Monday, January 23, 2012

၈၈ ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက် ရွှေညဝါဆရာတော် ကြိုဆို

2012-01-22

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ သဘောထားထုတ်ပြန်ချက်အပေါ် ကြည့်မြင်တိုင် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော်နဲ့တကွ သံဃာတော်တွေက ကြေညာချက်တစောင် ထုတ်ပြန်ပြီး ချီးမွမ်းကြိုဆိုလိုက်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေ မနေ့က ထုတ်ပြန်တဲ့ အချက် ၉ ချက်ပါ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ထားပြီး မေတ္တာတရား အခြေခံကာ လူသားကောင်းကျိုး လုပ်ဆောင်ဖို့ ရည်ရွယ်တဲ့အတွက် တရားတော်နဲ့ ကိုက်ညီတယ်လို့ ဆရာတော်ရဲ့ ကြေညာချက်မှာ အစချီ ဖော်ပြထားပါတယ်။


ဒီ ကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဆရာတော်ကြီးက အခုလို မိန့်ကြားပါတယ်။

“သံဃာတော်တွေရော၊ လူပုဂ္ဂိုလ်တွေရော ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာပြီးတော့ ညီညီညွတ်ညွတ် ညှိနှိုင်းဆောင်ရွက်၊ လူသား ကောင်းကျိုး အကျိုးစီးပွားတွေကို ရှေ့ရှုပြီး အားထုတ်ကြပါလို့ ပြောလိုတဲ့ အဓိပ္ပါယ်ပဲလေ”

ရွှေညဝါဆရာတော်ကြီးဟာ သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း တစ်လအတွင်း သီတင်းသုံး နေထိုင်ရာ ကျောင်း တိုက်ကနေ ထွက်ခွာပေးမယ်လို့ သိရပါတယ်။

ဆရာတော်ကြီးဟာ ပရိယတ္တိ သာသနာမှာ ခက်ခဲနက်နဲလှတဲ့ အဘိဓမ္မာ စာဝါတွေကို သင်ကြားပို့ချရာမှာ အထူးကောင်းမွန် တဲ့ အတွက် “ရွှေညဝါ” လို့ ထင်ရှားခဲ့ပြီး ဆရာတော်ရဲ့ စာဝါတွေဟာ စာသင်သားများ အားကိုးအားထားရာ စာဝါတွေ ဖြစ်ပါတယ်။ ခုလို ကျောင်းကနေ ထွက်ခွာပေးရတဲ့အတွက် စာဝါ ပို့ချဖို့ အခက်အခဲတွေ ဖြစ်ပေါ်ရတာဟာ လောလောဆယ် စိတ်မချမ်းမြှေ့ ဆုံးကိစ္စ ဖြစ်တယ်လို့လည်း ဆရာတော်ကြီးက RFA ကို မိန့်ကြားခဲ့ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့