဒါကြောင့် မျက်နှာဖြူဘုရင်ခံ မင်းကြီးအောက်က ဟုမ္မရူး အဆင့်လောက် ဒိုမီနီယံ အဆင့်လောက်ပဲ တောင်းသင့်တယ်လို့ ပြောခဲ့ကြတာ ဖြစ်တယ်။ မြန်မာတွေ ပညာတတ်အောင် အရင် လုပ်ကြဦးလို့လည်း သြ၀ါဒ ချွေခဲ့ ကြတယ်။

သားမြေးရေပေါ်ဆီတွေ
နယ်ချဲ့ခေတ်လက်ကိုင်တုတ် ရေပေါ်ဆီ လူတန်းစားတွေက လွတ်လပ်ရေးနဲ့ မတန်သေးဘူးလို့ ပြောခဲ့ ကြသလို အခုခေတ် သူတို့ရဲ့ သားမြေး ရေပေါ်ဆီတွေ (အီလစ်)တွေ ကလည်းမြန်မာတွေ ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောဆို နေကြ ပြန်တယ်။ အကြောင်း ပြချက်ကတော့ တစ် သံတည်း အတူ ထွက်ကြတယ် ‘ပညာရေချိန် နိမ့်သေးလို့’ တဲ့။ ပညာတတ်မှပဲ စကားပြောခွင့် ရှိသလို၊ နားကြားခွင့် ရှိသလို ဖြစ်နေတော့တယ်။ အမှန် စင်စစ်တော့ ဒီမိုကရေစီ ဆိုတာ လူတိုင်း လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပေးမှ ရတာမျိုး မဟုတ်ဘူး။ သဘာဝ တရားက လူတိုင်းကို မွေးကတည်းက စဉ်းစားဖို့ ခေါင်းတစ်လုံး၊ စကားပြောဖို့ ပါးစပ်တစ်ပေါက်၊ နားထောင်ဖို့ နားရွက်တစ်စုံ အပြင် အသက်ရှင် နေထိုင် နိုင်ဖို့ အတွက် လိုအပ်သမျှ အားလုံး ဖန်တီး ပေးလိုက်တယ်။ လူဖြူကိုမှ ပါးစပ် ထည့်ပေးထားပြီး လူမည်း၊ လူညို၊ လူဝါတွေကို ပါးစပ် ထည့် မပေးဘူး ဆိုတာမျိုး မရှိဘူး။

ရေပေါ်ဆီတွေလက်ထဲထားချင်လို့
ဒါဖြင့်ရင် ဘယ်လိုလူမျိုးတွေက ဘာကြောင့် ‘ပညာရေချိန်မြင့်မှ ဒီမိုကရေစီနဲ့ ထိုက်တန်တယ်’ လို့ ပြောဆို နေကြတာလဲ။ အဖြေက ရှင်းပါတယ်။ ကျေးပိုင် ကျွန်ပိုင်စနစ်ကျင့် သုံးတဲ့ ရှေးရောမ ခေါမခေတ်က ပေါ်ထွန်းခဲ့တဲ့ ‘ပညာရှင် များကသာ တိုင်းပြည်ကို အုပ်ချုပ်သင့်တယ်’ ဆိုတဲ့ အယူ အဆကို စွဲကိုင် ထားသူတွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီ အယူအဆကို စွဲကိုင်ထားသူ တွေက ပြောကြတာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် စတင် ထူထောင်ခဲ့တဲ့ အဲဒီခေတ် အခါက မိန်းမ တွေနဲ့ ကျွန်တွေဟာ မဲပေးခွင့် မရှိခဲ့ကြဘူး။ ဂုဏ်သရေရှိ သခင် လူတန်းစား ယောက်ျား တွေပဲ မဲပေးခွင့်၊ အုပ်ချုပ်ခွင့် ရှိတယ်။ နယ်ချဲ့ခေတ် ဒေသန္တရ အုပ်ချုပ်ရေး ရွေးကောက်ပွဲတွေ မှာလည်း မြေပိုင်၊ ယာပိုင်၊ အိုး ပိုင်၊ အိမ်ပိုင်နဲ့ အလုပ်အကိုင် ရှိသူတွေ သာ မဲပေးခွင့် ရှိခဲ့တယ်။ အကြောင်း ကတော့ နိုင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေး မပေးလိုဘဲ အုပ်ချုပ်ရေး အာဏာကို ရေ ပေါ်ဆီ လူတန်းစား ကသာ ချုပ်ကိုင် ထားလိုတဲ့ သဘော ဖြစ်တယ်။

ဘ၀ပေးအသိ
ဘယ်ခေတ်က ဘယ်အခါမဆို မြို့တော်ကြီးတွေမှာ နေတဲ့ အုပ်ချုပ်သူ လူတန်စားနဲ့ သူတို့ရဲ့ လက်ဝေခံ ကုန်သည်ပွဲစား လူတန်းစားတွေ ကသာ ချမ်းသာ ကြွယ်ဝ ကြပြီး တောင်သူ လယ်လုပ် ဓားမခုတ်တွေနဲ့ လက်လုပ် လက်စားတွေက ဆင်းရဲကြတယ်။ ဆင်းရဲတော့ ပညာကောင်း ကောင်း မသင်နိုင်ဘူး။ ပညာရေချိန် နိမ့်ကျပေမယ့် မိုးရွာချိန်မှာ မျိုးစေ့ချ စိုက်ပျိုးရမယ်။ ရင့်မှည့် လာချိန်မှာ ရိတ်သိမ်းရမယ်။ မိုးခေါင်ရင် ချောင်းတွေ၊ မြောင်းတွေက ရေတွေကို မြောင်းဖောက် သွယ်ယူပြီး လယ်ကို ရေပေးရမယ် ဆိုတာတွေကို သိကြတယ်။ ဘယ်သူကမှ လာပြီး သင်ပေး စရာမလိုဘူး။ သူတို့ရဲ့ ဘ၀ပေး အသိနဲ့ လုပ်တတ်ကြတာ ဖြစ်တယ်။ ပိုက်ဆံဆိုတာ ပေါ်လာချိန်က စပြီး စားသုံးလို့ ပိုလျှံတဲ့ သီးနှံတွေကို ဈေး မြို့တက်ရောင်းမယ်။ ကိုယ်လိုတဲ့ ပစ္စည်း ပြန်ဝယ် မယ်။ ဒါတွေလည်း ဘ၀ပေး အသိနဲ့ လုပ်တတ် ခဲ့ကြတာပါပဲ။ ဘယ်သူကမှ သင်ပေးစရာ မလိုဘူး။

ပြည်သူ့အစေခံ
နိုင်ငံရေးဆိုတာ ဘာလဲ။ အလွယ်ဆုံး ပြောမယ်ဆိုရင် သတ်မှတ်ထားတဲ့ နယ်နိမိတ် အပိုင်း အခြား တစ်ခု အတွင်းမှာ တည်ရှိ နေတဲ့ တိုင်းပြည် တစ်ပြည်နဲ့ အဲဒီ တိုင်းပြည်အတွင်း မှီတင်းနေ ထိုင်ကြတဲ့ တိုင်းသူ ပြည်သားများရဲ့ အရေးကိစ္စ မှန်သမျှဟာ နိုင်ငံရေး ဖြစ်တယ်။ နိုင်ငံသားအား လုံးရဲ့ အရေးကိစ္စ ဖြစ်တဲ့ အတွက် နိုင်ငံသား အားလုံးနဲ့ ဆိုင်တယ်။ သက်ဦးဆံပိုင် ရှင်ဘုရင် ဖြစ်စေ၊ သမ္မတ အစိုးရမျိုး ဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများ ဆီက ရတဲ့ အခွန် အတုပ်ကို စားရသူတွေ ဖြစ်တာကြောင့် နိုင်ငံသူ နိုင်ငံသားရဲ့ အရေး ကိစ္စ အ၀၀ကို အလေးထား ဆောင်ရွက်ကြရတယ်။ ပဒေသရာဇ် စနစ်မှာ ဘုရင်က အကန်တော့ခံ နေရာမှာ နေပေမယ့်လည်း တိုင်းပြည်ဝန်ကို ထမ်းရသူ ဖြစ်တယ်။ သမ္မတစနစ်၊ ပါလီမန် စနစ် ခေတ်တွေ ရောက်တော့ သမ္မတတို့၊ ၀န်ကြီးတို့ ဆိုတာ တွေကို အကန်တော့ခံ နေရာမှာ မထားတော့ဘူး။ ပြည်သူ လူအများရဲ့ လစာ ရိက္ခာကိုစားပြီး ပြည်သူ့ ၀န်တာကို ထမ်းဆောင် သူများဖြစ်တဲ့ အတွက် ‘Public Servant’ ပြည်သူ့ အစေခံ ဒါမှ မဟုတ် ပြည်သူ့ ၀န်ထမ်းလို့ သတ်မှတ်ကြတယ်။

မြက်စားတဲ့လူမရှိ
ရှင်ဘုရင်ဖြစ်ဖြစ်၊ သမ္မတဖြစ် ဖြစ် ပြည်သူပေးတဲ့ လစာ ရိက္ခာကို စားပြီး ပြည်သူ့ဝန်ကို ထမ်း ကြရ သူတွေချည့် ဖြစ်တယ်။ အဲဒါကြောင့် ဒီမိုကရေစီ ခေတ်မှာ ပြည်သူတွေက အရှင်သခင်တွေ ဖြစ်ပြီး အစိုးရတွေက ပြည်သူ့ အစေခံတွေ ဖြစ်တယ်။ ယဉ်ကျေးတဲ့ စကားနဲ့ ပြောရင် ပြည်သူ့ ၀န်ထမ်းတွေ ဖြစ်တယ်။ တိုင်းသူ ပြည်သား တိုင်းဟာ မြို့နေဖြစ်ဖြစ်၊ တောနေဖြစ်ဖြစ် ပညာ တတ်သူ ဖြစ်ဖြစ်၊ ပညာ မတတ်သူဖြစ်ဖြစ်၊ အားလုံး အခွန်အတုပ် ပေးရသူတွေ ဖြစ်တာကြောင့် လခစား မှန်သမျှရဲ့ အလုပ်ရှင်တွေလို့ ဆိုနိုင်တယ်။ ဒါ့အပြင် လူမှန်ရင် ပညာရေချိန် နိမ့်သည် ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ပူတာကို ပူမှန်းသိတယ်။ အေးတာကိုအေး မှန်းသိတယ်။ ကောင်းတာ ကို ကောင်းမှန်းသိတယ်။ မကောင်းတာကိုလည်း မကောင်းမှန်းသိတယ်။ ပညာမတတ်လို့ မြက်စားတဲ့ လူ မရှိဘူး။

ပိတ်ပင်ခွင့်မရှိ
လူတိုင်းမှာ ခေါင်းရှိလို့ စဉ်းစားတတ်တယ်။ နားရှိလို့ နားထောင်တတ်တယ်။ မျက်စိရှိလို့ ကြည့် တတ်တယ်။ ပါးစပ်ရှိလို့ ပြောတတ်တယ်။ ပညာမတတ်လို့ မစဉ်းစားရဘူး။ မ ကြားရဘူး၊ မ ကြည့်ရဘူး၊ မပြောရဘူးလို့ တားဆီးလို့ မရဘူး။ ဒါဟာ လူတိုင်း အတွက် သဘာဝ တရားက ဖန်တီးပေးထားတဲ့ မွေးရာပါ အခွင့်အရေး ဖြစ်တယ်။ ပညာရေချိန် နိမ့်သေးတဲ့ အတွက် ဒီအခွင့် အရေးတွေနဲ့ မထိုက်တန် သေးဘူးလို့ ဘယ်သူကမှ ပိတ်ပင် တားဆီးပိုင်ခွင့် မရှိဘူး။ ကိုယ့်ဟာ ကိုယ် ပညာရေချိန် မြင့်တယ် ထင်ပြီး လူအများကို ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူးလို့ ပြောနေ သူများဟာ အမှန်တကယ်တော့ သနားစရာ ကောင်းလောက်အောင်ကို အသိ ဥာဏ်ပညာ နိမ့်ကျ နုံချာသူတွေဖြစ်တယ်။ အင်္ဂလိပ် စကားပုံ တစ်ခုရှိတယ်။ (He who kinks, he knows everything knows nothing) ‘သူ့ကိုယ်သူ ဘာမဆိုသိတယ်၊ တတ်တယ်ထင်နေတဲ့ သူဟာ ဘာမှကို မသိမတတ်သူ ဖြစ်တယ်’ ဆိုတာပါပဲ။

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်
မြန်မာလိုတော့ ‘မပြည့်တဲ့အိုး ဘောင်ဘင်ခတ်’ ပေါ့။ သူ့ဟာသူ ဘောင်ဘင် ခတ်တာ ခတ် ချင်တိုင်း ခတ်ပါစေ။ ဘာမှ ပြောစရာ မရှိပါဘူး။ ဘောင်ဘင်ခတ်သူချင်း စုပြီး တတိယအုပ်စု ဖွဲ့ဖွဲ့၊ စတုတ္ထ အုပ်စုဖွဲ့ဖွဲ့ ဖွဲ့ချင်သလောက် ဖွဲ့ပါစေ လူရာ မ၀င်ပါဘူး။ မြန်မာ လူမျိုးတွေကို နှိမ့်ချစော် ကားလုပ်ပြီး ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူး၊ ပညာရေချိန် မြင့်အောင် လုပ်ပါဦးမယ် ဆိုတာမျိုး တွေတော့ မပြောလာနဲ့ ပြည်သူတွေ့ ကြက်ခေါင်းဆိတ် မခံဘူးသာမှတ်။ နှုတ်ခမ်းပဲ့ချင်း မီးမှုတ် နေရုံနဲ့တော့ မီးတောက် လာမှာ မဟုတ်ဘူးဆိုတာ ဘောင်ဘင် ခတ်သူတွေ မသိပေမယ့် ပြည်သူ တွေ သိတယ်။ လူတိုင်းမှာ စဉ်းစားဖို့ ခေါင်းတစ်လုံးစီ ရှိပါတယ်။


Ref: လူထုစိန်ဝင်း

0 comments:

အပေါ်သို့