November 7, 2011
မင်းလွင်
အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ပတ်သက်တဲ့ သတင်းအင်တာဗျူးတွေကို အပတ်စဉ် ထုတ် သတင်းဂျာနယ်တွေမှာ ဖော်ပြခွင့် မရဘူးလို့ သိရပါတယ်။
မကြာခင်ကပင် ဘူးသီးတောင် အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီး (စမ်းချောင်း) နဲ့ ခန္တီး အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ မစုစုနွေးတို့နဲ့ ပတ်သက်တဲ့ သတင်း အင်တာဗျူးတွေကို စာပေစိစစ်ရေးက ခွင့်မပြူဘူးလို့ သိရပါတယ်။
မစုစုနွေး ရဲ့ အင်တာဗျူးဆောင်းပါးကို မန္တလေးအလင်းဂျာနယ်မှာ ဖော်ပြခွင့် မရခဲ့သလို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုကိုကြီးရဲ့ အင်တာဗျူးကို Hot News ဂျာနယ်မှာ ဖော်ပြခွင့်မရခဲ့တာပါ။
Hot News ဂျာနယ်က အယ်ဒီတာ ကိုအံ့ခေါင်မင်းကတော့ ကိုကိုကြီး (စမ်းချောင်း)ရဲ့ အင်တာဗျူးမှာ ထောင်ထဲမှာ နေထိုင်ခဲ့တာတွေနဲ့ ထောင်ထဲမှာ ပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီး နောက်ပိုင်းအခြေအနေ၊ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကိုကိုကြီးရဲ့ အယူအဆတွေလည်း ပါဝင်တယ်လို့ ပြောဆိုပြီး လက်ရှိ စာပေစိစစ်ရေးကို အခုလို သုံးသပ်ပြောဆိုပါတယ်။
“ကျနော့် အမြင်ကတော့ စာပေလွတ်လပ်ခွင့်တွေက အတော်အသင့် ရှိလာပြီလို့ ပြောတယ်လေ။ စာပေစိစစ်ရေးက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဗိုလ်မှူးတင့်ဆွေကိုယ်တိုင်ကလည်း RFAနဲ့ အင်တာဗျူးမှာပြောတယ်လေ။ စာပေစိစစ်ရေးဆိုတာ မရှိသင့်တော့ဘူးလို့ ပြောလာခဲ့တဲ့ နောက်ပိုင်းမှာ ဒီလိုမျိုး နိုင်ငံရေးအရ နိုင်ငံတော်ကပါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့လူတွေပေါ့။ ဒီလိုလူမျိုးတွေ အင်တာဗျူးကို ပေးမထည့်ဘူးဆိုတာတော့ အပြောနဲ့အလုပ်နဲ့ နည်းနည်းလေးများ လိုနေသေးလားလို့ မြင်မိတယ်။”
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကိုကိုကြီး (စမ်းချောင်း) က “ကျနော်တို့က ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကလေ။ ကိုမင်းကိုနိုင်နဲ့ တဖွဲ့တည်းကို၊ အခုလွတ်လာတဲ့အထဲမှာလည်း ကိုမင်းကိုနိုင်နဲ့ အမှုတွဲအားလုံး ၃၇ ယောက်ရှိတယ်။ အဲဒီထဲက အားလုံးအခု ၉ ယောက်ပြန် လွတ်လာတယ်။ အရင်တခေါက်က ၁ ယောက်။ ၁၀ ယောက်လွတ်လာတယ်။ အဲဒီထဲမှာ ကလေးတွေများတယ်။ လူကြီးဆိုတော့ ကျနော်တယောက်တည်းပါတယ်။ အဲဒီအတွက်ကို တမင်ထည့်ခွင့်မပေးတာနဲ့တူတယ်။ သူတို့တခုခု စိုးရိမ်နေပုံရတယ်။ အစိုးရပဲ စိုးရိမ်နေတာလား။ လုံခြုံရေးသတိတွေပဲ လွန်ကဲနေတာလားတော့ မသိဘူး” လို့ ပြောပါတယ်။
မြန်မာနိုင်ငံစာ ပေနှင့်စာနယ်ဇင်းအဖွဲ့က အတွင်းရေးမှုးနဲ့ အပတ်စဉ်ထုတ် ရန်ကုန်တိုင်းဂျာနယ်က အယ်ဒီတာချုပ် ဦးကိုကို (စက်မှု တက္ကသိုလ်)ကတော့ စာပေစိစစ်ရေးမူနဲ့ ငြိစွန်းတဲ့အတွက် စာပေစိစစ်ရးကနေ ခွင့်မပြုတာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ကျနော်တို့ ထင်တာက မရဘူးဆိုတာက သူတို့ပြောဆိုတဲ့အပိုင်းတွေမှာ စာပေစိစစ်ရေးက မူဝါဒနဲ့ ငြိစွန်းတာတွေ များနေတယ်ထင်လို့ ချန်ခဲ့တယ်လို့ထင်တယ်။ ပြည်ပကလူတွေနဲ့လည်းရတယ်။ သို့သော် အဆိုးအကောင်းလေးတွေ ရောထွေးပြီးပြောတာလေးတွေရှိတယ်။ အရင်တုန်းကတော့ အကောင်းကြီးပဲ ရွေးပြောတယ်။ အကောင်းတွေပြောတာပဲ အရင်က သုံးလို့ရတယ်။ အခုတော့ အဆိုးအကောင်း ရောပြောတာတွေ လက်ခံတယ်။ အဆိုးကြီးပဲပြောတာကို လက်မခံသေးဘူး။ ကျနော်သိသလောက်ပေါ့၊ ဘယ်အဖွဲ့မို့လုပ်တယ်လို့တော့ စိတ်ထဲ မှာတော့ ကျနော်မထင်ပါဘူး။ အမေးအဖြေမှာပါတဲ့ အကြောင်းအရာတွေကို စာပေစိစစ်ရေးက လက်မခံနိုင်တဲ့ အကြောင်းအရာတွေဖြစ်လို့ မပေးဘူးလို့ပဲ ထင်တယ်။”
Ref: ဒီဗွီဘီ
Tuesday, November 8, 2011
နိုင်ငံရေးအကျဉ်းသားဟောင်းအချို့၏ သတင်းအင်တာဗျူး ဖော်ပြခွင့်မရ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment