Tuesday, February 15, 2011

ပင်လုံမှ ပင်လုံသို့ … ပင်လုံမှ လွတ်လပ်ရေးသို့

ဂါမဏိ

တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၁

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ ရှေ့ဆောင် မှုနဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဆော်သြ လိုက်တာကို ဒေါ်အောင်ဆန်း စုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အားတက် သရော ထောက်ခံ ပါဝင်ကာ ၂၁ ရာစု ပင်လုံ ညီလာခံလို့ သတ်မှတ် ပေးခဲ့ပါတယ်။

၁၉၄၇ ပင်လုံညီလာခံရဲ့ ပင်မအနှစ်သာရက ဗမာနဲ့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေ အတူတကွ လွတ်လပ်ရေး ယူဖို့နဲ့ ရှမ်း၊ ကချင်၊ ချင်းနယ်မြေ ၃ ခုကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ ပေးဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီအခြေအနေ ကနေ တိုးချဲ့ပြီး နောင်မှာ နယ်မြေ ၃ ခုတင်မက တိုင်းရင်းသားအားလုံးကို ကိုယ်ပိုင်အုပ်ချုပ်ရေး၊ တန်းတူအခွင့်အရေး ပေးဖို့ပါ ဗိုလ်ချုပ်အောင်ဆန်းက ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာဘဲ ပထမပိုင်းဖြစ်တဲ့ အတူတကွ လွတ်လပ်ရေးယူဖို့သာ အကောင်အထည်ပေါ်ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ပေးရေးက ပျက်ပြယ်သွားခဲ့ပါတယ်။

အဓိကပြဿနာက ပင်လုံစာချုပ် သဘောတူညီချက်ဟာ ပင်လုံဥပဒေ (Law) အဆင့်ကို ရောက်မလာ ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲရာမှာ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက်ပိုင်း ကလိမ်ကကျစ် လုပ်သူတချို့ကြောင့် ပင်လုံ သဘောတူစာချုပ်ကနေ အခြေခံဥပဒေအဖြစ် ရောက်မလာခဲ့တာပါ။ ဒါကြောင့်လည်း မြန်မာပြည်မှာ တိုင်းရင်းသား ပြဿနာဟာ ပြည်တွင်းစစ်မီးအထိ ကြီးထွားပေါက်ကွဲခဲ့ရပါတယ်။

ဒါပေမဲ့ အင်မတန် ကြီးကျယ်ထင်ရှားတဲ့ ပင်လုံစာချုပ်ကို လုံးဝလက်လွတ်စပယ် ပယ်ဖျက်ဖို့ မလွယ်တဲ့ အတွက် လွတ်လပ်ရေး ရတဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၈-၆ဝ ခုနှစ်လောက်အထိတော့ ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကို ကိုယ်ပိုင် အုပ်ချုပ်ရေး အပြည့်အဝ မဟုတ်တောင် အတော်ကြီး ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တိုင်းရင်းသား အားလုံးဆိုင်ရာ ဥပဒေ ဖြစ်မလာတဲ့ အတွက် ကျန်တဲ့ တိုင်းရင်းသား အားလုံးကလည်း ပင်လုံအရသာ မခံစားခဲ့ရပါဘူး။ ဒါကြောင့် ၁၉၄၈-၄၉ ခုနှစ်ကစလို့ ပင်လုံစာချုပ်ပါ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ ကင်းလွတ်ခဲ့တဲ့ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပအိုဝ်း တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ထွက်လာခဲ့ပြီး ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားတွေ ကတော့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို အတိုင်းအတာ ကြီးကြီးမားမား ခံစားနေရလို့ သူပုန်မထခဲ့ပါဘူး။

ဒါပေမဲ့ ပင်လုံစာချုပ်-ပင်လုံ စိတ်ဓာတ်ဟာ ပင်လုံဥပဒေအဖြစ် အခိုင်အခန့် မဖြစ်ခဲ့တဲ့အတွက် အာဏာရ လူမျိုးကြီး ဝါဒီတွေဟာ တစတစနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေကို လှိုက်စားဖြိုဖျက် လာနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၅၈ ခုနှစ်မှာ ရှမ်းလက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၁ ခုနှစ်မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၆၄ ခုနှစ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေး ပေါ်လာရုံမက ၁၉၆၁ ခုနှစ်မှာပဲ ဖက်ဒရယ်မူ တောင်းဆိုတဲ့ တောင်ကြီး လူမျိုးပေါင်းစုံကွန်ဖရင့် ကျင်းပရတဲ့ အခြေဆိုက်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ဟာ ပြည်မ၊ ရှမ်းပြည်၊ ကချင်နဲ့ ချင်း တောင်တန်းဒေသတွေရဲ့ အာဏာပိုင်တွေ အကြား သဘောတူ ချုပ်ဆိုတာဖြစ်လို့ ဥပဒေမဖြစ်သေးပေမယ့် အာဏာသက်ရောက်မှု တစုံတရာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတကြိမ် ၂ဝ၁၁ ခုနှစ်မှာလည်း အာဏာသက်ရောက်မှု ရှိဖို့ဆိုရင် အာဏာရှိသူတွေကြားမှာ ဆွေးနွေးသဘောတူညီမှု ချမှတ်ဖို့ လိုပါတယ်။ အာဏာမရှိသူတွေ ဆွေးနွေးသဘောတူ ချမှတ်ရင်တော့ ပင်လုံစာချုပ်အဆင့် မရောက်ဘဲ ဒုတိယမြောက် ဗိုလ်အောင်ကျော်လမ်း ကြေညာချက်သာ ဖြစ်သွားပါလိမ့်မယ်။ (ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ကို NLD နဲ့ UNLD တို့က ၁၉၉ဝ ခုနှစ်မှာ နှစ်ဖက်သဘောတူ ထုတ်ပြန်ခဲ့ဖူးတယ်။) နယ်စပ်မှာ လုပ်ခဲ့တဲ့ မာနယ်ပလော၊ မယ်သရောထနဲ့ သူမွဲကလိုး စာချုပ်တွေလို မှိန်ပျောက်သွားဖို့လည်း များပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်မှာ ပင်လုံနဲ့ ပတ်သက်လို့ ပြောခဲ့ရာမှာ လူထုက နှင်းအပ်တဲ့ အာဏာရထားတဲ့ အစိုးရကပဲ လုပ်နိုင်တဲ့ ညီလာခံလို့ ပြောခဲ့ဖူးပါတယ်။
xxx

၂ဝ ရာစုတုန်းက လုပ်ခဲ့တဲ့ ပင်လုံစာချုပ်ဟာ ၂၁ ရာစုမှာ ပြင်ဆင်ဖို့ လိုနေပြီလား၊ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်လို့ ၂၁ ရာစုနဲ့ ၂ဝ ရာစု ဘာတွေကွာသလဲဆိုတာလည်း ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ပါ အချက်များအနက် အတူတကွ လွတ်လပ်ရေးယူရေးဆိုတဲ့ အချက်ကိုတော့ အတူတကွ အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေးလို့ အခု ၂၁ ရာစုမှာ အစားထိုးပြင်ဆင်ဖို့ လိုတာကလွဲပြီး ဒုတိယပင်မအချက်ဖြစ်တဲ့ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးရေးကတော့ ဘာမှ ပြင်ဆင်စရာ၊ လျှော့ပေါ့စရာ၊ ဖြည့်စွက်စရာတွေမလိုဘဲ စာချုပ်အဆင့်ကနေ အများဆိုင်ရာ ဥပဒေအဆင့် ရောက်ဖို့သာ အဓိက လိုအပ်နေပါတယ်။ ဥပဒေအဆင့် ရောက်ဖို့ ဆိုတာကလည်း အာဏာပြဿနာက သော့ချက်ဖြစ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစု ပင်လုံညီလာခံလုပ်ရင် ၂ဝ ရာစု ပင်လုံစာချုပ်ကို ၂၁ ရာစု ပင်လုံဥပဒေ ဖြစ်အောင်လုပ်ဖို့က အဓိက လုပ်ငန်းတာဝန် ဖြစ်ပါလိမ့်မယ်။

၂ဝ ရာစု ပင်လုံညီလာခံလုပ်ချိန်၊ ပင်လုံစာချုပ် ချုပ်ချိန်ဟာ နယ်ချဲ့စနစ်အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစု ပင်လုံညီလာခံ လုပ်ချိန်ကတော့ အာဏာရှင်စနစ်တွေ အောက်ကနေ တိုင်းပြည်တွေ လွတ်လပ်ရေးရလာတဲ့ ခေတ်ဖြစ်နေပါတယ်။ ဆိုဗီယက်ပြည်ထောင်စု၊ ယူဂိုစလားဗီးယား-ဆားဘီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ အီသီယိုပီးယား၊ အင်ဒိုနီးရှား၊ အီရတ်နဲ့ အခုနောက်ဆုံး ဆူဒန်နိုင်ငံတွေထဲက တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးလာတာဟာ ၂ဝ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၁ ရာစု ပင်လုံလို့ နာမည်ခံထားတဲ့အတွက် ဒီ ၂၁ ရာစု ထူးခြားချက်ကို အသိအမှတ်မပြုလို့ မဖြစ်ပါဘူး။

xxx

၂၁ ရာစုမှာ တိုင်းရင်းသား ပြဿနာဖြေရှင်းရေး လမ်းနှစ်သွယ် ရှိနေပါတယ်။ တခုက (ဆိုဗီယက် ပြည်ထောင်စုထဲက ပြည်နယ်တွေကို သဘောထားကြီးကြီးနဲ့ ခွဲထုတ်ပေးလိုက်တဲ့ ရုရှားလူမျိုးကြီးခေါင်းဆောင်) ဘောရစ်ယဲ့လ်ဆင်လမ်း၊ နောက်တခုက (ယူဂိုစလားဗီးယားနိုင်ငံထဲက ပြည်နယ်တွေ ခွဲမထွက်အောင် ရက်ရက်စက်စက် စစ်ဆင်တိုက်ခိုက်တဲ့ ဆားဘီးယား လူမျိုးကြီးခေါင်းဆောင်) မီလိုဆီဗစ်လမ်း ဖြစ်ပါတယ်။ အမြော်အမြင်ကြီးတဲ့ ဘောရစ်ယဲ့လ်ဆင်လမ်းက အနာအကျင်သက်သာပြီး သွေးမြေမကျ ငြိမ်းချမ်းတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ပထမတခုကတော့ "ခေါင်းမာမိုက်ရိုင်းတဲ့ မဟာလူမျိုးကြီးဝါဒီ မီလိုဆီဗစ်ရဲ့ လမ်းကတော့ မြန်မာပြည်မှာ အရင်ကလည်း ကျင့်သုံးခဲ့ဖူး၊ အခုလည်း ကျင့်သုံးနေတဲ့ သွေးချောင်းစီး သေကြေပျက်စီးတဲ့လမ်း ဖြစ်ပါတယ်။ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖိတ်ခေါ်တဲ့ လမ်းဖြစ်ပါတယ်"။ နှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ မြန်မာပြည် တိုင်းရင်းသားပြဿနာ ဖြေရှင်းရေးအတွက် ဗမာလူမျိုးကြီးထဲက ယဲ့လ်ဆင်လိုလူမျိုး ပေါ်လာဖို့ လိုနေပါပြီ။ မီလိုဆီဗစ်တွေ အလိုမရှိပါ။

ဘောရစ်ယဲ့လ်ဆင်လမ်းကို မရောက်နိုင်သေးခင်မှာ ရှေ့ပြေး သို့မဟုတ် ကြားကာလအဆင့်အဖြစ် အဆင်အပြေဆုံး ဖြေရှင်းနည်း ဖြစ်နိုင်တာကတော့ တရုတ်ပြည်ရဲ့ ဟောင်ကောင်-မကာအိုပုံစံ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါလိမ့်မယ်။ ဟောင်ကောင် အထူးဒေသအုပ်ချုပ်ရေး ဥပဒေအရ ဟောင်ကောင်ဟာ အမည်ခံအားဖြင့် တရုတ်နိုင်ငံလက်အောက် ရောက်တာကလွဲလို့ လက်တွေ့မှာ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့မခြား ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရထားတာဟာ နောင် မြန်မာပြည်ရဲ့ တိုင်းရင်းသား ပြည်နယ်များ လေ့လာအတုယူစရာ ဖြစ်နေပါတယ်။

တရုတ်ပြည်က တိဘက်၊ စင်ကျန်းပြည်နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးတဲ့ ဥပဒေဟောင်းကတော့ တိုင်းရင်းသား အခွင့်အရေးကို ဖိနှိပ်လွန်းလို့ တိဘက်၊ စင်ကျန်း၊ အတွင်းမွန်ဂိုလီးယားတို့မှာ ဆန့်ကျင်အုံကြွမှုတွေ မဖုံးနိုင်မဖိနိုင် ပေါ်နေတာ အားလုံး အသိပါပဲ။ ဒါပေမဲ့ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဥပဒေကတော့ ဟောင်ကောင်သားတွေကို ဖက်ဒရယ်နိုင်ငံ မဟုတ်တဲ့ တရုတ်ပြည်ထဲမှာ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျာမဏီတို့က ဖက်ဒရယ် ပြည်နယ်တွေလောက်နီးနီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ စီးပွားရေး၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ လုံခြုံရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ (နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးကလွဲလို့) အံ့သြလောက်အောင် ပေးထားပါတယ်။ ဟောင်ကောင်မှာ တရုတ်ကွန်မြူနစ် အစိုးရကို လွတ်လွတ်လပ်လပ် ဆန္ဒပြလို့ရပြီး၊ တရုတ်တပြည်လုံးကို ပိတ်ဆို့ထားတဲ့ အင်တာနက်ဆင်ဆာ ကင်းလွတ်နယ်မြေလည်း ဖြစ်ပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ လွတ်လပ်သော အာရှအသံ ရုံးဖွင့်ခွင့် ထပ်ဆင့်လွှင့်စခန်း ထားရှိခွင့် ရထားတဲ့ နယ်မြေ၊ တရုတ်ပြည်မမှာ အလွန်အမင်း ဖိနှိပ်ခံရတဲ့ ဖာလုံဂေါင်း ဘာသာရေးဂိုဏ်း လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဗဟိုအစိုးရ လုံးဝနီးနီး စွက်ဖက်ခွင့် မရှိတဲ့ နယ်မြေဖြစ်ပါတယ်။

ဒါကြောင့်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်၌က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ရေးမျိုးကို စိတ်ဝင်စား လိုလားတဲ့အကြောင်း ပြောနေသလို UWSA ဝ’ တိုင်းရင်းသားတွေကလည်း စိတ်ဝင်စား အားကျနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်ပါတယ်။
xxx

နအဖကတော့ ၂ဝဝ၃ အမျိုးသားညီလာခံမှာ တိုင်းရင်းသား ၁၃ ဖွဲ့က အပျော့ပြောင်းဆုံး အဆိုပြုထားတဲ့ တိုင်းရင်းသား အခွင့်အရေးကိုတောင် လုံးဝလက်မခံခဲ့တာ ဖြစ်တဲ့အတွက် အခုအဆိုပြုထားတဲ့ ၂၁ ရာစုပင်လုံကို ခွဲထွက်ခွင့် ပါသည်ဖြစ်စေ၊ ခွဲထွက်ခွင့် မပါသည်ဖြစ်စေ လက်ခံမှာ မဟုတ်ပါဘူး။ (၂ဝ၁ဝ ရွေးကောက်ပွဲမှာတောင် ကြံ့ဖွတ်မဟုတ်ရင် သူ့ကို ဘယ်လောက်ဖားဖား ခေါ်မသုံးတာကို တွေ့ခဲ့ပြီးပါပြီ။ ကိုယ့်ဘက်က ဘယ်လိုစေတနာထား ပျော့ပြောင်းသည်ဖြစ်စေ နအဖဘက်ကတော့ မလွဲမသွေ ထိပ်တိုက်ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီ ၂၁ ပင်လုံကို အကောင်အထည်ဖော်ရာမှာ မိမိဘက်က လူထုကို စည်းရုံးပြီး၊ အဆင့်မြင့်ကို တက်လှမ်းနိုင်ဖို့ ပြင်ထားသင့်ပါတယ်။ တနည်းအားဖြင့်ပြောရရင် ၂၁ ရာစုပင်လုံနဲ့ ၉ဝ ရွေးကောက်ပွဲရလဒ် ပြဿနာကို အတွေးရှင်း၊ အမြင်ရှင်း လက်တွေ့ရှင်းဖို့ လိုပါတယ်။ အာဏာပြဿနာဟာ အရင်းခံဖြစ်တယ်၊ ထိပ်တန်းဦးစားပေး ဖြစ်တယ်ဆိုတာ မေ့လို့ မဖြစ်ပါ။

ဒီကနေ့ကာလမှာ လက်ငင်းအရေးတကြီး လိုအပ်နေတဲ့ တိုင်းရင်းသားရေး အကျိုးပြုချက်အဖြစ် ၂၁ ရာစုပင်လုံထက် စာရင် "တိုင်းရင်းသား ငြိမ်းအဖွဲ့တွေနဲ့ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတဲ့ "နအဖတပ်တွေ၊ ထိုးစစ်ဆင်မယ့်တပ်တွေ ထိုးစစ်ရပ်စဲ နောက်ပြန်ဆုတ်အောင် တောင်းဆိုဖိအားပေးရေး၊ စစ်အစိုးရရဲ့ နယ်ခြားတပ် ဝါးမျိုရေး၊ ကျွန်ဇာတ်သွင်းရေး စီမံကိန်းကို ဆန့်ကျင်ရပ်တည်နေတဲ့ ဝ’ တိုင်းရင်းသား ခေါင်းဆောင်တွေကို အမေရိကန်နဲ့ အင်တာပိုက ဝရမ်းထုတ်ထားတာ၊ ငြိမ်းအဖွဲ့တွေအပေါ် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးရေး တောင်းဆိုဆော်သြ လှုပ်ရှားတာက တိုင်းရင်းသား ချစ်ကြည်ရေး၊ ညီညွတ်ရေးနဲ့ နားလည်မှုရှိရေးတွေအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့