February 13, 2012
နော်နိုရင်း
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ မှာ ကျရောက်တဲ့ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ၉၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် မြန်မာနိုင်ငံတွင်းက နယ်မြို့တွေမှာလည်း လွတ်လပ်စွာ ကျင်းပကြပါတယ်။
ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ကို ကလေးများနေ့အဖြစ် သတ်မှတ်ပြီး ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပရာ ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တွေက တမြို့နယ် ကလေး ၅ ယောက် ဖိတ်ခေါ်ပြီး ပန်းချီနဲ့ ကဗျာပြိုင်ပွဲတွေ ပြုလုပ်ပေးတယ်လို့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
“ဒေါ် အောင်ဆန်းစုကြည်ရော၊ ဦးဝင်းတင်ရော၊ ဦးတင်ဦးရော ကလေးတွေကို လာအားပေးနေပါတယ်။ ကလေးတွေက တမြို့နယ်ကို ၅ယောက် ဆိုတော့ မြို့နယ် ၄၀ လောက်တော့ ရှိတယ်။ ကလေး ၂၀၀ တော့ မကျော်ဘူး။ ၁၀၀ ကျော်တော့ ရှိတယ်။ ဆုအနေနဲ့က စာအုပ်၊ ဘော(လ်)ပင်၊ ရောင်စုံခဲတံ၊ အဝတ်အစားလေးတွေလည်း ပါတယ်။ ဆုကတော့ ပထမ၊ ဒုတိယနဲ တတိယလည်း ပေးမယ်။ ဝင်ရောက် ပြိုင်တဲ့သူ အားလုံးကိုလည်း မရမနေ အကုန်ပေးမယ်။”
မန္တလေးမြို့ အဖွဲ့ချုပ်က မဟာအောင်မြေရုံးမှာတော့ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မနက်ပိုင်းက သံဃာအပါး ၂၀၀ လောက်ကို ဆွမ်းလောင်းလှူခဲ့ပြီး ၄၁ လမ်းမှာ ကော်ဖီ၊ စတုဒီသာနဲ့ မြီးရှည်ခေါက်ဆွဲကို အခမဲ့ ကျွေးမွေးခဲ့တယ်လို့ မန္တလေးတိုင်း ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပါတယ်။
“လာသမျှ လူတွေကို စတုဒီသာကျွေးပါတယ်။ အခုက လူထုက ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် နိုင်ငံရေး နိုးကြားမှု ပိုရှိလာတယ်၊ အသိ စိတ်ဓာတ် ရှိလာတယ်။ ဘာလို့လည်း ဆိုတော့ အဖွဲ့ချုပ်က လုပ်တဲ့ ဈေးရောင်းပွဲပဲ ဖြစ်ဖြစ်၊ အထိမ်းအမှတ်ပွဲပဲ ဖြစ်ဖြစ် ခါတိုင်းဆို အဖွဲ့ချုပ်ကလူတွေလောက်ပဲ တတ်ရဲတဲ့လူလောက်ပဲ လာတယ်။ အခုကတော့ အဖွဲ့ချုပ်အဖွဲ့ဝင်သစ်တွေလည်း လာတတ်သလို စိတ်ဝင်စားတဲ့ ပြည်သူလူထုကလည်း လာအားပေးတာ တွေ့ရတဲ့အတွက် မနှစ်ကထက်စာရင် အများကြီး တိုးတက်မှု ရှိတယ်လို့ ပြောလို့ရတယ်။”
ရှမ်းပြည်နယ် အောင်ပန်းမြို့ အောင်ပန်းစာကြည့်တိုက်မှာလည်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ကျောင်းသူကျောင်းသားတွေကို ပဟေဠိ ပြိုင်ပွဲတွေ ပြုလုပ်ပေးသလို အစားသောက်နဲ့ ကျွေးမွေးဧည့်ခံခဲ့တယ်လို့ အောင်ပန်းစာကြည့်တိုက် တာဝန်ခံ ကိုဘိုက ပြောပါတယ်။
“အောင်ပန်း စာကြည့်တိုက်အနေနဲ့ ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ်မွေးနေ့ကို နှစ်ပိုင်းခွဲလုပ်တယ်။ ၁၁ ရက် ၁၂ ရက် နေ့တွေတုန်းကတော့ အလယ်တန်းအဆင့် ကျောင်း ၅ကျောင်းကို ဖိတ်ကြားပြီး ပဟေဠိပြိုင်ပွဲလေးတွေ လုပ်တယ်။ ပြိုင်ပွဲပြီးတော့ ဆုပေးပွဲလေး လုပ်ပါတယ်။ ရိုးရာလွယ်အိတ်လေး ထိုးပြီးတော့ တို့ဗိုလ်ချုပ်ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ဆေးရိုက်ပြီး ရေးပေးတယ်။ အောင်ပန်းစာကြည့်တိုက် ဆိုပြီးလည်း ပါပါတယ်။ ဒီနေ့ကျတော့ ဗိုလ်ချုပ်မွေးနေ့ကို မူလတန်းအဆင့်ကလေးတွေကို ကျနော်တို့ တတ်နိုင်သလောက် လူ ၂၀၀ စာ ကြက်သားဆန်ပြုတ်တိုက်ပြီးတော့ ကျောင်းတွေမှာ လိုက်ကျွေးမွေးပါတယ်။”
ရှမ်းပြည်နယ် အောင်ပန်းမြို့မှာ ဗိုလ်ချုပ်မွေးနေ့ ကျင်းပတာ ပထမဆုံးအကြိမ်ဖြစ်ပြီး လွတ်လပ်စွာ ကျင်းပခွင့်ရတယ်လို့ ပွဲစီစဉ် ကျင်းပသူတွေက ပြောပါတယ်။
အရင်နှစ်တွေက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို ကျင်းပတဲ့အခါမှာ အာဏာပိုင်တွေရဲ့ နှောင့်ယှက်ဟန့်တားမှုတွေ ရှိခဲ့ဖူးပေမယ့် ဒီနှစ် အနှောင့်အယှက်ပေးတဲ့ သတင်းတွေ မကြားသိရသလို ကျောင်းသားလူငယ်တွေ ပိုမို ပူးပေါင်းပါဝင်လာတယ်လို့ ကျင်းပသူတွေက ပြော ပါတယ်။
Ref: ဒီဗွီဘီ
Tuesday, February 14, 2012
ဗိုလ်ချုပ်မွေးနေ့ လွတ်လပ်စွာ ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment