7, 2011 by ခင်မင်းဇော်
ကချင်၊ ကရင်နဲ့ ရှမ်းဒေသတွေမှာ ဆက်တိုက်ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေနဲ့အတူ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်နေဆဲဖြစ်ကြောင်း ဖော်ထုတ်တင်ပြထားတဲ့ ဗွီဒီယိုမှတ်တမ်းခွေကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဒီကနေ့ ထုတ်ဝေဖြန့်ချိလိုက်ပါတယ်။
အမျိုးသမီး များအဖွဲ့ချုပ် မြန်မာနိုင်ငံက “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ” လို့ အမည်ပေးထားတဲ့ ဒီမှတ်တမ်းခွေကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင်းရှိ အိုင်စီခန်းမမှာ မိတ်ဆက်ဖြန့်ချိပွဲ ပြုလုပ်ခဲ့တာပါ။
ဒီမှတ်တမ်းဗွီဒီယိုခွေမှာ ပိုမိုခိုင်မာတဲ့ သက်သေအထောက်အထားတွေကို ထည့်သွင်းထားပါတယ်။
အဓမ္မပြုကျင့် ခံရသူ အမျိုးသမီးတွေကိုယ်တိုင် ဖြေကြားထားချက်နဲ့အတူ အမျိုးသမီးအဖွဲ့အစည်းတွေအပါအဝင် လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံမေးမြန်းထားချက်တွေလည်း ပါဝင်ပါတယ်။
အခွေထုတ်ရတဲ့ အကြောင်းရင်းကို ကချင်အမျိုးသမီးများအစည်းအရုံး ထိုင်းနိုင်ငံက ဂျန်မွန်းနေလီက ခုလို ပြောပါတယ်။
“ကျမတို့ ကချင်ဒေသမှာဆိုရင် အစိုးရစစ်တပ်ကနေပြီး ကေအိုင်အေစစ်တပ်ကို စပြီးထိုးစစ်ဆင်ခဲ့တယ်။ ထိုးစစ်ဆင်လာတဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ကိစ္စတွေ၊ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာတွေက ပြီးခဲ့တဲ့ဟာတွေထက် ပိုပြီးတော့ များများဖြစ်လာ တယ်။ မရပ်တန့်သွားဘဲနဲ့ ပိုဖြစ်လာတာကို တွေ့ရှိရတော့ စိတ်မကောင်းဖြစ်တဲ့အတွက် အားလုံးရဲ့ အသံကိုထုတ်ဖော်ဖို့အတွက် လုပ်ရတဲ့အချိန်အခါဖြစ်လာတယ်။”
မြန်မာစစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အုပ်စုကို သူတို့ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ တရားစွဲဆိုနိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးဖို့ အဓိကတောင်းဆိုချင်တဲ့အတွက် ဒီအခွေကို ထုတ်ဝေခဲ့တာပါလို့ WLB သတင်းထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီကို တိုင်ကြားဖို့ အစီအစဉ်မရှိသေးဘူးလို့ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းက နန်းဆိုင်နောင့်က ပြောပြပါတယ်။
“လူ့အခွင့်အ ရေးချိုးဖောက်မှုတွေ မုဒိမ်းကျင့်ခံရမှုတွေကို ရပ်တန်းက ရပ်ရင်တော့ ကောင်းပါတယ်။ တကယ့်ပြဿနာက အခုချိန်ထိ လက်ရှိအချိန်ထိကို အမျိုးသမီးတွေက စစ်တပ်ရဲ့ မုဒိမ်းကျင့်မှုကို ခံနေရတယ်။ တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ဆက်ရှိနေသေးတာက တကယ့်ပြဿနာပါပဲ။”
မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီမှာ တိုင်ကြားဖို့ဆိုတာ လက်တွေ့မှာတော့ မလွယ်ဘူးဆိုတဲ့အကြောင်းကိုလဲ ဂျန်မွန်းနေလီက ခုလို ဆက်လက်ပြောပြပါတယ်။
“သေသေချာချာ လေ့လာမယ်ဆိုရင် လူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေက တော်တော်လေးနည်းနေသေးတယ်။ လူ့အခွင့်အရေးကော်မရှင် စဖွဲ့တဲ့နောက်ပိုင်းမှာ ဒီကော်မရှင်မှာ ဒီလိုမျိုးတင်လို့ရတယ်ဆိုတာကို လူ့အခွင့်အရေး ချိုးဖောက်မှု ပိုများလာတဲ့ ကျမတို့ တိုင်းရင်းသားဒေသတွေမှာ ဒီသတင်းတွေရောက်ဖို့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်ရဲ့အခြေအနေက သတင်းမီဒီယာတွေ လက်လှမ်းမီဖို့ တော်တော်လေးခက်ခဲပါတယ်။”
သမ္မတဦးသိန်း စိန်က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကျူးလွန်ခဲ့သူတွေ၊ စစ်တပ်က ပြည်သူတွေအပေါ် မတရားမှုတွေ ကျူးလွန်ခဲ့မှုတွေကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားနိုင်တဲ့အကြောင်း တရားဝင်ကြေညာထားချိန်မှာပဲ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံက ခုလို မှတ်တမ်းဗွီဒီယို ထုတ်ပြန်ပြီး ကုလသမဂ္ဂကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
Ref: http://burmese.dvb.no/archives/17484
Tuesday, November 8, 2011
“အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပါ” ဗွီဒီယိုမှတ်တမ်းခွေ ဖြန့်ချိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment