Wednesday, January 5, 2011

ထူးမခြားနား၊ မီးရေစုံသား

လူထုစိန်ဝင်း

ဒီဆောင်းပါးကို ဆရာ လူထုစိန်ဝင်းက ၂၀၁၀ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းမှာ ရေးသား ခဲ့ပါတယ်။ ဆင်ဆာ (ဖြုတ်) ထိခဲ့တာကြောင့် ဖော်ပြခွင့်မရခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။ ‘ထူးမခြားနား’ ဆိုတဲ့ စာသားကြောင့်ပဲ ဒီဆောင်းပါးက စာဖတ်ပရိသတ်တွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။


‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့ လို့များထွေ၊ ထူးထွေတည့် အံ့ရာ သော်’
မနက် စောစောစီးစီး ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံလေထဲမှာ လွင့်ပျံလာတာကို သဲ့သဲ့ကြား လိုက်ရတဲ့အတွက် အိပ်ရာထဲကနေပြီး နားစွင့် မိလိုက်တယ်။ ရန်ကုန်မြို့လယ်မှာ ‘ထူး မခြားနား’ အသံကြားရတာ ထူးထူးခြားခြား ရှိလှပါလား။ ဘယ်ကလာတဲ့ အသံပါလိမ့်။

မသိုးသင်္ကန်းရက်ပြိုင်ပွဲ
‘ထူးမခြားနား -မီးရေစုံသား’
သဲ့သဲ့ကြားရတဲ့အသံက တဖြည်းဖြည်း ပီပြင်လာတယ်။ ‘ထူးမခြားနား- မီးရေစုံသား၊ ပြောင်းလို့ လို့များထွေ၊ ထူးတွေတည့် အံ့ရာသော်’ မလှမ်းမကမ်း ရောက်လာလို့ အသံကပိုပြီး ကျယ်လာ တယ်။ မနက် စောစောမှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ခညောင်းလိုက်တာ။ ‘ထူးမခြားနား-မီးရေစုံသား’ တဲ့ ခဏနေတော့ သီချင်းသံရပ်သွားပြီး စကားသံ ထွက်လာတယ်။ တန်ဆောင် တိုင် မသိုးသင်္ကန်းရက် ပြိုင်ပွဲအတွက် အလှူတော်ငွေ ထည့်ဝင်နိုင်ကြောင်း နှိုးဆော်နေတာ ဖြစ် တယ်။

မန္တလေးကို သတိရ
တန်ဆောင်တိုင်ပွဲတော် ရောက်ပြန်ပါပေါ့လား။ အချိန်တွေကုန်သွား တာမြန်လိုက်တာ။ သီတင်းကျွတ် ပွဲတော် ပြီးတာတောင် မကြာသေးဘူး။ မနေ့ကလိုပဲ ထင်နေတုန်း တန်ဆောင်တိုင်ပွဲတော် က ရောက်လာပြီ။ မန္တလေးကို သတိရလိုက်တာ။ ရှေးတုန်း က ရန်ကုန် တန်ဆောင်တိုင် ပွဲတော် ဘယ်လောက် စည်တယ် ပြောပြော မန္တလေးလောက်တော့ ပျော်စရာ ကောင်းတယ် မထင်ဘူး။ တန်ဆောင်မုန်း လဆန်းတာနဲ့ ဈေးချိုတော်ထဲမှာ တစ်ရုံပြီး တစ်ရုံ ကထိန်တွေ ခင်းကြတာ နေ့စဉ် ရက်ဆက်ပဲ။ အကျွေး အမွေး ကလည်းစုံ၊ လှူဖွယ်ပဒေသာပင် တွေကလည်းစုံ၊ လူတွေကလည်း စုံတော့ ကြိတ်ကြိတ် တိုးနေတယ်။ နွဲ့နွဲ့စန်းတို့၊ အမာစိန်တို့ ဆိုတာ နေ့ပွဲ ညပွဲ ဆက်နေကြတယ်။ မြို့မ ကတော့ မပါမဖြစ်ပေါ့။

ရွှေတိဂုံတစ်ဆူတည်းသာရှိ
‘ဖြူနီညိုပြာ -ထွေလာတည့် ထူးထူးဆန်း၊ ထူးထူးဆန်း’
ဒီတစ်ခါတော့ ‘ထူးမခြားနား’ ရဲ့ ဒုတိယပိုဒ်ကိုဖွင့်တယ်။ ခဏနေရင် သီချင်းရပ်ပြီး မသိုး သင်္ကန်းရက် ပြိုင်ပွဲ အလှူခံတဲ့ အသံ ထွက်လာလိမ့်ဦးမယ်။ ငယ်စဉ်က မန္တလေးမှာ မသိုးသင်္ကန်း ရက် ပြိုင်ပွဲ မရှိပါဘူး။ ရန်ကုန်မှာ အခြေချ နေရတဲ့ အခါကျတော့ အဖိတ်နေ့ ညဦးပိုင်း ကတည်းက ဖျာတွေ၊ အိပ်ရာခင်းတွေ ခေါင်းအုံးတွေနဲ့ စားဖွယ်ရာ အစုံအလင် ယူပြီး ရင်ပြင်တော်ပေါ် သွားနေ ခဲ့ကြတယ်။ အိမ်သားတွေရော သတင်းယူဖို့ သတင်းထောက်တွေ ဓာတ်ပုံ သတင်းထောက်တွေ ရော လူစုံတက်စုံဆိုတော့ ပျော်စရာ ကောင်းလှတယ်။

စစ်ကိုင်းမှာ ကြိတ်ကြိတ်တိုး
ပျော်စရာကောင်းတယ်ဆိုပေမယ့် မန္တလေးတန်ဆောင်တိုင်ကိုတော့ လွမ်းတုန်းပါပဲ။ ကျောင်း သား ဘ၀ တုန်းက ဆိုရင် မဖြစ် ဖြစ်အောင်ကို ပြန်ပြေးတာ။ အဖိတ်နေ့မနက် မန္တလေးရောက် တာနဲ့ အိမ်ကိုခဏ လေးဝင်ပြီး စစ်ကိုင်းဘက် တန်းပြေး တော့တာပါပဲ။ အဖိတ်နေ့ညက တော့ မန္တလေး တစ်မြို့လုံး စစ်ကိုင်းတောင်ရိုး ရောက်နေတယ် လို့တောင် ပြောရ လောက်အောင် နေရာ တိုင်း ကြိတ်ကြိတ်တိုး ဖြစ်နေတယ်။ ချောင်တိုင်း ချောင်တိုင်းမှာလည်း သူ့အစုနဲ့သူ လူတွေပြည့် နေတယ်။ တစ်နေ့ခင်းလုံး ချက်ကြ ပြုတ်ကြနဲ့ ဆူညံ စည်ကားနေတယ်။ ညနေစာ စားသောက် ပြီးတာနဲ့ အားလုံး ၀တ်ကောင်း စားလှတွေ ၀တ်ပြီး ဘုရားဖူး လှည့်ကြတော့တယ်။ ဆွမ်းဦး ပုည ရှင် ဥမင်သုံးဆယ်၊ ဥမင် ခြောက်ဆယ်စတဲ့ နေရာတွေကတော့ အစည်ကားဆုံးပေါ့။ ညနက်လေ တိုးမပေါက်လေပါပဲ။ မြို့မအဖွဲ့ကလည်း တစ်ညလုံးဘုရား လည်ဖူးရင်းနဲ့ ပရိသတ်ကို ဖျော်ဖြေ ကြတယ်။

မြစ်ထဲမှာ ငှက်စီးပြီး
တချို့ကတော့ မြစ်ထဲမှာငှက်စီး ပြီး စစ်ကိုင်းတောင်အလှကို ခံစားကြတယ်။ နေရာတိုင်းမှာ တေးသံတွေ တစ်ကြော်ကြော်နဲ့ ပျော်မြူး ကြတယ်။ တောင်ပေါ်မှာ လေတဟူးဟူးနဲ့ ခိုက်ခိုက် တုန်ချမ်းလေ သီချင်းတွေပိုပြီး အော်ဟစ်ကြလေမို့ ‘အုံးခြိမ့်ခြိမ့်ညံ’ လို့ ဆိုရမလောက် ဖြစ်နေ တယ်။ ချမ်းပေတုန်ပေမယ့် မောပေပန်းပေမယ့် တစ်ညလုံး ဘယ်သူမှမအိပ်ဘူး။ မြို့မလည်း မအိပ်ဘူး။ ၀မ်းဟာလာရင်လည်း မပူရဘူး။ ဘယ်ချောင် ၀င်စားစား ကြိုက်ရာ ရွေးစားလို့ရတယ်။ စတုဒိသာ အကျွေးအမွေး တွေက နေရာတိုင်းမှာ တစ်ပုံတစ်ပင်။ ချောင်တွေထဲမှာ သာမဟုတ်ဘူး။ လမ်းဘေး တွေမှာလည်း လက်ဖက်သုပ်၊ ဂျင်းသုပ် ဗန်းကြီးတွေနဲ့ ဆီးဖြူသီး ဆားစိမ်နဲ့ ဘာလ ချောင်ကြော် ဇလုံကြီးတွေ နေရာတိုင်းမှာ ချထားကြတယ်။

မေ့မရတဲ့ပွဲတော်ည
ဒီနေ့ထိ စွဲစွဲလန်းလန်း မှတ်မိသေးတဲ့ တန်ဆောင်တိုင် ညတစ်ညရှိ သေးတယ်။ ချောင်လည် ချောင်ပတ် လုပ်ရတာ ခြေညောင်း လာတော့ သူငယ်ချင်း တစ်ယောက်နဲ့ အဖော်တွေ ဆီကခွဲ ထွက်လာပြီး ရှင်ဖြူရှင် လှေဆိပ်က ငှက်တစ်စီး ငှားစီးကြတာ မိုးစင်စင် လင်းသွားခဲ့တယ်။ မြစ်ထဲ ကနေပြီး တောင်တန်းကြီးကို ကြည့်ရတာ သိပ်လှတယ်။ ပွဲတော် ညကိုတော့ တစ်တောင်လုံး ထိန်ထိန် လင်းနေတယ်။ မီးစိမ်း မီးနီ မီးပြာတွေ နေရာတိုင်းမှာ။ အဖိတ်နေ့ ညရဲ့ ပြည့်ပြည့် ၀ိုင်းဝိုင်း လမင်းကြီးကလည်း ထိန်ထိန် သာလို့။ မြစ်ပြင် တစ်ခုလုံး လရောင် ဆမ်းထားတဲ့ အတွက် ရွှန်းလက် တောက်ပနေတယ်။ မီးစိမ်း၊ မီးနီ၊ မီးပြာ ရောင်တွေရေထဲမှာ မီးပြဿဒ်တွေလို ထင်ဟပ် နေတာကြည့်ပြီး တောင်နဲ့ရေပြင် တစ်ဆက် တစ်စပ်တည်းလို့ ထင်မှတ်ရတယ်။ ဆောင်းလေ ကလေး တစ်ချက် သုတ်ဖြူးလိုက်တဲ့ အခါ ရေထဲက မီးပြဿဒ်တွေ လှုပ်ခါသွားတယ်။ လှလိုက်တာ။ လှလိုက်တာ။
‘ထူးမခြားနား- မီးရေစုံသာ၊ ရောင်တောင်ထွေပြား၊ ပြောင်းလို့လို့များထွေ၊ ထူးတွေထည့် အံ့ရာ သော်’

လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး
‘တေဇာရွှင်ရွှင်၊ ပေါ်လွင်တည့် လျှမ်းလျှမ်းဖြိုး၊ လျှမ်းလျှမ်းဖြိုး၊ အာကာကျော်ဟိုး၊ ဘုန်းတန် ခိုးရောင်၊ ဝေေ၀ ရွှန်းပြောင်’ အလှူခံကားက ရှေ့ဆက် ထွက်ခွာ သွားတာကြောင့် တေးသီချင်းသံ လည်း တဖြည်းဖြည်း ဝေးဝေး သွားရာက သဲ့သဲ့လေး ကြားရတယ်။ ခဏကြာတော့ အသံလုံးဝ ပျောက်သွားတယ်။ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ ကျက်သရေ မင်္ဂလာရှိလှတဲ့ တေးသံကို လွမ်းတ သသ ဖြစ်ကျန်ရစ်တယ်။
‘ထူးမခြားနား-မီးရေစုံသား၊ ထူးမခြားနား’ အသံပျောက်သွားပေမယ့် နှုတ်ဖျားမှာ စွဲကျန်ရစ် တယ်။ တစ်မနက်လုံး ‘ထူးမခြားနား၊ ထူးမ ခြားနား’ ဆိုတာပဲ ထပ်ခါတလဲလဲ ရွတ်ဆိုနေမိတယ်။

စိတ်တေလေ
စိတ်ဆိုတာ တော်တော်ထိန်းရ ခက်တယ်။ ဒါကြောင့်လည်း ‘စိတ်တေလေ’ လို့ ကဗျာဖွဲ့သူတွေ က ဖွဲ့ကြတာ နေမှာ။ စစ်ကိုင်း တောင်ရိုးက နေပြီး ရုတ်တရက် ချက်ချင်း ရွှေတိဂုံ မသိုးသင်္ကန်း ရက် ပြိုင်ပွဲကို ရောက်သွားတယ်။ ရက်ကန်းစင်တွေ နေရာမှာ လူတွေ အုံးအုံးကြွက်ကြွက် တိုးဝှေ့ ဆူညံ နေကြတယ်။ ဆိုင်းဝိုင်းက တစ်ချက်တစ်ချက် ဗိန်းမောင်း တီးပေးလိုက်တဲ့ အခါမှာ ရက်ကန်း ခတ်သူတွေပါ ဗိန်းမောင်းသံနဲ့ အညီ ကြိုးကို ဒလကြမ်း ဆွဲဆောင့် နေကြလို့ လက်မောင်း တွေ ပြုတ်ထွက်မလား ထင်ရတယ်။ အဲဒီလို ဗိန်းမောင်းသံ ကြားတဲ့ အခါ ဇရပ်တွေထဲမှာ ၀ိုင်းဖွဲ့ နေသူတွေ၊ လဲလျောင်း နေသူတွေ အမောတကော ပြေးလာ ကြည့်ကြတယ်။ ပြီးဖို့ အတော် လိုသေးတာတွေ့ရင် ကိုယ့်နေရာကိုယ် ပြန်သွား ကြပြန်တယ်။ ဗိန်းမောင်းသံက အရုဏ်ကျင်း ခါနီး လေကျယ်လာလေပဲ။

ရွှေကြာသင်္ကန်းစစ်စစ်
အရုဏ်မတက်ခင် အပြီးရက်ကြရလို့ မသိုးသင်္ကန်းလို့ ခေါ်တာတဲ့။ အခုခေတ်တော့မသိဘူး။ ရှေးကတော့ အစက အဆုံး တကယ်ကို နေ့ချင်းပြီး လုပ်ကြရတာ။ တစ်ခါက သတင်းယူဖို့ သေ သေချာချာ သွားကြည့် ခဲ့ဖူးတယ်။ ဘယ်က ယူလာမှန်း မသိတဲ့ ကြာပန်းတွေ ကားနဲ့ တစ်စီးပြီး တစ်စီး ရောက်လာတယ်။ ကြာပင် ကြာရိုးတွေကို အမျိုးသမီးတွေက အမျှင်အမျှင် ဖြစ်အောင် ဆွဲခွာကြတယ်။ စိတ်ကြ ဖြာကြတယ်။ နောက်တော့ ချားတစ်ပြီး ရစ်ကြ ဆွဲကြတယ်။ ကြာပန်းက ချည်ဖြစ်တဲ့အထိ တစ်နေ့လုံးကို လုပ်ကြရတာ။ ညနေ ၆ နာရီ ထိုးတာနဲ့ စပြီး ရက်ကြရတယ်။ သန်းခေါင်းကျော် အရုဏ်မကျင်းမီ ပြီးကြရတယ်။ ဒါကြောင့် မသိုးသင်္ကန်းလို့ ခေါ်သလို ရွှေကြာ သင်္ကန်း လို့လည်း ခေါ်တာဖြစ်တယ်။

ထူးမခြားနားနဲ့ပူဇော်
ရက်လို့ပြီး ချုပ်လုပ်ပြီးတဲ့ အခါကျတော့ စေတီတော်ကြီးကို လက်ယာရစ် လှည့်ပတ်ပူဇော်ကြ တယ်။’ ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား၊ ပြောင်းလို့လို့ များထွေ၊ ထူးထွေတည့် အံ့ရာသော်’ ဒီအခါကျတော့ ဆိုင်းဝိုင်းကြီးက ဗိန်းမောင်း မတိုက်တော့ဘူး။ ‘ ထူးမခြားနား’ နဲ့ မြတ်စွာဘုရားကို ပူဇော်တယ်။ မနက် အရုဏ်တက်မှာ ‘ထူးမခြားနား’ တေးသံနဲ့ ပူဇော်ပြီး ရွှေကြာ သင်္ကန်း ကပ်ရတာလောက် ကြည်နူးစရာ မရှိဘူး ထင်တယ်။ ရန်ကုန် တန်ဆောင်တိုင်ဟာ အင်မတန် ကျော်ကြားတယ်၊ သင်္ကြန်လည်း သံချပ်သံတွေနဲ့ မြိုင်လှတယ်လို့ ဆိုကြတယ်။ ဒါပေ မယ့် ရွှေတိဂုံ စေတီတော်ရင်ပြင်က တန်ဆောင်တိုင် ညလောက်တော့ ဘယ်ဟာမှ လွမ်းလောက် စရာလို့ မထင်ပါဘူး။

အတိတ်ရဲ့အရိပ်
တကယ်တော့ အတိတ်ရဲ့အရိပ်တွေ ချည်းပါပဲ။ စစ်ကိုင်းတောင် ကထိန်ညတွေကလည်း အရင် လို ပျော်စရာ မကောင်းတော့ ပါဘူးတဲ့။ ရွှေတိဂုံ မသိုး သင်္ကန်းရက် ပြိုင်ပွဲလည်း ရှေးကလို ၀က်ဝက်ကွဲ မစည်ကား တော့ပါဘူး။ ‘ထူးမခြားနား၊ ထူးမခြားနား’ ဆိုတဲ့ တေးသံတောင် အတိတ်ရဲ့ အရိပ် ဖြစ်နေပြီလေ။ မကြားရ တာကြာပါပြီ။ ဒီနေ့မနက်မှ တိုက်တိုက် ဆိုင်ဆိုင် ကြားရတာ။ ဟော ပြောရင်းဆိုရင်း အလှူခံ ကား တစ်ပတ်လှည့်လာ ပြန်ပြီထင်တယ်။

‘ထူးမခြားနား၊ ထူးမခြားနား၊ မီးရေစုံသား’

Ref: လူထုစိန်ဝင်း

0 comments:

အပေါ်သို့